Feb 14, 2012
ချစ်တတ်ကြသူများ
Feb 13, 2012
အဂတိ လိုက်စားမှု အညွှန်းကိန်း (Corruption Perception Index 2011)
တလောက လွှတ်တော်ထဲမှာ လာဘ်ပေး လာဘ်ယူ ပပျောက်ရေး၊ အဂတိ လိုက်စားမှု လျော့ချရေး လစာငွေ တိုးပေးရေ စတဲ့ အသံတွေ စပြီး ကြားလာရပါတယ်။ တကယ်တော့ ကျွန်တော်တို့ နိုင်ငံဟာ သဘာဝ သယံဇာတ အရင်းအမြစ်တွေ ကြွယ်ဝ သလောက် စီးပွားရေးမှာ ချွတ်ခြုံကျနေတာ ဘာ့ကြောင့်လဲ ဆိုရင် ဖြေစရာ မလိုပါဘူး။ အားလုံး သိတဲ့ အတိုင်း အဂတိ လိုက်စားမှု က အဓိက အကြောင်းအရင်းပါပဲ။
အခု ၂၀၁၁ ခုနှစ် အတွက် အဂတိ လိုက်စားမှု အညွှန်းကိန်း (Corruption Perception Index) အစီရင် ခံစာ ထွက်လာပြန်ပါပြီ။ ကျွန်တော်တို့ ဘယ်နေရာမှာ ရှိနေသလဲ။ ဆိုမာလီရာ နဲ့ မြောက်ကိုးရီးယား ပြီးရင် မြန်မာနိုင်ငံဟာ တတိယ အဂတိ လိုက်စားမှု အများဆုံး နိုင်ငံဖြစ်နေတာကို တွေ့ရပါတယ်။
ဒီအစီရင်ခံစာကို Transparency International ဆိုတဲ့ အဖွဲ့ အစည်းက ပြုစုထားတာပါ။ တကယ်တော့ အဂတိ လိုက်စားတယ် ဆိုတာ တိုင်းတာရ ခက်တဲ့ အရာပါ။ အားလုံးက လှို့ဝှက် ဆောင်ရွက်ကြ တာဖြစ်လို့ တကယ့် နှုန်းထားကို တိုင်းတာလို့ ခက်ခဲပါတယ်။ ဒါ့ကြောင့် ပြည်သူတွေရဲ့ အမြင် (perception) ကို ယူပြီး တိုင်းတာရတာပဲ ဖြစ်ပါတယ်။ အရင် အစိုးရအပေါ် ပြည်သူတွေရဲ့ မကောင်း အမြင်ကြောင့်လည်း မြန်မာ က တတိယ အဆင့် ရှိနေတယ် ဆိုတာ လည်း ဖြစ်နိုင်တာပေါ့ဗျာ။
အဂတိ လိုက်စားမှု အနည်းဆုံး နိုင်ငံများ
၁။ နယူးဇီလန် နိုင်ငံ
၂။ ဒိန်းမတ် နိုင်ငံ
၃။ ဖင်လန် နိုင်ငံ
အဂတိ လိုက်စားမှု အများဆုံး နိုင်ငံများ
၁။ ဆိုမာလီ နိုင်ငံ
၂။ မြောက်ကိုးရီးယား နိုင်ငံ
၃။ မြန်မာနိုင်ငံ
၎။ အာဖဂန် နစ္စတန် နိုင်ငံ
ဒါကတော့ ကမ္ဘာ့ အဂတိ လိုက်စားမှု နှုန်းပြ မြေပုံပါ။ အနီရောင် ရင့်လေလေ နှုန်း မြင့်လေလေ လို့ ဆိုထားပါတယ်။
အစီရင်ခံစာမှာ ဖော်ပြထားတဲ့ နိုင်ငံ အလိုက် အဂတိ လိုက်စားမှု စံနှုန်း ဇယားပါ
ရည်ညွှန်း။ ။ Transparency International (www.transparency.org)
Feb 8, 2012
What is REDD : A guide for Indigenous communities
ကျွန်တော်လည်း ဘလော့ မရေးဖြစ်တာ ကြာပြီ။ စိတ်မပါတာရော မအားတာရော အတွက် ကြောင့် မရေးဖြစ်တာပါ။ ဒီနေ့ သူငယ်ချင်း တစ်ယောက်နဲ့ REDD အကြောင်း ဆွေးနွေးဖြစ်ရင်းက စာအုပ်လေး တစ်အုပ်ကို ဖတ်ကြည့်ရင်း သဘောကျလို့ တင်ဖို့ စိတ်ကူးရသွားတာပါ။
လက်ရှိ ကမ္ဘာ့ သစ်တော အုပ်ချုပ်မှု လမ်းကြောင်းက Green Economy ဆိုတဲ့ ပတ်ဝန်းကျင် ထိခိုက်မှု မရှိတဲ့ စီးပွားရေး စနစ် ကို ဦးတည် သွားနေတာပါ။ ရာသီဥတု ပြောင်းလဲမှု လျော့ချရေး အတွက် ကျွန်တော်တို့ မြန်မာ နိုင်ငံ အပါအ၀င် ကမ္ဘာ့ နိုင်ငံ အသီးသီး က အင်တိုက် အားတိုက် ဆောင်ရွက်နေကြတယ်လို့ ဆိုပါတယ်။ အဲဒီလို Green Economy ကို ဦးတည် ဖော်ဆောင်ကြတဲ့ အခါ သစ်တော ကဏ္ဍအနေနဲ့ ကလည်း သစ်တောပြုန်းတီးမှု ကတဆင့် ထွက်ပေါ်လာနိုင်တဲ့ ဖန်လုံအိမ် ဓါတ်ငွေ့ (Green House Gases) လျော့ချရေး အစီအစဉ် (Reducing Emission from Deforestation and Forest Degradation- REDD) ဆို တဲ့ အစီအမံတွေ အင်တိုက် အားတိုက် အကောင် အထည်ဖော် ဆောင်ရွက်လာကြပါတယ်။
REDD programme တွေကို အဓိက ဦးဆောင်တာကတော့ ဖန်လုံအိမ် ဓါတ်ငွေ့ တွေ အဓိက ထုတ်လွှတ်နေတဲ့ အင်အားကြီး နိုင်ငံကြီး တွေပါ။ သူတို့ ပေးတဲ့ ထောက်ပံ့ငွေကြေး ကလည်း မတန်တဆ များပါတယ်။ သစ်တော ပိုင်ရှင်အနေနဲ့ လည်း မိမိတို့ သစ်တော ကို မခုတ်ဘဲ ထားရုံနဲ့ ပိုက်ဆံ ရနေမဲ့ အစီအစဉ်လေ။ ဒီထက်ကောင်း တာ ဘာရှိအုံးမှာလဲ။ နှစ်ဦးနှစ်ဘက် အဆင်ပြေ နေတာပေါ့။ REDD programme အကြောင်း အကြမ်းဖျင်း သိချင်ရင် ဒီအောက် က စာအုပ် ကို ဖတ်ကြည့်ပါ။ အလွယ်တကူ နားလည်အောင် ရေးထားကြပါတယ်။
(ဒီလင့်မှာ ဒေါင်း လုပ် ကြည့်ပါ။)
REDD က ရမည့် ပိုက်ဆံ တွေ က မစားရ ၀ခမန်း ဖြစ်နေပေမဲ့ ဘယ်သူတွေ အကျိုးရှိမှာလဲ ဆိုတာ အဓိက မေးစရာပါ။ လက်ရှိ ကျွန်တော်တို့ နိုင်ငံလို ဖွံ့ဖြိုးဆဲ နိုင်ငံတွေမှာ ပုဂ္ဂလိက ပိုင် သစ်တော ဆိုတာ ရှားပါတယ်။ သစ်တော ကို အစိုးရက တိုက်ရိုက် စီမံ အုပ်ချုပ်နေတာပါ။ အဲဒီတော့ အစိုးရ အနေနဲ့ ဘဏ္ဍာငွေ အလကား ရ မှာ ဖြစ်တဲ့ အတွက် REDD ကို စိတ်ဝင်စားပါတယ်။ လက်ရှိ သစ်ထုတ်နေတာကို ရပ်လိုက်ရုံနဲ့ ပိုက်ဆံ ရမှာ ဆိုပေမယ့် တကယ့် တကယ် သစ်တောတွေအပေါ် မှီခိုနေတာက ကျေးလက်နေ ပြည်သူတွေပါ။ မြန်မာနိုင်ငံမှာ စုစုပေါင်း လူဦးရေ ရဲ့ ၇၀ ရာခိုင်နှုန်းကျော်က ကျေးလက်နေ ပြည်သူလူထု ပါ။ သူတို့ အနေနဲ့က နီးစပ်ရာ သစ်တော တွေ အပေါ် မှီခို ရှင်သန်နေ ကြရတာပါ။ REDD ပရောဂျက် တွေ အရ တောနေ လူထု က သစ်တော တွေ အပေါ် မှီခို ခွင့် မရှိတော့ပါဘူး။ အဲဒီ အတွက် အစိုးရကရော ဘယ်လို တာဝန်ယူပေးမှာလဲ ဆိုတာ မေးစရာ မေးခွန်းပါ။
နောက် တစ်ခု က လက်ရှိ သစ်တော ဌာနရဲ့ စွမ်းဆောင်ရည် (Institutional Capacity) ပါ။ မိမိတို့ သစ်တော တွေကို လုံးဝ မထိပဲ တစ်ဘက်ကလည်း ကျေးလက်နေ လူထုရဲ့ စားဝတ်နေရေး ပြေလည်အောင် ထောက်ပံ့ ပေးဖို့ စီမံချက် ချမှတ်ပြီး အကောင်အထည် ဖော်နိုင်မှာလား။ REDD က ရလာမည့် အကျိုးကျေးဇူးကို ရော ပြည်သူတွေ အတွက် ထိထိ ရောက်ရောက် ခွဲဝေ ပေးနိုင်မှာလား။ တရားမ၀င် သစ်ထုတ်နေတာကိုရော လုံးဝ ပပျောက်သွားအောင် တိုက်ဖျက် နိုင်ပြီလား။ ဌာနတွင်း ခြစားမှုတွေ ကို ရော ထိထိရောက်ရောက် အရေး ယူနိုင်မှာလား…….။
နောက်တစ်ခုက ရာသီဥတု ပြောင်းလဲမှု လျော့ချရေး အပိုင်းပါ။ ဖန်လုံအိမ် အာနိသင် ဓါတ်ငွေ့တွေ အဓိက ထုတ်လွတ် နေတဲ့ လုပ်ငန်းရှင်တွေ အနေနဲ့ ကလဲ ဒီထောက်ပံ့ပေးရတဲ့ ငွေပမာဏဟာ လုပ်ငန်းက ရရှိလာမည့် အကျိုးအမြတ် နဲ့ ယှဉ်ရင် အသေးအဖွဲပါ။ ပြီးတော့ လက်ရှိ ရာသီဥတု ပြောင်းလဲမှုတွေ တစ်နှစ်ထက် တစ်နှစ် ဆိုးရွားလာ တဲ့ ကြားက REDD programme ကို အကောင်အထည် ဖော်မည် ဆိုရင် သူတို့အနေနဲ့ တရားဝင် ပတ်ဝန်း ကျင် ညစ်ညမ်းခွင့် ရရှိသွားသလို ဖြစ်လာမှာပါ။ ရှိပြီးသား ဖန်လုံအိမ် ဓါတ်ငွေ့ ပမာဏ အပြင် ထပ်ပြီး ထုတ်လွှတ်ဖို့ လိပ်ပြာ လုံကြတော့မှာပါ။
တဖက်က သစ်တော ကနေ ပြန်စုပ်ယူမဲ့ ကာဗွန်ကလည်း အရမ်းကို Vulnerable ဖြစ်ပါတယ်။ သစ်တော ဆိုတာ အချိန်မရွေး နေ့ချင်းညချင်း ပြုန်းတီးနိုင်ပါတယ်။ မီးလောင်တာပဲ ဖြစ်ဖြစ်၊ နိုင်ငံရေး အရှုပ်အထွေးကြောင့်ပဲ ဖြစ်ဖြစ်၊ တရားမ၀င် သစ်ထုတ်တာကြောင့်ပဲ ဖြစ်ဖြစ် ချက်ချင်း ဆိုသလို ပြောင်သွား နိုင်ပါတယ်။ ကျွန်တော် ကပဲ အဆိုး မြင်နေတာ လဲ ဖြစ်နိုင်ပါတယ်။ မေးခွန်းတွေ ကတော့ အများကြီးပါ။ ကျွန်တော့ အနေနဲ့တော့ မြန်မာနိုင်ငံဟာ REDD ကို လက်ခံ ဖို့ အဆင်သင့် မဖြစ် သေးဘူး လို့ ထင်ပါတယ်။ အဓိက ကတော့ ကျေးလက်နေ ပြည်သူတွေရဲ့ အခွင့်အရေး ကို ဘယ်လို ကာကွယ် နိုင်မလဲ ဆိုတာ ပါဘဲ။
(ဒီလင့်မှာ ဒေါင်း လုပ် ကြည့်ပါ။)
ဒါပေမယ့် ဘာပဲ ဖြစ်ဖြစ် REDD ကို အကောင်အထည် ဖော်မယ် ဆိုရင်တော့ ဒေသခံတွေ ရဲ့ အခွင့်အရေးက ပထမ ဦးစားပေး စဉ်းစားရမယ့် အချက်ပါ။ ဘယ်လို အခွင့်အရေးတွေ ရှိသင့်သလဲ ၊ တောင်းဆိုသင့် သလဲ ဆိုတာကို တော့ အပေါ်က စာအုပ်ထဲမှာ ပြည့်ပြည့် စုံစုံ ဖော်ပြထားပါတယ်။ အချိန်ရရင် ဖြစ်ဖြစ် စိတ်ဝင်စားရင် ဖြစ်ဖြစ် ဖတ်ကြည့်လို့ ရပါတယ်။ ဒါပေမယ့် တကယ်ဖတ်သင့်တဲ့ ဒေသခံ ပြည်သူတွေကတော့ ဒီစာအုပ်ကို ဖတ်တတ်မှာ ဖတ်ချိန်ရမှာ ဟုတ် မဟုတ် ဆိုတာတော့ မေးစရာပဲပေါ့ဗျာ။ အဖြေဆိုတာလဲ သိပြီးသားပဲ ဖြစ်မှာဆိုတော့ ဒီအတိုင်းပဲ ထားလိုက်တာ ကောင်းမယ်လို့ ထင်ပါတယ်ဗျာ။
Dec 11, 2011
အပစ်ပယ်ခံ ဘေးမဲ့တောများ
ဘေးမဲ့တော ဟူသည့် စကားလုံးကို တော်တော်များများ ကြားဘူးကြပေလိမ့်မည်။ ရွှေစက်တော် ဘေးမဲ့တော၊ ကျိုက်ထီးရိုး ဘေးမဲ့တော၊ အင်းလေးကန် ဘေးမဲ့တော၊ မိန်းမလှကျွန်း ဘေးမဲ့တော စသည်ဖြင့် ဘုရားဖူးရန် တနည်း၊ အပန်းဖြေ ခရီး တစ်ဖုံ တော်တော်များများ ရောက်ဘူးကြပေလိမ့်မည်။ သို့သော် ဘေးမဲ့တော တစ်ခု၏ တန်ဖိုး၊ ဘေးမဲ့တော တစ်ခု၏ အရေးပါပုံကိုတော့ လစ်လျူရှုမိကောင်း လစ်လျူရှုမိကြပေလိမ့်မည်။ ဘေးမဲ့တော ဟု ဆိုမိလျှင် တောရိုင်းတိရစ္ဆာန်များ ဘေးမဲ့ပေးရာ နေရာဒေသ တစ်ခုအဖြစ် မှတ်ယူကြပေလိမ့်မည်။ အမှန်တော့ ဘေးမဲ့တော တွေဟာ ကမ္ဘာ့နိုင်ငံ အသီးသီးမှာရော မြန်မာနိုင်ငံမှာပါ တောရိုင်းတိရိစ္ဆာန်ထိန်းသိမ်းရေးသာမက သဘာဝ ၀န်းကျင်နှင့် ဇီဝမျိုးစုံမျိုးကွဲ ထိန်းသိမ်းခြင်းဆိုင်ရာ တစ်ခုတည်းသော အထိရောက်ဆုံး နည်းလမ်းပင် ဖြစ်သည်။
ဘေးမဲ့တော (သို့မဟုတ်) အမဲလိုက်တော
မြန်မာနိုင်ငံတွင် ဘေးမဲ့တော ဆိုသည့် စကားလုံးမှာ ရှေးဘုရင်များ လက်ထက်က ဘာသာရေး ယုံကြည်ချက်ကြောင့် တောရိုင်းတိရစ္ဆာန်များ ဘေးမဲ့စေလွှတ်နိုင်စေရန် ဧရိယာ တစ်ခု သတ်မှတ်ထားရှိရာမှ စတင်လာခဲ့ခြင်း ဖြစ်သည်။ မှတ်တမ်းမှတ်ရာ များအရ ပထမဆုံး ဘေးမဲ့တော မှာ မင်းတုန်းမင်း လက်ထက်က သတ်မှတ် တည်ထောင်ခဲ့သည့် ရတနာပုံ ဘေးမဲ့တော (ယခု ရတနာပုံ တိရစ္ဆာန်ဥယာဉ်) ဖြစ်သည်။ လူဦးရေ တိုးပွားလာ သည်နှင့်အတူ ကိုလိုနီ စနစ်လက်အောက်သို့ ရောက်ရှိလာခဲ့ရာမှ ထိုဘေးမဲ့တော မှာ ပျက်စီးခဲ့ရခြင်း ဖြစ်သည်။ ထို့နောက် အင်္ဂလိပ် အစိုးရလက်ထက်သို့ ရောက်သောအခါ အင်္ဂလိပ် အရာရှိများ အမဲလိုက်ရာတွင် အဆင်ပြေမှု ရှိစေရန်အတွက် ဘေးမဲ့တော များကို ပြန်လည် တည်ထောင်ခဲ့ကြသည်။
အင်္ဂလိပ်ခေတ် လက်ထက် ပထမဆုံး တည်ထောင်ခဲ့သည့် တောရိုင်းတိရစ္ဆာန် ဘေးမဲ့တောမှာ ကချင်ပြည်နယ် မြစ်ကြီးနားမြို့အနီးမှာ တည်ရှိသည့် ပိတောင် ဘေးမဲ့တော ဖြစ်သည်။ ဒေသခံ မုဆိုးများ အမဲလိုက်ရာမှ မြန်မာ့ ကြံ့မျိုးစိတ်များ လျော့နည်းပြုန်းတီး လာခဲ့သဖြင့် အမဲလိုက်ရန် ကြံ့များ ကျန်ရှိရာ ပိတောင် ဒေသကို အင်္ဂလိပ် အစိုးရက အမဲလိုက်ရန် ထိန်းသိမ်းထားသည့် ဧရိယာ (Game Sanctuary) (မြန်မာအခေါ် ဘေးမဲ့တော) အဖြစ် တည်ထောင်ခဲ့ခြင်း ဖြစ်သည်။ တစ်ဆက်တစ်စပ်တည်း အခြား ကြံ များ ကျက်စားရာ ဒေသ တစ်ခုဖြစ်သည့် မိုးမိတ်မြို့နယ်နှင့် သပိတ်ကျင်း မြို့နယ် အနီးရှိ ရွှေဥဒေါင်း ဘေးမဲ့တော ကို လည်း အမဲလိုက်ရာ ဒေသအဖြစ် သတ်မှတ် တည်ထောင်ခဲ့သည်။ တည်ထောင်ခဲ့သည့် ခုနှစ်မှာ ၁၉၁၈ ခုနှစ် က ဖြစ်သည်။
ထို့နောက် ဆယ်စုနှစ် တစ်ခုအကြာမှ စပြီး ဂျပန်ခေတ် မရောက်ခင် အချိန်အထိ အမဲလိုက်တော များ ဆက်လက် တည်ထောင် ခဲ့သည်။ ငှက်ပစ်ရန် တောင်ကြီး ငှက်ဘေးမဲ့တော၊ ပြင်ဦးလွင် ငှက် ဘေးမဲ့တော့ နှင့် ၀က်သည်းကန် ငှက်ဘေးမဲ့တော တို့ကို တည်ထောင်ခဲ့သည်။ တဆက်တစ်စပ်တည်း မြန်မာ့ ရွှေသမင် များ ကျက်စားရာ ချပ်သင်းဘေးမဲ့တော၊ ရွှေစက်တော် ဘေးမဲ့တော တို့ကိုလည်း အမဲလိုက်ရန် အလို့ငှာ တည်ထောင်ခဲ့ကြသည်။ ထို အမဲလိုက်တော များကို စီမံအုပ်ချုပ်ရန် အမဲဝန်၊ အမဲအုပ် စသည်ဖြင့်လည်း ရာထူးများ ခန့်အပ် ပေးထားခဲ့သည်။ အမဲလိုက်ရာတွင် လည်း စနစ်တကျ ထိန်းချုပ်နိုင်ရန် အမဲလိုက် လိုင်စင်များ ကို ထုတ်ပေး ထားခဲ့သည်။
လွတ်လပ်ပြီးခေတ် ဘေးမဲ့တောများ
