သမပိုင်း သစ်တောတွေမှာ တွေ့ရတဲ့ တီကောင် တစ်မျိုးဟာ သစ်တောတွေရဲ့ ကာဗွန် နဲ့ နိုက်ထရိုဂျင် ထိန်းသိမ်း လည်ပတ်မှုစနစ် (Carbon and Nitrogen Cycle) ကို ပြောင်းလည်းစေနိုင်ပြီး ဒေသတွင်း မျိုးရင်းများ အား ထိခိုက်စေနိုင်ကြောင်း အမေရိကန် သုတေသန ပညာရှင် အချို့က ဆိုပါတယ်။ အဆိုပါ တီကောင် မျိုးစိတ်မှာ အဆိုပါသစ်တောများ၏ မူလသဘာဝ မျိုးစိတ် မဟုတ်ဘဲ ဒေသတွင်း ထိုးဖောက် ၀င်ရောက်နှောက်ယှက် လာသောမျိုးစိတ် (Invasive species) တစ်မျိုးဖြစ်ကြောင်းနှင့် ယင်းတို့ရှိနေခြင်းကြောင့် သစ်တောများ၏ မြေဆီလွှာခြေဖျက်မှုကို ပုံမှန်ထက် လျှင်မြန်ကြေပျက်စေပြီး၊ မြေဆီလွှာပြုန်းတီးခြင်း (soil erosion) အန္တရာယ်ကို ပိုမိုဖြစ်ပေါ်စေနိုင်ကြောင်း အဆိုပါ ပညာရှင်များက ဆိုပါတယ်။ ဒါ့အပြင် ပညာရှင်များရဲ့အဆိုအရ အဆိုပါ တီကောင်မျိုးစိတ်များဟာ သစ်တောမြေ အသုံးချမှုများ ချဲ့ထွင်လာခြင်းနှင့်အတူ အသုံးပြုသည့် စက်ပစ္စည်းများ၊ မော်တော်ယာဉ်များ၏ တာယာများမှတဆင့် သစ်တောများ အတွင်း ရောက်ရှိကျက်စား လာခြင်းဖြစ်တယ်လို့ သိရပါတယ်။သုတေသန တွေ့ရှိချက်များအရ အဆိုပါ တီကောင်များသည် သစ်တောမြေဆီလွှာအတွင်း ထိန်းသိမ်းသိုလှောင်ထားသော ကာဗွန်ပမာဏ၏
၂၈ % ခန့်ကို စားသုံးဖျက်စီးလျှက် ရှိကြောင်းနှင့် မြေဆီလွှာတွင်ပါဝင်သော ဓါတ်ဂုဏ်သတ္တိ အချို့ကိုလည်း ပျောင်းလဲစေနိုင်ပါတယ်။
ဒါ့အပြင် မြေဆီလွှာဒုထည်ကို လျော့ပါးစေတဲ့အတွက် မြေဆီလွှာအတွင်း မှီတင်းနေထိုင်လျှက်ရှိသော အပင်နှင့် သတ္တ၀ါမျိုးစိတ်အချို့ (soil dwelling flora and fauna) တို့ကိုပါ လျော့နည်း ပပျောက်စေနိုင် ပါတယ်။
အဆိုပါ တီကောင်မျိုးစိတ်များ ဒေသတွင်းပျံနှံ့ရောက်ရှိလာခြင်းနှင့် ပတ်သက်၍ အမေရိကန် ပညာရှင် အချို့က လေ့လာဆန်းစစ်ရာ ဥရောပမျိုးရင်းဖြစ်သည့် Lumbricus terrestris (common earth worm) ဖြစ်နိုင်ကြောင်း၊ ဥရောပဒေသမျိုးစိတ်ဖြစ်သော်လည်း အမေရိကတွင် invasive ဖြစ်လာနိုင်ကြောင်း ဥယဉ်ခြံစိုက်ပျိုးရေးလုပ်ငန်းချဲ့ထွင်ရာတွင် လိုအပ်သော မြေဆီလွှာများကို ဥရောပမှ မှာယူ တင်သွင်းရာတွင် ပါဝင်လာနိုင်ကြောင်းနှင့် ဒေသတွင်း လျှင်မြန်စွာ ပျံ့နှံ့ခြင်းမှာ မြစ်ချောင်း အင်းအိုင်များအတွင်း ငါးမျှားရာတွင် ငါးစာအဖြစ်အသုံးပြုပြီး စွန့်ပစ်ထားခဲ့ရာမှ ဖြစ်နိုင်ကြောင်း သိရှိရ ပါတယ်။
တကယ်တော့ တီကောင်မျိုးများဟာ သစ်တောများအတွက် အလွန်အကျိုးပြုတဲ့ မျိုးစိတ်များဖြစ်ပါတယ်။ တီကောင်များရဲ့ အဓိက လုပ်ဆောင်ချက်ဖြစ်တဲ့ တီကျစ်စာ (earthworm casts) တွေဟာ သစ်ပင် အကိုင်းအခတ်အဆွေးအမြေ့တွေကို ကာဗွန်အဖြစ် လျှင်မြန်စွာပြောင်းလဲ စေနိုင်သောကြာင့် ဖြစ်ပါတယ်။ ဒါ့အပြင် တီကျစ်စာများဟာ မိုးရေတိုက်စားမှုဒါဏ်ကိုသာမန် မြေဆီလွှာထက် (၂) ဆ ပိုမို ခံနိုင်ပြီး မြေဆီလွှာပြုန်းတီးမှုကို လျှော့နည်း စေနိုင်ကြောင်း ယခင်သုတေသနတွေ့ရှိချက်များအရ သိရှိရ ပါတယ်။ ယခုခေတ်မှာ Invasive species တွေရဲ့အန္တရယ်ဟာ ထင်တာထက် ပိုမိုဆိုးရွား လာတာကို တွေ့ရှိလာရတဲ့အတွက် လူသားတွေ စည်းကမ်းရှိစွာဖြင့် ပူးပေါင်းဖြေရှင်းဖို့ လိုအပ် လာပြီဖြစ်ပါကြောင်း.....။
မှီငြမ်း။ ။ http://www.bbc.co.uk/news/science-environment-14788783
No comments:
Post a Comment