အကယ်၍ သစ်ပင်တွေသာ စကားပြောတတ်လျင်၊ သစ်ပင်တွေသာ လှုပ်ရှားနိုင်မည် ဆိုလျင် ကျွန်ုပ်တို့ သစ်ပင်တွေကို ရက်ရက် စက်စက် ခုတ်လှဲတဲ့ အခါ၊ အမြစ်ကနေ အရှင်လတ်လတ် နှုတ်ယူတဲ့ အခါ သားသတ်ရုံက တိရစ္ဆာန်တွေလို လူးလွန့်ရုံးကန်နေမည်လား၊ ဒါမှမဟုတ် အော်ဟစ်ငြီးတွား နေလေမည်လား….။
တခါတလေ စဉ်းစားမိသည်။ ကျွန်ုပ်တို့ လူသားတွေပဲ ရက်စက်လွန်းနေလား၊ လောဘဇောပဲ မသတ်နိုင်တော့ လေသလား၊ ဒါမှမဟုတ် မစဉ်းစားနိုင် မတွေးခေါ်နိုင်ပဲ ဖြစ်နေကြသည်လား။ သူတို့မှာရော ကိုယ်ပိုင် အခွင့်အရေး မရှိသင့်ဘူးလား။ တရားမျှတကြပါ၊ လူတစ်ယောက်ရဲ့ အခွင့်အရေးကို လေးစားကြပါ၊ ဘာဖြစ်ကြပါ၊ ညာဖြစ်ကြပါ အော်နေကြတဲ့ လူတိုင်းကရော ဘာလို့ သစ်ပင်တွေရဲ့ အခွင့်အရေးကို မတောင်းဆိုပေးကြတာလဲ။
သစ်တောသမားတစ်ယောက်အနေနဲ့၊ အထူးသဖြင့် သစ်တောတွေကို စီးပွားရေးအကျိုးအမြတ်ရအောင် စီမံအုပ်ချုပ်ဖို့ စဉ်းစားတွေးခေါ်နေရသူ တစ်ယောက်အနေဖြင့် တခါတခါ အဲသလို ရူးကြောင်ကြောင် အတွေးအခေါ်တွေ ၀င်ဝင် လာတာ အတော် ဂွကျလှသည်။ ကိုယ့်ကိုယ်ကိုယ်လည်း စိတ်မလုံ။ အပြစ်ကြီးတစ်ခု ကျူးလွန်နေသလိုလည်း ခံစားမိသည်။ ဖြစ်လာမှတော့လည်း လက်တွေ့ ဘာမှ မတတ်နိုင်။ စိတ်ထဲက တွေးနေရုံသာ တတ်နိုင်တော့သည်။
တကယ်တော့ သစ်ပင်ဆိုတာ သက်ရှိတစ်ခု ပင်ဖြစ်သည်။ ဟုတ်ရဲ့လား ဟု မေးချင်မေးကြမည်။ ဟုတ်ပါတယ် ဟု ထောက်ခံချင် ထောက်ခံမည်။ မဟုတ်လောက်ပါဘူး ငြင်းချက် ထုတ်ချင် ထုတ်ကြမည်။ မည်သို့ဆိုစေ သိပ္ပံပညာ အခေါ်အဝေါ်အရ သစ်ပင်သည် သက်ရှိဖြစ်သည်။ သက်ရှိဆိုသည်မှာ အချိန်အပိုင်း အခြား တစ်ခု အထိ ဆက်တိုက် ရှင်သန်နေသော၊ ပတ်ဝန်းကျင်မှာ ဖြစ်ပျက်နေတာကို တုန့်ပြန်နိုင်သော၊ မျိုးပွားနိုင်သော၊ ကြီးထွားနိုင်သော၊ ဖွံ့ဖြိုးနိုင်သော၊ Homoeostasis ဟု ခေါ်သည့် မူလသဘာဝ ကို ရေရှည်ထိန်းသိမ်းထားနိုင်သော အစွမ်းသတ္တိ ရှိသော မည်သည့်အရာကို မဆို သက်ရှိအဖြစ် သတ်မှတ်သည်။ လူသားတွေ၊ သားငှက် တိရစ္ဆာန်တွေ၊ ဇီဝပိုးမွှားတွေ၊ အားလုံးကို သက်ရှိလို့ သတ်မှတ်သလို သစ်ပင်များကိုလည်း သက်ရှိလို့ သတ်မှတ်ကြသည်။ ဗုဒ္ဓဘုရား ကလည်း သစ်ပင်ကို သက်ရှိဖြစ်သည် ဟု သိပ္ပံပညာရှင်တွေ သက်သေမပြနိုင်ခင်ကတည်းက ဟောကြားခဲ့သည် ဆိုသည်ကို တစ်နေရာရာမှာ ဖတ်ခဲ့ဘူးသည်။ ဒါဆိုရင်တော့ ဘုရားဟောသည့် ပါဏာတိပါတာ ကို ပြန်လည် ဆန်းစစ်ရမလိုပင်။ Vegetarian အဖြစ် စားသောက်တာ တကယ်ပဲ သက်သတ်လွတ် ပါရဲ့လား။
တကယ်တော့ သစ်ပင်ဆိုတာ ကျွန်ုပ်တို့နည်းတူ ဤကမ္ဘာမြေကြီးပေါ်တွင် အသက်ရှင်နေထိုင်လျှက်ရှိသော များစွာသော သက်ရှိမျိုးစိတ်များထဲက တစ်ခုပင်ဖြစ်သည်။ အစာစားသည်၊ အညစ်အကြေးစွန့်သည်၊ မျိုးပွားသည်။ ကျွန်ုပ်တို့နှင့် မတူသည်မှာ သစ်ပင်များက မရွေ့လျှားနိုင်ခြင်းနှင့် စကား မပြောတတ်ခြင်းပင်ဖြစ်သည်။ အမှန်တော့ မရွှေ့လျားနိုင်တာမဟုတ်၊ သစ်ပင်၏ အမြစ်များက ရေရှိရာ အဟာရဓါတ်ရှိရာကို ရွှေ့လျားသွားလာကြသည်။ သစ်ရွက်များကလည်း နေရောင်ရှိရာဘက်သို့ ယိမ်းယိုင်မျက်နှာမူကြသည်။ ထို့အတူ နွယ်ပင်များကို ကြည့်လျှင် ၄င်းတို့ တွဲခိုစရာ အခြားအရာဝတ္တုများဆီသို့ ဦးတည်ရွှေ့လျားတတ်ကြသည်။ လူတွေ၊ တိရစ္ဆာန်တွေလို ခုန်ပေါက်ရွှေလျား၍ မရသည်သာ ရှိသည်။ ဒါကလည်း လောက သဘာဝအရ မလိုအပ်၍ မရွေ့လျားခြင်း ဖြစ်မည်ထင်သည်။ သစ်ပင်တွေမှာ ကိုယ်ပိုင် အစာချက်နိုင်စွမ်းရှိသည်။ အမြစ်ကလည်း မြေကြီးထဲမှာ အဟာရဓါတ်ကို ထုတ်ယူ သုံးစွဲနိုင်စွမ်းရှိသည်။ ကျွန်ုပ်တို့ လူသားတွေလို တိရစ္ဆာန်တွေလို ခုန်ပေါက်ပြေးလွှား အစာရှာစရာမလို။ သူတို့အတွက် အလိုလို ပြည့်စုံနေသည်။ ဒါ့ကြောင့်လည်း ကမ္ဘာပေါ်ရှိ သက်တမ်းအရှည်ဆုံး သက်ရှိမှာ သစ်ပင်တွေ ဖြစ်နေခြင်း ဖြစ်သည်။
ဒါတင်မက သစ်ပင်တွေ လည်း အချင်းချင်း တစ်နည်းနည်းဖြစ် ဆက်သွယ်ကြသည်ဟု သိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိထားသည်။ ၂၀၀၉ ခုနှစ် ထုတ် Ecological Letter Journal တွင် ကယ်လီဖိုးနီးယားတက္ကသိုလ်နှင့် ဂျပန်နိုင်ငံ ကျိုတို တက္ကသိုလ် တို့မှ ပညာရှင်များ ပူးပေါင်း သုတေသန ပြုထားသည့် Self-recognition affects plant communication and defense ဟူသော စာတမ်းတွင် သစ်ပင်တွေမှာ မိမိနှင့် မျိုးစိတ်တူသူ (Self) နှင့် မျိုးစိတ် မတူသူ (Non-self) ဟူ၍ ခွဲခြားနိုင်စွမ်းရှိကြောင်းနှင့် ပိုးမွှားအန္တရာယ် တစ်ခုခုနှင့် ရင်ဆိုင်ရပါက မိမိတို့ မျိုးစိတ်အချင်းချင်း ဆက်သွယ် အသိပေးကြကြောင်း စမ်းသပ်တွေ့ရှိထားကြသည်။ ဒါ့အပြင် သစ်ပင်များတွင် Body Language ဖြင့် ဖော်ပြနိုင်သည့် အစွမ်းသတ္တိလည်းရှိကြသည်။ ဤသို့ဆိုလျှင် ကျွန်ုပ်တို့ အနေဖြင့် သစ်ပင်များကို သက်ရှိ အဖြစ် သတ်မှတ်သင့်သည် ဟု ထင်သည်။ သတ်သက်လွတ်စားပါသည် ဟု ဆိုသူများ သတိထား ဆင်ခြင်ရပေမည်။
နောက်တစ်ချက်မှာ သစ်ပင်များသည် လူသားတို့အပေါ် ကောင်းကျိုးအပြုဆုံး သက်ရှိဟုပင် ဆိုရပေမည်။ ကျွန်ုပ်တို့ ရှူသွင်းနေသည့် လေကို သန့်စင်အောင် သန့်ရှင်းပေးသည်။ ကျွန်ုပ်တို့ ရှူထုတ်လိုက်သော၊ ကျွန်ုပ်တို့ အသုံးအဆောင်များမှ ထုတ်လွှတ်လိုက်သော ကာဗွန်ဒိုင်အောက်ဆိုဒ်ကို အောက်ဆီဂျင်အဖြစ် ပြန်လည် သန့်စင် ပေးသည်။ ကျွန်ုပ်တို့ စားသောက်နိုင်ရန် အသီးအရွက်များ ထောက်ပံ့ပေးသည်။ အမြစ်များက ရေကို သန့်စင်ပေးသည်။ တဖန် ကျွန်ုပ်တို့ နေစရာ၊ ၀တ်စရာနှင့် အခြား အသုံးအဆောင်များကို လည်း ထောက်ပံ့ပေးသည်။ သစ်ပင်၏ ကျေးဇူးကို ဖော်ပြလျှင် ကုန်နိုင်မည် မထင်လှ။ လူသားတွေက Symbiosis တို့ Co-evolution တို့ သာ အော်နေကြသည်။ အမှန်တော့ သစ်ပင်တွေက ကျွန်ုပ်တို့ လူသားတွေ ထံမှ ဘာမှ မလိုပေ။ ကျွန်ုပ်တို့ အကျိုးပြုတာ တစ်ခုပင်ရှိသည်။ သစ်ပင်မျိုးစိတ်တွေ မျိုးတုန်းသွားအောင် ခုတ်လှဲပစ်ခြင်းသာ ဖြစ်သည်။ ဒါကိုလည်း သစ်ပင်များက ဗွေမယူ၊ လူသားအကျိုးပြု အနေဖြင့်သာ ပေးဆပ်မြဲအတိုင်း ပေးဆပ်နေသည်။ အမှန်ဆိုရလျှင် မိဘကျေးဇူး ထက်မပိုတောင် မိဘကျေးဇူးထက် မလျော့။ ဤသို့ဆိုလျင် Vegetarian ဆိုသူများ ကျေးဇူးသိတတ်မည်ဆိုလျှင် Animarian အဖြစ် ပြောင်းလဲဖို့ စဉ်းစားကြဖို့ လိုလေပြီ။ တိရစ္ဆာန်ကျေးဇူးထက် အပင်ကျေးဇူးက များနေသည် မဟုတ်လား။