လွတ်လပ်ပြီးခေတ် တွင် ဘေးမဲ့တောများ ကို မေ့ပစ်ထားခဲ့သည်။ အိမ်စောင့် အစိုးရ လက်ထက်သို့ ရောက်သော အခါမှ ဘေးမဲ့တောများ တဖန် အသက်ပြန်ဝင်လာခဲ့သည်။ ဘေးမဲ့တောများကို အမဲလိုက်ရန် အတွက် မဟုတ်တော့ပဲ တောရိုင်းတိရစ္ဆာန် ထိန်းသိမ်းကာကွယ် ရန်အတွက် အဓိကထား အုပ်ချုပ်လာခဲ့သည်။ တဆက်တည်းမှာပင် ဘေးမဲ့တော အသစ် ၁၂ ခု ဆက်လက်တည်ထောင်ရန် အဆိုပြုထားခဲ့သည်။ သို့သော် ဖြစ်ပေါ်နေသည့် နိုင်ငံရေးနှင့် အုပ်ချုပ်ရေး မငြိမ်သက်မှု တို့ကြောင့် လွတ်လပ်ပြီး ခေတ် တစ်လျောက်လုံး ၁၉၈၀ ခုနှစ် အထိ ဘေးမဲ့တော အသစ် သုံးခု သာ ဆက်လက်တည်ထောင် နိုင်ခဲ့သည်။ ယင်းတို့မှာ ဧရာဝတီ တိုင်းရှိ သမီးလှကျွန်း ဘေးမဲ့တော၊ ဟုမ္မလင်း မြို့နယ်ရှိ ထမံသီ ဘေးမဲ့တောနှင့် စစ်ကိုင်းမြို့အနီး ရှိ မင်းဝံတောင် ဘေးမဲ့တော တို့ ဖြစ်သည်။
၁၉၈၀ နောက်ပိုင်းတွင် ဘေးမဲ့တော များ၏ အခန်းကဏ္ဍ ပိုမို ဖွံ့ဖြိုး လာခဲ့သည်။ မြန်မာနိုင်ငံတွင် သာမက ကမ္ဘာ့နိုင်ငံ အသီးသီးမှာပင် ဘေးမဲ့တောများ၏ အရေးပါပုံကို အထူး ဂရုပြုမိလာကြသည်။ တောရိုင်းတိရစ္ဆာန် ထိန်းသိမ်းရုံသာ မက သဘာဝ ၀န်းကျင်နှင့် ဇီဝ မျိုးစုံမျိုးကွဲများ၊ ယဉ်ကျေးမှု အမွေအနှစ်များ ထိန်းသိမ်းကာကွယ် ရေးအတွက်ပါ ဘေးမဲ့တောများကို တည်ထောင် အသုံးပြုလာကြသည်။ ဘေးမဲ့တော များကို လည်း အမည်အမျိုးမျိုး မှည့်ခေါ်လာကြ သည်။ ဘေးမဲ့တော၊ သဘာဝနယ်မြေ၊ အမျိုးသား ဥယျာဉ် စသည့်ဖြင့် အမည်မျိုးစုံ အသုံးပြု သတ်မှတ်လာကြသည်။ ထိုအမည်များ အားလုံးကို စုပေါင်းပြီး သဘာဝ ထိန်းသိမ်းရေးနယ်မြေ (Protected Areas) ဟု ခြုံငုံကာ ထိန်းသိမ်းရေး အစီအမံများ ချမှတ်ဆောင်ရွက် လာခဲ့ကြသည်။
ကုလသမဂ္ဂ ဖွံ့ဖြိုးမှု အစီအစဉ် (UNDP) ၏ အထောက် အပံ့ဖြင့် ဘေးမဲ့တောများကို စနစ်တကျ စံချိန်စံညွှန်းများနှင့် အညီ သတ်မှတ် ဖွဲ့စည်း လာခဲ့ကြသည်။ သဘာဝ ထိန်းသိမ်းရေး နယ်မြေများတွင် နိုင်ငံအဆင့် အရေးပါဆုံး ဒေသများဖြစ်သည့် အလောင်းတော် ကသပ အမျိုးသား ဥယျာဉ် (၁၉၈၉)၊ ပုပ္ပါးတောင် ဥယျာဉ် (၁၉၈၉)၊ လန်ပိကျွန်း အဏ္ဏ၀ါ အမျိုးသားဥယျာဉ် (၁၉၉၆)၊ ခါကာဘိုရာဇီ အမျိုးသား ဥယျာဉ် (၁၉၉၈)၊ နတ်မတောင် အမျိုးသားဥယျာဉ် (၂၀၁၀) ခုနှစ် စသည်ဖြင့် အသီးသီး ဖွဲ့စည်းနိုင်ခဲ့ သည်။ ၂၀၁၁ ခုနှစ် အထိ မြန်မာနိုင်ငံတွင် သဘာဝ ထိန်းသိမ်းရေး နယ်မြေ စုစုပေါင်း (၄၃) ခု သတ်မှတ် ပြဌာန်း နိုင်ခဲ့သည်။
သဘာဝ ၀န်းကျင် ထိန်းသိမ်းရေးနှင့် ဘေးမဲ့တောများ
မြန်မာနိုင်ငံတွင် သစ်တောကြိုးဝိုင်း အမြောက်အများ ဖွဲ့စည်း တည်ထောင် အုပ်ချုပ်လျက်ရှိသည်။ သို့သော် သစ်တော ကြိုးဝိုင်းများ မှာ သစ်ထုတ်ရန် အတွက်သာ ရည်ရွယ်အုပ်ချုပ်ခြင်း ဖြစ်ပြီး သဘာဝ ၀န်းကျင် ထိန်းသိမ်းရေး ကို အပြည့်အ၀ မဖြည့်ဆီးနိုင်ပေ။ သစ်တောကြိုးဝိုင်းများ ဖြည့်ဆီး မပေးနိုင်သည့် တာဝန်ကို ဘေးမဲ့တောများက လွဲပြောင်း ယူထားရသည်။
ဆင်၊ ကျား၊ ကျားသစ်နှင့် အခြား မျိုးသုဉ်းလုနီးပါး တောရိုင်းတိရစ္ဆာန်များအတွက် လုံခြုံမှု ပေးစွမ်းရာ အိမ်ဂေဟာများ အဖြစ် တာဝန်ယူထားသည်။ သစ်ခွနှင့် အခြား ရှားပါး အပင်မျိုးစိတ်များကို ထိန်းသိမ်းပေး ထားသည်။ ဌာနေ ငှက်များနှင့် ရွှေ့ပြောင်းရေပျော် ငှက်ကလေးများ တို့အတွက် အသိုက်အမြုံ သဖွယ် စောင့်ရှောက် ထားသည်။ မြစ်ချောင်း အင်းအိုင်များ အတွက် သန့်စင်သည့် ရေ အရင်းအမြစ်များ ထိန်းသိမ်း ဖြည့်စည်းပေး ထားသည်။
လူတို့ အပန်းဖြေ နားနေနိုင်ရန် သဘာဝ ရှုခင်းများကို ကာကွယ်ပေးထားသည်။ သန့်ရှင်းသည့် လေ ကို ရှုရှိုက်ခွင့် ရစေရန် ဖန်တီးပေးထားသည်။ နာဂစ် မုန်တိုင်း ကဲ့သို့သော သဘာဝ ဘေးအန္တရယ်များမှ လည်း ကာကွယ် ပေးထား သည်။ နောက်ဆုံး ဘေးမဲ့တောများ အနီးရှိ ဒေသခံများ၏ စားဝတ်နေရေး ပြသနာ များကို လည်း တဖက်တလမ်းက ဖြည့်စည်းပေးထားလျက် ရှိပေသည်။
အပစ်ပယ်ခံ ဘေးမဲ့တောများ
ဘေးမဲ့တောများ က ကျွန်ုပ်တို့ အတွက် အကျိုးကျေးဇူးများစွာ ထောက်ပံ့ပေးထား သော်လည်း ကျွန်ုပ်တို့ တတွေ ဘေးမဲ့တောများကို လစ်လျူ ရှု ထားကြသည်။ အပန်းဖြေ နားနေစရာ ဒေသ တစ်ခု အဖြစ်သာ သတ်မှတ် ထားကြ သည်။ ဘုရားဖူး သွားရာ ဒေသ အဖြစ်သာ သိမှတ် ထားကြသည်။ ဘေးမဲ့တောများ၏ အခန်း ကဏ္ဍ ကို အလေးမထား၊ ဘေးမဲ့တောများကို ဖျက်လိုဖျက်ဆီး ပင် လုပ်တတ်ကြသေးသည်။ ဘေးမဲ့တောများ အတွက် ပြည်သူများ ၏ အသံ မှာ တိုးတိမ် လွန်းလှသည်။ အမှုမဲ့ အမှတ်မဲ့ ဖြင့် မသိကျိုးကျွန် လုပ်တတ် ကြသေးသည်။
သို့ရာတွင် ကျွန်ုပ်တို့ မေ့ထား၍ မရသည့် အရာများစွာ ရှိနေသေးသည်။ ဧရာဝတီ မြစ်၏ အသက်သွေးကြောမှာ ခါကာဘိုရာဇီ ဖြစ်သည်။ ချင်းတွင်းမြစ်၏ အသက်သွေးကြောမှာ ဟူးကောင်းဘေးမဲ့တောနှင့် ထမံသီ ဘေးမဲ့တော ဖြစ်သည်။ ချင်းလူမျိုးတို့၏ ၀ိညာဉ်မှာ နတ်မတောင် ဖြစ်သည်။ အင်းသူအင်းသား များ၏ အသက်အိုးအိမ်မှာ အင်းလေး ကန် ဖြစ်သည်။ အပူပိုင်းဒေသ၏ အိုအေစစ်မှာ ပုပ္ပါးတောင် ဖြစ်သည်။
ဧရာဝတီတိုင်း၏ အကာအကွယ်မှာ မိန်းမလှကျွန်း ဖြစ်သလို ဆလုံလူမျိုးများ၏ ၀ိညာဉ်မှာ လည်း လန်ပိကျွန်း ပင် ဖြစ်နေပေသည်။ ကျွန်ုပ်တို့ အတွက်သာ မဟုတ် တောဘုရင် ဆင်နှင့် ကျားများ၊ ဂျီ၊ သမင်လေးများ၊ လိပ်ကလေးများ၊ ရှားပါး မိကျောင်းများနှင့် ရေပျော် ငှက်ကလေးများ အတွက် နောက်ဆုံး ခိုလှံရာ နေရာဌာန လေးများပင် ဖြစ်သည်။
အပစ်ပယ်ခံ ဘေးမဲ့တော လေးများကို ကျွန်ုပ်တို့ အလေးမထားချင် နေပါ၊ မတိုးတက်ချင် မတိုးတက်ပါ စေနှင့်၊ ခဏတာ လည်ပတ်တုန်း ညစ်ညမ်း မသွားစေရုံနှင့် သူတို့ ကမ္ဘာလေး ပျက်သုန်း ပျောက်ကွယ် မသွားအောင် ဖျက်ဆီး ခြေမှုန်း မပစ် လျင်ပင် ကျွန်ုပ်တို့ကို ကျေးဇူးတင်နေမှာ မလွဲ ဧကန်ပင် ။ ။
Dec 9, 2011
လွတ်လပ်စွာ ရှင်သန်ခွင့်
ဒီနေ့ တစ်နေ့လုံး စိတ်လက်မကြည်သာပါ။ နေ့လည်စာ စားချိန်မှာ အိပ်ယာက ထမိသော်လည်း အိပ်ရေးက လုံးဝ မ၀။ ဆက်အိပ်ချင် နေပေမယ့်လည်း အစာအိမ်က ခွင့်မပြုတော့ လူးလဲ ထရသည်။ ပေါင်မုန့်က မရှိ၊ အချိုရည်ကလည်း ကုန်နေပြီ။ အရင်နေ့က မဆေးဘဲ ထားခဲ့တဲ့ အပြစ်ကြောင့် ထမင်းအိုးကလည်း ချက်ခြင်း ဆေးလို့မရ။ ခဏ ရေစိမ် ရသေးသည်။ အစာအိမ်ကို ခဏ နှစ်သိမ့်ထားဖို့ ကော်ဖီ တစ်ခွက်ဖျော်ပြီး ရေခဲသေတ္တာထဲက အေးစက်စက် ငှက်ပျော်သီး တစ်လုံးကို ကြိတ်မှိတ်ဝါးလိုက်ရသည်။ ချိုချိုအီအီ အေးတိအေးစက်။ စားရင်းစားရင်း အတွေးက ၀င်လာ သည်။ ဒါ ငှက်ပျောသီးမှ ဟုတ်ပါရဲ့ လား။
အဖေ့ရဲ့ ငှက်ပျောပင်
ငယ်ငယ်က ငှက်ပျောသီး ကို အရမ်းကြိုက်ခဲ့သည်။ ရခိုင်သီး ချိုချိုမွှေးမွှေး။ ဘုရားပွဲကျ ဆိုလျှင် စိတ်ကို ထိန်းလို့ မရတော့။ ခြံစိုက် ၀ါသနာပါသည့် အဖေ က အိမ်ဘေးက မြေကွက်လပ်မှာ ငှက်ပျောပင်တွေ စိုက်ထားခဲ့သည်။ ငယ်ငယ်က ကျွန်တော် အဖေ့ ကို သိပ်နားမလည်ခဲ့ မိတာ အမှန်ပင်။ အဖေက တစ်ခုခု ဆို ကောင်းတာမှ ကြိုက်သည်။ တောခြုံအုံကြားမှာ ကြီးပျင်းလာရတဲ့ အဖေ အတွေးအခေါ် က အဆင့်အတန်း မြင့်ချင်သည်။ ဘာမဆို မကောင်းတာ မကြိုက်။ အကြံကြီးကြီး မှ ကြံတတ်သည်။ အဲဒါကြောင့်လည်း အမေနှင့် ခဏ ခဏ ရန်ဖြစ်ရသည်။ အမေ က စီးပွားရေး အရမ်းလုပ်ချင်သည်။ အမြတ်ရလျင် ပြီးရော။ အဖေကတော့ အဲလို မဟုတ်။ လူနေခြုံကြား စိတ်နေ ဘုံဖျား ဆိုသည့် စကားကို ပါးစပ်က မချ။ သူဌေးမှ မဖြစ်နိုင်လျင် မလုပ် ဟု အမြဲကပ်သတ် တတ်သည်။ မော်တော်ဆိုင်ကယ် ကို လေတိုး၍ မစီးချင် ဟု ဆိုကာ မ၀ယ်ချင်သူ။ လက်တွေ့မှာ မော်တော်ကားလည်း မ၀ယ်နိုင်တော့ လမ်းပဲ လျောက်မည် ဟု အမြဲတမ်း ခေါင်းမာနေတတ်သူ။ အဲဒီတော့ ငှက်ပျောပင် စိုက်တော့ သာမန် ငှက်ပျောမျိုးကို မစိုက်။ နိုင်ငံခြားမျိုးဟု သူ့ရုံးက သုတေသန စိုက်ကွက်က ရသည့် ခပ်ထွားထွား သီးမွှေး စပ်မျိုးကို စိုက်သည်။ ငှက်ပျောခိုင် ရင့်လာလျင် ပတ်ဝန်းကျင်က အိမ်များတွင်ပါ မွှေးနေတော့သည်။
သို့သော် အဖေ့ ငှက်ပျောပင်တွေကို ကျွန်တော် မကြိုက်။ တစ်ခုခု ဆို ကန့်လန့် တိုက်တတ်သည့် ကျွန်တော်က အဖေ မသိတုန်း ငှက်ပျောပင်တွေ ခုတ်သည်။ နောက်ရက်မှာ ကျွန်တော်ကြိုက်တဲ့ ရခိုင် ငှက်ပျောသီး ပင်ကို စိုက်သည်။ သားကို အရမ်းချစ်သည့် အဖေက အဲဒီအတွက် ဘာမှတော့ မပြော။ သို့သော် “မင်းတို့ သားအမိ က တော့ ခပ်တုန်းတုန်းပါကွာ” ဆိုသည့် အကြည့်နှင့် တော့ ကျွန်တော့ ကို ကြည့်သည်။ ကျွန်တော်တို့ မိသားစု စကားနှင့် ပြောရရင် ပြုံးပြုံးလေး ကြည့်နေလိုက်တယ် ဆိုရမည်ပင်။
အဖေ့ ကို ဆန့်ကျင်နိုင်ခဲ့သည့် ကျွန်တော် အခုတော့ အဖေ သဘောကျသည့် ငှက်ပျောမျိုးတွေ ကို စားနေရသည်။ အဖေ့ ကို ခေါ်ပြချင်သည်။ အဖေ သဘောကျ သည့် ငှက်ပျောမျိုးတွေ ဒီက စူပါမားကတ်တွေမှာ ပုံနေတယ် လို့။ တံဆိပ်အမျိုးမျိုး၊ ကုပ္မဏီ အမျိုးမျိုး က ထုတ်ထားသည်။ တစ်လုံးချင်းမှာ Trade Mark တွေပါ ပါသည်။ ငှက်ပျော သီးသာမဟုတ် စားချင်သည့် အသီး အကုန်ရသည်။ စနေနေ့ ညနေဆိုလျင် လျော့ဈေးနှင့် တပုံ တပင်။ ၀ယ်သူမရှိ လျင် ဖျော်ရည် လုပ်ပစ်ကြသည်။ ဒါတွေကို မြင်လျင် အဖေ သူ့ ငှက်ပျောပင်တွေကို ဂုဏ်ယူတော့မှာ မဟုတ်။ သူတို့ ရာဇ၀င်ကို သိလျင် ကျွန်တော့ အရင်ပင် အဖေ သူ့ ငှက်ပျောပင်တွေကို ခုတ်ပစ်မည် ထင်သည်။ အဖေရေ.. ဒါတွေက သဘာဝ ကို ဆန့်ကျင်ထားတဲ့ ဇီဝ သစ်သီးတွေ လေ။ လူတွေ ပုံစံသွင်းထားတဲ့ သဘာဝလွန် သစ်သီးတွေ ပါ အဖေ ရယ်။
လူသားဆန်ဆန် ရှင်သန်မှု
သမိုင်း၏ နိဂုံး (The End of History) ကို ရေးခဲ့တဲ့ ကမ္ဘာကျော် စာရေးစရာ Francis Fukuyama ရဲ့ စာအုပ်တစ်အုပ် ၂၀၀၂ ခုနှစ် က ထွက်ခဲ့သည်။ လူသားမဆန်တော့တဲ့ အနာဂတ် (Our Post-human Future) ဟု အမည် ပေးထား သည်။ ဇီဝနည်းပညာ တိုးတက်လာမှုနဲ့ လူသားဆန်စွာ နေထိုင်ခြင်းအကြောင်းကို ဆွေးနွေးထားသည်။ ကျွန်တော် အရမ်းကြိုက်တဲ့ ဆရာမင်းလူ ရဲ့ သင်္ခါရ အခွင့် အရေး ဆိုတဲ့ ဆောင်းပါးလိုပင်။ ဇီဝနည်းပညာ (Biotechnology) တိုးတက် လာတာနဲ့ အမျှ ကျွန်ုပ်တို့ လူသား ဆန်ဆန် ရှင်သန်ခွင့် နည်းပါးလာသည်။ မျိုးရိုးဗီဇ ပြောင်းလဲခြင်း နည်းပညာ (Genetic Engineering) အဆင့်မြင့် လာလေလေ လူသားဆန်ခွင့် နည်းပါးလာလေလေပင်။ အမေရိကန် နာမည်ကျော် သတင်းစာ ဆရာ Tom Wolfe ရဲ့ “စိတ်မကောင်းပါဘူးဗျာ၊ ခင်ဗျားရဲ့ ၀ိညာဉ် ခင်ဗျားကိုယ်မှာ မရှိတော့ဘူး” (Sorry, but Your Soul just died” ဆိုတဲ့ ဆောင်းပါး တစ်ခုမှာလည်း ဇီဝနည်းပညာ က ဒါဝင်ရဲ့ ဆင့်ကဲပြောင်းလဲခြင်း သီအိုရီ ကို နင်းခြေလိုက်သည်၊ ကျွန်ုပ်တို့ ပိုင်ဆိုင်တဲ့ ၀ိညာဉ်က ကျွန်ုပ်တို့ ၀ိညာဉ် မဟုတ်တော့ ဟု ဆိုထားသည်။ ရှင်သန်ခြင်းကို ကျွန်ပြူတာ ပရိုဂရမ် တစ်ခုလို ကျွန်ုပ်တို့ ဘ၀ထဲမှာ ထဲ့သွင်းထားတာ ခင်ဗျားရော လက်ခံနိုင်မှာလား။
အရမ်းရင်းနှီးတဲ့ သူငယ်ချင်း တစ်ယောက်နဲ့ ဘ၀ ခံယူချက်အကြောင်း ဆွေးနွေးဘူးသည်။ အဲဒီတုန်းက ကျွန်တော့ ကို သူမ က ဝေဖန်ခဲ့သည်။ ဘ၀ မှာ အထူးသဖြင့် လူမှု ဆက်ဆံရေးမှာ နှလုံးသား ခံစားချက် မပါဘဲ သီအိုရီ ကျကျ နေထိုင်တာကို ကန့်ကွက်ခဲ့သည်။ စိတ်ထဲမှာ ရှိသည့်အတိုင်း နေစေချင်ခဲ့သည်။ အကယ်၍ စိတ်ထဲမှာ ကိုယ်က သီအိုရီ အတိုင်း ပရိုဂရမ်တစ်ခုလို ရှိနေခဲ့ရင် လက်ရှိရနေတဲ့ ဘ၀ က အနှစ် သာရ မရှိတော့ဟု ဆိုသည်။ သူမ ဝေဖန် ချက်ကို ကျွန်တော် မငြင်းခဲ့။