ကဲ ဒီလိုဆိုတော့ ကျွန်တော်တို့က အပင်တွေကို မထိဘဲ ဒီအတိုင်း အငတ်ခံရတော့မှာလား ဟု ပြောကောင်းပြောမည်။ မထိဘဲ နေစရာမလိုပါ။ အပင်တွေက အစကတည်းက စွန့်လွှတ်အနစ်နာ ခံပြီးသားပါ။ အချစ်အတွက် ပေးဆပ်ပါတယ် ဆိုသူတွေလို တဖက်လှည့်နဲ့ ရယူသွားကြတာ မဟုတ်ပါဘူး။ သူတို့ခန္ဓာကိုယ်ကို လုံးဝ ပေးဆပ်ထားတာပါ။ ကျွန်တော်တို့ စောင့်ထိန်းသင့်တာက သူတို့ အသက်အန္တာရာယ်ကို မထိခိုက်စေရုံတင်ပါ။ အခုနောက်တမျိုးလာတာက Biotechnology လို့ခေါ်တဲ့ ဇီဝနည်းပညာ။ ဖရုံသီးကို လှည်းဘီးလောက် ကြီးလို့ကြီး၊ မျိုးမတူတဲ့ အပင်တွေ အတင်း ပေးစားလို့ ပေးစား၊ ကိုယ်တွေကျတော့ အိမ်ထောင်တွေပြုကြ၊ သားသမီးမရရင်ဘဲ လူဖြစ်ရှုံးမတတ် ပူကြပန်ကြနဲ့ အပင်လေးတွေကျတော့ မျိုးမအောင်အောင် လုပ်လို့လုပ်၊ ၀တ်မှုန်အကူးမခံကြပဲ တစ်ရှူးကာလ်ချာလ် ပွားလို့ပွားနဲ့။ သူတို့လေးတွေလည်း ၀တ်မှုံကူးတယ်ဆိုတာ ဘာသာဘာဝ ပျော်မြူးကြတာပဲ မဟုတ်ပေဘူးလား။
သစ်ပင်တွေကို မသတ်ဘဲ သစ်ပင်တွေက သစ်သီးတွေ၊ သစ်ရွက်တွေ လိုသလောက် ခူးစားနိုင်သည်။ အရိပ်နေနေ အခပ်ချိုးချိုး ဆိုတာ တကယ်တော့ အပင်လိုက် ခုတ်လှဲ သတ်ဖြတ်သည့် သူများထက်တော့ ပိုကောင်းနေသည်။ အဆိုးဆုံးကတော့ မျိုးတုန်းအောင် အထိ ရက်စက်သူများ ပင်ဖြစ်သည်။ ကျွန်တော်တို့တတွေ ခင်ဗျားတို့တတွေ Human Right ၊ Wemen Right ၊ Animal Right တို့ ဟိုနေရာအော်၊ ဒီနေရာမှာ အော်နဲ့ ၊ Plant Right ကိုတော့ မည်သူမှ မအော်ကြ။ Plant Right ကို တောင်းဆိုဖို့၊ အပင်တွေဘက်ကနေ ရပ်တည်ပြောဆိုဖို့ တကယ်ပင် မေ့နေကြပြီးလား။ ကျွန်ုပ်တို့ ၀တ္တရား ပျက်ကွက်နေသည်ဟု ထင်မိပါသည်။
ဂေါတမဘုရားမတိုင်ခင်က ဘုရား လက်ထက်တော်တစ်ခုမှာ သစ်ပင်များ သည်အသက်ရှိသည် ထို.ကြောင့်သစ်ပင် များကို ခုတ်လှဲခွင့် ဆိတ်ခွင့် နှူတ်ခွင့် မရှိ.ခြင်းကို ပညှပ်တစ်ခုအနေနှင့်သတ်မှတ်တယ်လို.ဖတ်ဖူးတယ်..ရဟန်းတစ်ပါးဟာ ရေမှော်ပင်လေး တစ်ပင်ကို နှူတ်လိုက်မိလို.အာပါတ်သင့်ပြီလို.ယူဆပြီး ပျံတော်မူတော. ဒီသစ်ပင်လေး စိတ်စွဲပြီး နဂါး ကြိးဖြစ်သွားတယ်လို.ဖတ်ဖူးတော.သစ်ပင်တွေမှာ အသက်ရှိတယ်ဆိုတာ တကယ်ပဲလားလို.တွေးထင်မိတယ်.. (အမြင်တစ်ခု မျှသာ)
ReplyDelete