မိတ်ဆွေရဲ့ဘ၀မှာ သဘောကျနှစ်သက် တဲ့ ကောင်မလေး (ကောင်လေး) တစ်ယောက်ရဲ့ ပုံကို ပြောပါ။ Plastic surgery နဲ့ ကျွန်တော် အတိအကျ ခွဲစိတ်ပေးထားတဲ့ တစ်ယောက်ကို ခင်ဗျားကို ပေးမယ် ဆိုရင် နှစ်နှစ်ကာကာ မြတ်နိုး နိုင်ပါ့မလား။ မိတ်ဆွေ လိုချင်တဲ့ စိတ်ထားအတိုင်း အတိအကျ ဖြစ်လာအောင် လူတစ်ယောက်ရဲ့ စိတ်ဓါတ် ကို ဇီဝနည်းပညာနဲ့ ပြောင်းလဲ ဖန်တီးပေးထားမယ် ဆိုရင်ကော သူ့ကို သဘောကျနိုင်ပါတော့မလား။ ကျွန်တော် လောင်းရဲသည် မိတ်ဆွေ လိုချင်တော့မှာ မဟုတ်တာ သေချာသည်။ ဒါဆိုရင် အခု ကျွန်တော်တို့ စားနေတဲ့ အစားအသောက် အသီးအနှံ တွေကိုရော ကိုယ်လိုချင်တဲ့ အနံ့အသက်၊ အရသာ၊ အရွယ်အစား အတိုင်း အတိအကျ ဖန်တီးထားတာတွေကရော လက်ခံနိုင်စရာ ရှိပါရဲ့လား။ ကြည့်ဘူးခဲ့တဲ့ သိပ္ပံရုပ်ရှင် ဇာတ်ကား တစ်ကားထဲကလို (ဇာတ်ကား အမည် မမှတ်မိတော့ပါ) ခန္ဓာကိုယ်က လိုအပ်တဲ့ ဗီတာမင်၊ သတ္တုဓါတ်၊ အာဟာရဓါတ်တွေ ကို ဓါတု ဆေးလုံးကလေးတွေ အဖြစ်ပြောင်းလဲပြီး၊ လိုအပ်သလောက် သောက်ပြီး ဘယ်သူနေနိုင်မှာလဲ။ ချဉ်ချဉ်စပ်စပ် ရောဂါရစေတဲ့ ရှောက်သီးသုတ်လို ငပိရည်တို့လို အစားအစာတွေ မစားဘဲ ကျန်းမာရေးအတွက် လိုအပ်တဲ့ ဆေးလုံး ကလေးတွေ စားပြီးတော့ အသက်ရှင်နေမယ် ဆိုရင်ရော ဘ၀က အဓိပ္ပါယ်ရှိတော့မှာလား။
တိုးတက်လာတဲ့ ဇီဝနည်းပညာ
ဇီဝနည်းပညာ တိုးတက်လာတာ ကို ကျွန်တော်အနေနဲ့ လည်း ကြိုဆိုပါတယ်။ တိုးတက်လာတဲ့ လူဦးရေကို လောက်ငှအောင် ကျွေးထားနိုင်ဖို့ အနည်းနဲ့ အများတော့ လိုအပ်ပါတယ်။ ဒီနေရာမှာ ဇီဝ နည်းပညာအကြောင်း နည်းနည်း မိတ်ဆက်ပေးပါရစေ။
ဒီဘက်ခေတ်မှာ လူသားတွေရဲ့ ဘ၀ ကို အဓိက ပြောင်းလဲလိုက်တဲ့ နည်းပညာ ၂ ခု ရှိပါတယ်။ တစ်ခုက အခု မိတ်ဆွေ သုံးနေတဲ့ အိုင်တီ နည်းပညာပါ။ အခု လူသားတော်တော်များများရဲ့ ဘ၀မှာ အိုင်တီ မရှိရင် အသက်မရှင်နိုင်တော့ သလိုကို ဖြစ်လာပါပြီ။ အီးမေးလ် မစစ်ရရင်၊ ဖေ့စ်ဘွတ်ခ် မသုံးရရင်၊ တယ်လီဖုန်း မရှိရင်၊ ကွန်ပြူတာ ဂိမ်း မဆော့ရရင်…. အသက်မရှင် နိုင်တော့ လောက်အောင် ဖြစ်နေတဲ့ သူတွေ အများကြီး ပါပဲ။ အင်တာနက် စနစ်သာ မရှိတော့ရင် လူမှု စနစ်ကြီး တစ်ခုလုံး ပျက်စီးသွားနိုင်တဲ့ အနေအထားတွေ အများကြီး ဖြစ်လို့နေပါပြီ။ ဘဏ်စနစ်တွေ၊ ပို့ဆောင်ရေး စနစ်တွေ၊ နောက် စစ်လက်နက် ထိန်းချုပ်မှု စနစ်တွေ ဒါတွေ အားလုံးက အိုင်တီ နည်းပညာ နဲ့ ထိန်းချုပ်ထားသလို ဖြစ်နေပါပြီ။ ကျောက်ခေတ်၊ သံခေတ်၊ စက်မှုခေတ်၊ ကိုလိုနီခေတ် တို့ ဆိုခဲ့သလို ဒီဘက်ခေတ်ကိုလည်း အိုင်တီခေတ်လို့ အတိအကျ သတ်မှတ်နိုင်တဲ့ အနေအထား ရောက်နေပါပြီ။
ရုပ်မလှတဲ့ မျိုးရိုးက မွေးလာမည့် ကလေးကို ရုပ်လှစေတဲ့ မျိုးရိုးဗီဇ ထည့်ပေးလိုက်တာနဲ့ ရုပ်ရည်ချောမော လာမှာပါ။ အရမ်းချဉ်တဲ့ သံပုရာသီးကို ချဉ်စေတဲ့ မျိုးရိုးဗီဇကို ဖယ်ထုတ် လိုက်ရင် ချဉ်မှာ မဟုတ်တော့ပါဘူး။ အိုင်တီ စကားနဲ့ ပြောရရင် ကိုယ်လိုချင်တဲ့ ပုံစံတစ်ခုရဖို့ ပရိုဂရမ် တစ်ခု အင်စတောလ် လုပ်လိုက်တာပါပဲ။
လွတ်လပ်စွာ ရှင်သန်ခြင်း
ကမ္ဘာကျော် တွေးခေါ်ပညာရှင် အရစ္စတိုတယ်လ် (Aristote) က လူ့အခွင့်အရေး (Human Right) ဆိုတာ လူသားဆန်စွာ နေထိုင်ခွင့် ရှိတာ လို့ ဆိုခဲ့ပါတယ်။ လူသားဆန်တယ် ဆိုတာကလည်း လူ့သဘာဝ (Human Nature) အတိုင်း လွတ်လပ်စွာ ရှင်သန် တာကို ဆိုလိုတာပါ။ မိမိဘ၀၊ မိမိဆန္ဒ၊ မိမိ စိတ်ခံစားချက်၊ မိမိ ယုံကြည်ချက် အတိုင်း သဘာဝ က ပေးလာတဲ့ အနေအထား အတိုင်း လွတ်လပ်စွာ ရှင်သန်တာကို ဆိုလိုတာပါ တဲ့။ အဲဒီလိုပဲ တိရစ္ဆာန် လေးတွေကို သူတို့ သဘာဝ အတိုင်း ရှင်သန်ခွင့်ပေးတာ တိရစ္ဆာန် အခွင့်အရေးပါ။ လှောင်အိမ် ထဲက ငှက်ကလေး တစ်ကောင်ဟာ သာမန်အားဖြင့် သူ့အတွက် လုံခြုံမှု ရှိပေမယ့် သူ ပျော်မှာ မဟုတ်ပါဘူး။ ခွေးလေး တွေကို လူ့မျက်လုံးနဲ့ ချစ်စရာ ကောင်းအောင် အရောင် ကြောင်ကြောင်ကြားကြား ကျွန်တော်တို့ ဖန်တီးပေးထား ပေမယ့် သူ့ဘ၀သူ အခြား ခွေးတွေလို သဘာဝ အတိုင်း ရှင်သန်ချင်မှာပါ။ ဒီလိုဆိုရင် ကျွန်တော်တို့ အပင်လေးတွေ ကရော……..။ သူတို့ကိုလည်း သူတို့သဘာဝအတိုင်း လွတ်လပ်စွာ ရှင်သန်ခွင့် ပေးကြရ အောင်လားဗျာ…….။
Nov 23, 2011
သစ်တစ်ပင်၏ အခွင့်အရေး
အကယ်၍ သစ်ပင်တွေသာ စကားပြောတတ်လျင်၊ သစ်ပင်တွေသာ လှုပ်ရှားနိုင်မည် ဆိုလျင် ကျွန်ုပ်တို့ သစ်ပင်တွေကို ရက်ရက် စက်စက် ခုတ်လှဲတဲ့ အခါ၊ အမြစ်ကနေ အရှင်လတ်လတ် နှုတ်ယူတဲ့ အခါ သားသတ်ရုံက တိရစ္ဆာန်တွေလို လူးလွန့်ရုံးကန်နေမည်လား၊ ဒါမှမဟုတ် အော်ဟစ်ငြီးတွား နေလေမည်လား….။
တခါတလေ စဉ်းစားမိသည်။ ကျွန်ုပ်တို့ လူသားတွေပဲ ရက်စက်လွန်းနေလား၊ လောဘဇောပဲ မသတ်နိုင်တော့ လေသလား၊ ဒါမှမဟုတ် မစဉ်းစားနိုင် မတွေးခေါ်နိုင်ပဲ ဖြစ်နေကြသည်လား။ သူတို့မှာရော ကိုယ်ပိုင် အခွင့်အရေး မရှိသင့်ဘူးလား။ တရားမျှတကြပါ၊ လူတစ်ယောက်ရဲ့ အခွင့်အရေးကို လေးစားကြပါ၊ ဘာဖြစ်ကြပါ၊ ညာဖြစ်ကြပါ အော်နေကြတဲ့ လူတိုင်းကရော ဘာလို့ သစ်ပင်တွေရဲ့ အခွင့်အရေးကို မတောင်းဆိုပေးကြတာလဲ။
သစ်တောသမားတစ်ယောက်အနေနဲ့၊ အထူးသဖြင့် သစ်တောတွေကို စီးပွားရေးအကျိုးအမြတ်ရအောင် စီမံအုပ်ချုပ်ဖို့ စဉ်းစားတွေးခေါ်နေရသူ တစ်ယောက်အနေဖြင့် တခါတခါ အဲသလို ရူးကြောင်ကြောင် အတွေးအခေါ်တွေ ၀င်ဝင် လာတာ အတော် ဂွကျလှသည်။ ကိုယ့်ကိုယ်ကိုယ်လည်း စိတ်မလုံ။ အပြစ်ကြီးတစ်ခု ကျူးလွန်နေသလိုလည်း ခံစားမိသည်။ ဖြစ်လာမှတော့လည်း လက်တွေ့ ဘာမှ မတတ်နိုင်။ စိတ်ထဲက တွေးနေရုံသာ တတ်နိုင်တော့သည်။
တကယ်တော့ သစ်ပင်ဆိုတာ သက်ရှိတစ်ခု ပင်ဖြစ်သည်။ ဟုတ်ရဲ့လား ဟု မေးချင်မေးကြမည်။ ဟုတ်ပါတယ် ဟု ထောက်ခံချင် ထောက်ခံမည်။ မဟုတ်လောက်ပါဘူး ငြင်းချက် ထုတ်ချင် ထုတ်ကြမည်။ မည်သို့ဆိုစေ သိပ္ပံပညာ အခေါ်အဝေါ်အရ သစ်ပင်သည် သက်ရှိဖြစ်သည်။ သက်ရှိဆိုသည်မှာ အချိန်အပိုင်း အခြား တစ်ခု အထိ ဆက်တိုက် ရှင်သန်နေသော၊ ပတ်ဝန်းကျင်မှာ ဖြစ်ပျက်နေတာကို တုန့်ပြန်နိုင်သော၊ မျိုးပွားနိုင်သော၊ ကြီးထွားနိုင်သော၊ ဖွံ့ဖြိုးနိုင်သော၊ Homoeostasis ဟု ခေါ်သည့် မူလသဘာဝ ကို ရေရှည်ထိန်းသိမ်းထားနိုင်သော အစွမ်းသတ္တိ ရှိသော မည်သည့်အရာကို မဆို သက်ရှိအဖြစ် သတ်မှတ်သည်။ လူသားတွေ၊ သားငှက် တိရစ္ဆာန်တွေ၊ ဇီဝပိုးမွှားတွေ၊ အားလုံးကို သက်ရှိလို့ သတ်မှတ်သလို သစ်ပင်များကိုလည်း သက်ရှိလို့ သတ်မှတ်ကြသည်။ ဗုဒ္ဓဘုရား ကလည်း သစ်ပင်ကို သက်ရှိဖြစ်သည် ဟု သိပ္ပံပညာရှင်တွေ သက်သေမပြနိုင်ခင်ကတည်းက ဟောကြားခဲ့သည် ဆိုသည်ကို တစ်နေရာရာမှာ ဖတ်ခဲ့ဘူးသည်။ ဒါဆိုရင်တော့ ဘုရားဟောသည့် ပါဏာတိပါတာ ကို ပြန်လည် ဆန်းစစ်ရမလိုပင်။ Vegetarian အဖြစ် စားသောက်တာ တကယ်ပဲ သက်သတ်လွတ် ပါရဲ့လား။
တကယ်တော့ သစ်ပင်ဆိုတာ ကျွန်ုပ်တို့နည်းတူ ဤကမ္ဘာမြေကြီးပေါ်တွင် အသက်ရှင်နေထိုင်လျှက်ရှိသော များစွာသော သက်ရှိမျိုးစိတ်များထဲက တစ်ခုပင်ဖြစ်သည်။ အစာစားသည်၊ အညစ်အကြေးစွန့်သည်၊ မျိုးပွားသည်။ ကျွန်ုပ်တို့နှင့် မတူသည်မှာ သစ်ပင်များက မရွေ့လျှားနိုင်ခြင်းနှင့် စကား မပြောတတ်ခြင်းပင်ဖြစ်သည်။ အမှန်တော့ မရွှေ့လျားနိုင်တာမဟုတ်၊ သစ်ပင်၏ အမြစ်များက ရေရှိရာ အဟာရဓါတ်ရှိရာကို ရွှေ့လျားသွားလာကြသည်။ သစ်ရွက်များကလည်း နေရောင်ရှိရာဘက်သို့ ယိမ်းယိုင်မျက်နှာမူကြသည်။ ထို့အတူ နွယ်ပင်များကို ကြည့်လျှင် ၄င်းတို့ တွဲခိုစရာ အခြားအရာဝတ္တုများဆီသို့ ဦးတည်ရွှေ့လျားတတ်ကြသည်။ လူတွေ၊ တိရစ္ဆာန်တွေလို ခုန်ပေါက်ရွှေလျား၍ မရသည်သာ ရှိသည်။ ဒါကလည်း လောက သဘာဝအရ မလိုအပ်၍ မရွေ့လျားခြင်း ဖြစ်မည်ထင်သည်။ သစ်ပင်တွေမှာ ကိုယ်ပိုင် အစာချက်နိုင်စွမ်းရှိသည်။ အမြစ်ကလည်း မြေကြီးထဲမှာ အဟာရဓါတ်ကို ထုတ်ယူ သုံးစွဲနိုင်စွမ်းရှိသည်။ ကျွန်ုပ်တို့ လူသားတွေလို တိရစ္ဆာန်တွေလို ခုန်ပေါက်ပြေးလွှား အစာရှာစရာမလို။ သူတို့အတွက် အလိုလို ပြည့်စုံနေသည်။ ဒါ့ကြောင့်လည်း ကမ္ဘာပေါ်ရှိ သက်တမ်းအရှည်ဆုံး သက်ရှိမှာ သစ်ပင်တွေ ဖြစ်နေခြင်း ဖြစ်သည်။
ဒါတင်မက သစ်ပင်တွေ လည်း အချင်းချင်း တစ်နည်းနည်းဖြစ် ဆက်သွယ်ကြသည်ဟု သိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိထားသည်။ ၂၀၀၉ ခုနှစ် ထုတ် Ecological Letter Journal တွင် ကယ်လီဖိုးနီးယားတက္ကသိုလ်နှင့် ဂျပန်နိုင်ငံ ကျိုတို တက္ကသိုလ် တို့မှ ပညာရှင်များ ပူးပေါင်း သုတေသန ပြုထားသည့် Self-recognition affects plant communication and defense ဟူသော စာတမ်းတွင် သစ်ပင်တွေမှာ မိမိနှင့် မျိုးစိတ်တူသူ (Self) နှင့် မျိုးစိတ် မတူသူ (Non-self) ဟူ၍ ခွဲခြားနိုင်စွမ်းရှိကြောင်းနှင့် ပိုးမွှားအန္တရာယ် တစ်ခုခုနှင့် ရင်ဆိုင်ရပါက မိမိတို့ မျိုးစိတ်အချင်းချင်း ဆက်သွယ် အသိပေးကြကြောင်း စမ်းသပ်တွေ့ရှိထားကြသည်။ ဒါ့အပြင် သစ်ပင်များတွင် Body Language ဖြင့် ဖော်ပြနိုင်သည့် အစွမ်းသတ္တိလည်းရှိကြသည်။ ဤသို့ဆိုလျှင် ကျွန်ုပ်တို့ အနေဖြင့် သစ်ပင်များကို သက်ရှိ အဖြစ် သတ်မှတ်သင့်သည် ဟု ထင်သည်။ သတ်သက်လွတ်စားပါသည် ဟု ဆိုသူများ သတိထား ဆင်ခြင်ရပေမည်။
နောက်တစ်ချက်မှာ သစ်ပင်များသည် လူသားတို့အပေါ် ကောင်းကျိုးအပြုဆုံး သက်ရှိဟုပင် ဆိုရပေမည်။ ကျွန်ုပ်တို့ ရှူသွင်းနေသည့် လေကို သန့်စင်အောင် သန့်ရှင်းပေးသည်။ ကျွန်ုပ်တို့ ရှူထုတ်လိုက်သော၊ ကျွန်ုပ်တို့ အသုံးအဆောင်များမှ ထုတ်လွှတ်လိုက်သော ကာဗွန်ဒိုင်အောက်ဆိုဒ်ကို အောက်ဆီဂျင်အဖြစ် ပြန်လည် သန့်စင် ပေးသည်။ ကျွန်ုပ်တို့ စားသောက်နိုင်ရန် အသီးအရွက်များ ထောက်ပံ့ပေးသည်။ အမြစ်များက ရေကို သန့်စင်ပေးသည်။ တဖန် ကျွန်ုပ်တို့ နေစရာ၊ ၀တ်စရာနှင့် အခြား အသုံးအဆောင်များကို လည်း ထောက်ပံ့ပေးသည်။ သစ်ပင်၏ ကျေးဇူးကို ဖော်ပြလျှင် ကုန်နိုင်မည် မထင်လှ။ လူသားတွေက Symbiosis တို့ Co-evolution တို့ သာ အော်နေကြသည်။ အမှန်တော့ သစ်ပင်တွေက ကျွန်ုပ်တို့ လူသားတွေ ထံမှ ဘာမှ မလိုပေ။ ကျွန်ုပ်တို့ အကျိုးပြုတာ တစ်ခုပင်ရှိသည်။ သစ်ပင်မျိုးစိတ်တွေ မျိုးတုန်းသွားအောင် ခုတ်လှဲပစ်ခြင်းသာ ဖြစ်သည်။ ဒါကိုလည်း သစ်ပင်များက ဗွေမယူ၊ လူသားအကျိုးပြု အနေဖြင့်သာ ပေးဆပ်မြဲအတိုင်း ပေးဆပ်နေသည်။ အမှန်ဆိုရလျှင် မိဘကျေးဇူး ထက်မပိုတောင် မိဘကျေးဇူးထက် မလျော့။ ဤသို့ဆိုလျင် Vegetarian ဆိုသူများ ကျေးဇူးသိတတ်မည်ဆိုလျှင် Animarian အဖြစ် ပြောင်းလဲဖို့ စဉ်းစားကြဖို့ လိုလေပြီ။ တိရစ္ဆာန်ကျေးဇူးထက် အပင်ကျေးဇူးက များနေသည် မဟုတ်လား။
ကဲ ဒီလိုဆိုတော့ ကျွန်တော်တို့က အပင်တွေကို မထိဘဲ ဒီအတိုင်း အငတ်ခံရတော့မှာလား ဟု ပြောကောင်းပြောမည်။ မထိဘဲ နေစရာမလိုပါ။ အပင်တွေက အစကတည်းက စွန့်လွှတ်အနစ်နာ ခံပြီးသားပါ။ အချစ်အတွက် ပေးဆပ်ပါတယ် ဆိုသူတွေလို တဖက်လှည့်နဲ့ ရယူသွားကြတာ မဟုတ်ပါဘူး။ သူတို့ခန္ဓာကိုယ်ကို လုံးဝ ပေးဆပ်ထားတာပါ။ ကျွန်တော်တို့ စောင့်ထိန်းသင့်တာက သူတို့ အသက်အန္တာရာယ်ကို မထိခိုက်စေရုံတင်ပါ။ အခုနောက်တမျိုးလာတာက Biotechnology လို့ခေါ်တဲ့ ဇီဝနည်းပညာ။ ဖရုံသီးကို လှည်းဘီးလောက် ကြီးလို့ကြီး၊ မျိုးမတူတဲ့ အပင်တွေ အတင်း ပေးစားလို့ ပေးစား၊ ကိုယ်တွေကျတော့ အိမ်ထောင်တွေပြုကြ၊ သားသမီးမရရင်ဘဲ လူဖြစ်ရှုံးမတတ် ပူကြပန်ကြနဲ့ အပင်လေးတွေကျတော့ မျိုးမအောင်အောင် လုပ်လို့လုပ်၊ ၀တ်မှုန်အကူးမခံကြပဲ တစ်ရှူးကာလ်ချာလ် ပွားလို့ပွားနဲ့။ သူတို့လေးတွေလည်း ၀တ်မှုံကူးတယ်ဆိုတာ ဘာသာဘာဝ ပျော်မြူးကြတာပဲ မဟုတ်ပေဘူးလား။
သစ်ပင်တွေကို မသတ်ဘဲ သစ်ပင်တွေက သစ်သီးတွေ၊ သစ်ရွက်တွေ လိုသလောက် ခူးစားနိုင်သည်။ အရိပ်နေနေ အခပ်ချိုးချိုး ဆိုတာ တကယ်တော့ အပင်လိုက် ခုတ်လှဲ သတ်ဖြတ်သည့် သူများထက်တော့ ပိုကောင်းနေသည်။ အဆိုးဆုံးကတော့ မျိုးတုန်းအောင် အထိ ရက်စက်သူများ ပင်ဖြစ်သည်။ ကျွန်တော်တို့တတွေ ခင်ဗျားတို့တတွေ Human Right ၊ Wemen Right ၊ Animal Right တို့ ဟိုနေရာအော်၊ ဒီနေရာမှာ အော်နဲ့ ၊ Plant Right ကိုတော့ မည်သူမှ မအော်ကြ။ Plant Right ကို တောင်းဆိုဖို့၊ အပင်တွေဘက်ကနေ ရပ်တည်ပြောဆိုဖို့ တကယ်ပင် မေ့နေကြပြီးလား။ ကျွန်ုပ်တို့ ၀တ္တရား ပျက်ကွက်နေသည်ဟု ထင်မိပါသည်။
Nov 16, 2011
သဘာဝဘေးအန္တရာယ်တွေ ပိုးမိုဆိုးရွားလာနိုင်မှာလား
၂၀၁၂ ခုနှစ်တွင် ကမ္ဘာပျက်မည်ဟု ဘာသာကြီး အချို့က ဟောကိန်းထုတ်ကြသည်။ အမှန်တကယ် ဖြစ်လာမည် ဖြစ်မလာဘူး ဆိုသည်ကတော့ စောင့်ကြည့်ရုံပင်။ သို့ရာတွင် လက်တွေ့ကာလတွင်ရော ကျွန်ုပ်တို့ ကမ္ဘာကြီးတွင် ဘာတွေဖြစ်နေသနည်း။ ၂၀၁၁ ခုနှစ် တစ်ခုတည်းမှာပင် သဘာဝ ဘေးအန္တရာယ်ဆိုးတွေ ဘယ်နှစ်ကြိမ်ဖြစ်ခဲ့ပြီလဲ။ ဆူနာမီတွေ၊ ဆိုင်ကလုန်းတွေ၊ ဟာရီကိန်းတွေ ဖြစ်လိုက်ကြတာ မနည်း။ ပျက်စီးဆုံးရှုံးမှုများက မရေမတွက် နိုင်။ အသက်စွန့်သွားရသူတွေလည်း မနည်း။ သူတို့အတွက်တော့ ကမ္ဘာပျက်သည့် နှယ် ခံစားသွားခဲ့ကြရမှာ သေချာသည်။ စိတ်မကောင်းရုံမှလွဲပြီး ဘာမှ မတတ်နိုင်။ မိမိအလှည့် ဘယ်အချိန်ရောက်လာမည် မသိ။ ဘယ်သူမပြု မိမိမှု ဟူသည့် မြန်မာစကားပုံနှယ်။ တကယ့်ကို ဘယ်သူမပြု မိမိမှုသာပင်။
ဘာသာရေးအဆိုအရ ကိုယ်ပြုသည့်ကံ ကိုယ်သာခံရမည် တဲ့။ ဗုဒ္ဓဘာသာကလည်း ဆိုသည်။ ခရစ်ယာန်၊ ဟိန္ဒူ၊ အစ္စလမ် ဘာသာတိုင်းလိုလို ထိုသို့ဆိုခဲ့သည်။ ဤအဆိုအရဆိုလျှင် ယခု သဘာဝ ဘေးအန္တရာယ်ဆိုးတွေဖြစ်လာ သည်မှာ ကျွန်ုပ်တို့ လူသားတွေ ဘာတွေလုပ်ခဲ့၍လဲ။ ဘာတွေ မှားခဲ့၍လည်း။
အဖြေကရှင်းသည်။ ကျွန်ုပ်တို့ ကမ္ဘာကြီး အပေါ် အလေးမထား၊ respect မရှိခဲ့ကြပဲ အတ္တနောက်သို့ ကောက်ကောက် ပါအောင် လိုက်ခဲ့ကြ၍ပင် ဖြစ်သည်။ ကျွန်ုပ်တို့ ကမ္ဘာကြီးကို ညစ်ညမ်းအောင် ပြုလုပ်ခဲ့သည်။ သဘာဝ အရင်းအမြစ် တွေကို လိုအပ်သည်ထက် ပိုမို သုံးစွဲခဲ့သည်။ သဘာဝ တရားကို လွန်ဆန်ခဲ့သည်။ Nature Dignity ကို မေ့လျော့ခဲ့ကြသည်။ ကျွန်ုပ်တို့ ဘိုးဘေးတွေ စိတ်တိုင်းကျ ကမ္ဘာကြီးကို ဖျက်ဆီးသွားကြသည်။ တွင်းထွက်လောင်စာတွေ အဆမတန် ဖြုန်းတီးခဲ့သည်။ လေထုကို ညစ်ညမ်းအောင် လုပ်ခဲ့သည်။ သက်ရှိတွေ ရပ်တည်ရန် မရှိမဖြစ် လိုအပ်သည့် သစ်ပင်သစ်တောတွေ အဆမတန် ခုတ်လှဲခဲ့သည်။ ဂေဟစနစ်တွေ ဖျက်ဆီးခဲ့သည်။ ကျွန်ုပ်တို့ကို ခရမ်းလွန်ရောင်ခြည် ဒဏ်က ကာကွယ်ပေးထားသည့် အိုဇုန်းလွှာကို ဖျက်ဆီးစေခဲ့သည်။ မုန်တိုင်းတွေကို ကာကွယ် ထားသည့် လေကာဒိုင်း (Wind Shear) တွေကို ဖျက်ဆီးခဲ့သည်။
သူတို့တွေ စိတ်တိုင်းကျ ဖျက်ဆီးသွားခဲ့တာ အကြောင်းမဟုတ်။ အခု သူတို့ အပြစ်တွေ ကျွန်ုပ်တို့ မျိုးဆက်တွေ စုပြုံ ခံစားနေရသည်။ သေကြ၊ ကြေကြ၊ အိုးပျက် အိမ်ပျက်နှင့် ဒုက္ခတွေ ပင်လယ် ဝေနေကြရသည်။ ဘယ်သူ့ကို သွားပြီး စောတက တက်ရမည်နည်း။ ဘယ်သူ့ကိုမှ စောတက တက်၍ မရ။ တရားခံအားလုံး လူ့လောကမှ မရှိကြတော့။ ဘာမှ မတတ်နိုင်။
ဘန်ကောက်မြို့ ကြီး ရေအောက်ရောက်နေတာကို ကြည့်။ ဘယ်သူတွေ Plan ချခဲ့တာလည်း။ Drainage system, Sewage system တွေ ဘယ်သူတွေ ရေးခဲ့တာလဲ။ လွန်ခဲ့တဲ့ နှစ် ၅၀ ခန့်က ဖြစ်ချင်ဖြစ်မည်။ နှစ် ၁၀၀ ခန့် က ဖြစ်ချင်ဖြစ်ခဲ့မည်။ ဒါပေမယ့် အခု လည်စင်းခံနေရသည်က လက်ရှိမျိုးဆက်။ ကျွန်တော်တို့ရဲ့ မဟာ ရန်ကုန် ကြီးရော ဘန်ကောက်လို မဖြစ်လာနိုင်ဘူးလား။ နောက် ၄၊ ၅ နှစ် ခန့်တွင်ပင် ဖြစ်လာနိုင်သည်ဟု ထင်သည်။ ဘန်ကောက် မြို့ထက် အဆ ဘယ်လောက် စနစ်ကျသလဲ၊ အဆ ဘယ်လောက် စနစ် မကျဘူးလဲ။ ဘန်ကောက် မရောက်ဘူးသည့် ကလေး တောင် သိမည် ထင်သည်။ ဒါဆို ကျွန်တော်တို့ကရော ဒီအတိုင်း အဖြစ်ခံမှာလား။ ပါးစပ်ပိတ် လက်ပိုက်ပြီး ကြည့်နေကြမှာလား။
အရေးကြီးတာက ကျွန်တော်တို့ရဲ့ အနာဂတ် မျိုးဆက်တွေ။ သူတို့တတွေရော ကျွန်တော်တို့လို ဒုက္ခခံကြ ရအုံး မှာလား။ လူ့လောက ကို ရောက်ရောက်ခြင်း၊ လောကအကြောင်း ဘာမှ မသိသေးခင်မှာ ဘေးအန္တရာယ်ဆိုး တွေကို ခါးဆီး ခံစေမှာလား။ ကျွန်တော်တို့ ကရော သူတို့တတွေကို ထပ်ပြီး ဒုက္ခပေးနေကြအုံးမှာလား။ အားလုံး စဉ်းစား စေချင်သည်။
အခု လက်ရှိကာလကို ကြည့်။ မုန်တိုင်းတွေ၊ ငလျှင်တွေ၊ သဘာဝ ဘေးအန္တရာယ်တွေ။ ဒါတွေအားလုံး ရပ်တန့်သွားမှာလား။ ဘယ်နည်းနဲ့မှ မဖြစ်နိုင်တော့။ Adaptation တွေ၊ Mitigation တွေ ဘာမှ မတတ်နိုင်။ ဂျပန်မှာ ဆူနာမီ ဖြစ်သည်။ စီးပွားရေး ထပ်ဆုံးနားမှာရှိသည့် နိုင်ငံတောင် ဘာမှမတတ်နိုင်။ ကျွန်တော်တို့ တတွေ နာဂစ်မှာ အလူးအလဲ ခံခဲ့ရတာ အပြစ်မဆိုသာ။ ဖြေသာသည် မဟုတ်ပေမယ့် ရှောင်လွှဲလို့ မလွယ် ဆိုသည်ကိုတော့ လက်ခံရပေမည်။ နောင်မဖြစ်အောင် ကာကွယ်ရန်သာလိုသည်။
မုန်တိုင်းဆိုသည်မှာ သဘာဝ ဘေးအန္တရာယ်ဆိုပေမယ့် သဘာဝ အလျှောက် ခဏခဏ ဖြစ်လာသည်မဟုတ်။ သိပ္ပံပညာရှင်များ၏ အဆိုအရ မုန်တိုင်းတွေ ခဏ ခဏ ဖြစ်လာရသည်မှာ လေထု ညစ်ညမ်းမှုကြောင့် ဖြစ်သည် ဟု ဆိုသည်။ သုတေသန တစ်ခုအဆိုအရ ၁၉၇၉ ခုနှစ်က စ၍ ၂၀၁၀ ခုနှစ်အထိ လေထုညစ်ညမ်းမှု မြင့်မားလာသည်နှင့် အမျှ အပူပိုင်း မုတ်သုန် ဆိုင်ကလုန်းဖြစ်ပွားမှု ပမာဏ လည်း များလာသည်ဟု ဆိုသည်။ လေထုထဲတွင် Haze လို့ ခေါ်သည့် မြူမှုန်ပမာဏ တိုးမြင့်လာသည်နှင့် အမျှ မုန်တိုင်း ဖြစ်ပွားနိုင်မှု အလားအလာ မြင့်မားလာသလို၊ ဖြစ်လာသမျှ မုန်တိုင်းများကိုလည်း ကုန်းတွင်းပိုင်းသို့ ၀င်ရောက်နိုင်မှု မြင့်မားစေသည်။
ပညာရှင်တို့ အဆိုအရ ၁၉၆၀ ခုနှစ် နောက်ပိုင်း အိန္ဒိယ သမုဒ္ဒရာ အပေါ်ရှိ လေထု ထဲတွင် Aerosol ဟု ခေါ်သည့် လေထု ညစ်ညမ်းစေသော အမှုန်အမွှား ပမာဏ မှာ ၆ ဆ ခန့် မြင့်မားလာသည် ဟု ဆိုသည်။ လက်ရှိ အခြေအနေတွင် သမုဒ္ဒရာ ရေပြင် အထက်တွင် မီတာ ၃၀၀၀ ခန့် အထူရှိသော Aerosol အလွှာ ဖြစ်ပေါ်နေသည် ဟု ဆိုသည်။ အဆိုပါ Aerosol အလွှာတည်ရှိနေခြင်းက သမုဒ္ဒရာ မျက်နှာပြင် အပူချိန်ကို လျော့နည်းစေပြီး၊ Wind Shear ဟု ခေါ်သည့် မုန်တိုင်း မဖြစ်ပေါ်စေရန် ကာကွယ်ပေးထားသော အလွှာကို လျော့နည်းစေသည်။ အကျိုးဆက်အားဖြစ် အင်အားကြီးမားသော ဆိုင်ကလုန်းမုန်တိုင်းတွေ ဖြစ်စေနိုင်သည်ဟု ဤစာတမ်း က ဆိုသည်။ Wind Shear အလွှာ လျော့နည်းသည်နှင့် အမျှ လေတိုက်နှုန်း ပိုမို မြင့်မားလာစေသည် ဟူ ၍ လည်း ထပ်မံ သက်သေပြထားသည်။
ဤသို့ဆိုလျှင် လေထုထဲရှိ Aerosol အလွှာ မည်သို့ ဖြစ်လာသနည်း။ စဉ်းစားရန်မလို။ စက်ရုံ အလုပ်ရုံ၊ မော်တော်ယာဉ် များက ထုတ်လွှတ်သည့် ဆာလဖာ ဒိုင် အောက်ဆိုဒ် (Sulpha Dioxide) နှင့် ကာဗွန်ဒိုင်အောက်ဆိုဒ် (Carbon Dioxide) တို့ ၏ အကျိုးရလာဒ်ပင်။ ဒါ့အပြင် ကျွန်ုပ်တို့ နေ့စဉ် အသုံးပြုနေသည့် ထင်း၊ မီးသွေး လောင်ကျွမ်းရာမှလည်း ဖြစ်နိုင်သည်။ အမှိုက်ပုံများ မီးရှို့ရာကလည်း ဖြစ်နိုင်သည်။ တရုတ်ဆိုင်ကယ် ကို ဟိုဟို ဒီဒီ လမ်းသလားရာကလည်း ဖြစ်နိုင်သည်။ အင်ဂျင်ကျနေသည့် မော်တော်ကားကို လီဗာအတင်း နင်းတာကလည်း ဖြစ်နိုင်သည်။ ကျွန်ုပ်တို့ ဂရုမပြုမိခဲ့သည့် အသေးအဖွဲ ကိစ္စတော်တော်များများက မုန်တိုင်းတွေ ဖြစ်စေနိုင်သည့် အကြောင်းအရင်းတွေ ဖြစ်နေသည်။ ခြိမ်းခြောက်လိုခြင်းမဟုတ်။ လက်ရှိမုန်တိုင်းများထက် ပိုမို ဆိုးရွားသည့် မုန်တိုင်းများ ဖြစ်လာနိုင်သည်မှာ အသေအချာပင်ဖြစ်သည်။ ကျွန်ုပ်တို့ ဘယ်လို ပြင်ဆင်ကြမည်နည်း။
သဘ၀ ဘေးအန္တရာယ်တွေကို ကျွန်ု့်တို့ ကိုယ်တိုင် (သို့မဟုတ်) ကျွန်ုပ်တို့ မျိုးဆက်တွေကို လည်စဉ်း ခံစေမလား။ မိမိတို့ ပြုမူ နေထိုင်လျက်ရှိသည့် အကျင့်ဆိုးများကို ပြင်ဆင်မည်လား။ ဘယ်သူမပြု မိမိမှု ဟူ၍ပင်….။
Nov 5, 2011
လူဦးရေ တိုးပွားမှုနှင့် စားနပ်ရိက္ခာ ရှားပါးမှု ပြသနာ
၂၀၁၁ ခုနှစ် အောက်တိုဘာလ ၃၁ ရက်နေ့တွင် ကမ္ဘာ့လူဦးရေ သန်း ၇ ထောင် ပြည့်ပြီဖြစ်ကြောင်းနှင့် သက္ကရာဇ် ၂၀၅၀ တွင် သန်း ၉ ထောင် ပြည့်နိုင်မည်ဖြစ်ကြောင်း ကြေညာသည်။ ထိုကြေညာချက်နှင့် အတူ ကမ္ဘာ့ နိုင်ငံ အသီးသီး မှ ခေါင်းဆောင်များ၊ ပညာရှင်များကြား ဖြေရှင်းရခက်သည့် မေးခွန်းဟောင်း တစ်ခုကို ဖြေရှင်းရန် ထပ်မံ လှုံ့ဆော် လိုက်သကဲ့သို့ရှိ၏။
“သန်း ၇ ထောင် သော ကမ္ဘာ့လူဦးရေအတွက် အစားအစာ လုံလောက်အာင် ကျွန်ုပ်တို့ မည်ကဲ့သို့ စီစဉ်ဆောင်ရွက် ရမည်နည်း။”
လူဦးရေ အဆမတန် တိုးတက်လာခြင်း နှင့်အတူ တဖက်ကလည်း သဘာဝ ဘေးအန္တရာယ်ဆိုးတွေ တစ်ခုပြီး တစ်ခု တိုးကာ တိုးကာ ဖြစ်ပေါ်လာသည်။ ကမ္ဘာတ၀ှမ်း ရေကြီးရေလျံသည့် သတင်းမှာ အထူးအဆန်း မဟုတ်တော့။ အထူးသဖြင့် အာရှတိုက်နှင့် အမေရိက တိုက်တို့တွင် ရေကြီးရေလျံမှု ပြသနာတွေ နှစ်စဉ်လိုလို ကြုံတွေ့နေရသည်။ အလားတူပင် မုန်တိုင်းဒဏ်က တမျိုး၊ ငလျှင် ဒဏ်က တစ်ဖုံနှင့် ဆုံးရှုံးမှုတွေက ဒေါ်လာ သန်းထောင်နဲ့ သောင်းနဲ့ချီ၍ ပင်။ ကမ္ဘာ့ စိုက်ပျိုးမြေ စုစုပေါင်း၏ သုံးပုံ တစ်ပုံခန့်မှာလည်း ရာသီဥတုဒဏ်ကြောင့် ပျက်ဆီးပြုန်းတီးလျှက်ရှိကာ နှစ် ၅၀ အတွင်း စိုက်ပျိုးမြေအဖြစ်မှ စွန့်လွှတ်လိုက်ရသည် ဟူ၍ လည်း ဆောင်းပါးတစ်ပုဒ်က ဆိုသည်။ ကဲ.. ကျွန်ုပ်တို့ ရှေ့ဆက်ပြီး ဘာလုပ်ကြမည်နည်း..။
ပြောင်းလဲလာသည့် ရာသီဥတုအခြေအနေနှင့် အဆမတန် တိုးပွားလာသည့် လူဦးရေတိုးတက်မှု တို့အကြား ရင်ကြားစေ့ ဖြေရှင်းနိုင်သည်မှာ ဇီဝနည်းပညာ (Bio-technology) သာလျှင် ဖြစ်သည် ဟု ဇီဝနည်းပညာရှင်တွေက ဆိုကြသည်။ တဖက်ကလည်း လူဦးရေတိုးပွားမှုကို ထိန်းချုပ်နိုင်မှသာ၊ အထူးသဖြင့် အမျိုးသမီးများ၏ အခွင့်အရေး (Gender equity)၊ တစ်အိမ်ထောင် ကလေးတစ်ယောက်ဥပဒေ (One child policy)၊ မတော်တဆ သားသမီးရရှိမှု (Unplanned pregnancy) လျော့ကျရေး၊ စတဲ့ လူဦးရေထိန်းချုပ်မှုတွေ ဆောင်ရွက်လာကြသည်။ ဒါကလည်း လူ့အခွင့်အရေးအရ ကန့်သတ်ချက်တွေ ရှိနေသည်။ မိသားစုတိုင်း သားသမီးလိုချင်တာကို တားဆီး၍ မရနိုင်။ မတားဆီးသင့် ဟူ၍လည်း ထင်သည်။
အခြားတဖက်တွင် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးသမားဟု ဆိုသူ များက သဘာဝ ကို သဘာဝ အတိုင်း ရှိနေစေချင်ကြသည်။ ဇီဝနည်းပညာ (Bio-technology) ဖြင့် ဖန်တီးထားသော မျိုးရိုးဗီဇ ပြုပြင် ပြောင်းလဲ ထားသည့် အသီးအနှံများ (Genetically Modified Organism) များကို “သဘာဝကို ဆန့်ကျင်သည်၊ သဘာဝ မျိုးစိတ်များကို အန္တရာယ် ပေးနိုင်သည်” ဟု ဆိုကာ ကန့်ကွက်ကြသည်။ ဓါတ်မြေသြဇာ အသုံးပြုမှုများကို ဆန့်ကျင်ကြသည်။ ပိုးသတ်ဆေး အသုံးပြုသည့် စိုက်ပျိုး သီးနှံများကို ရှုံ့ချကြသည်။
ဒါ့အပြင် တဖက်ကလည်း အစားအသောက် စားသုံးမှု စနစ် (Consumption Pattern) မှာ လိုအပ်သည်ထက် ပိုနေသည်။ ကျွန်ုပ်တို့ လူသားတွေ အရသာ ခံလွန်းကြသည်။ လက်ရှိ စားသောက်မှု စနစ်အရ ကျွနိုပ်တို့ တစ်နှစ်စာ (၃၆၅ ရက်) စာ စားသောက်နေသော အစားအစာ ပမာဏကို ကမ္ဘာမြေကြီးအနေဖြင့် ထုတ်လုပ်ဖြည့်ဆည်းပေးရန် ရက်ပေါင်း (၅၁၁ ရက်) ကြာလိုအပ်သည် ဟု ပညာရှင်များ တွက်ချက်ထားကြသည်။ ဤသို့ဆိုလျှင် ကျွနိုပ်တို့ စားသောက်မှု စနစ်ကို ပြည်လည်ဆန်းစစ်ဖို့ မလိုအပ်ပေလော။ မည်သို့ပင် ဖြစ်စေ ကမ္ဘာ့ စားနပ်ရိက္ခာတွေများမှာ တစ်နေ့တခြား လျော့နည်း ရှားပါးလာလျှက်ရှိသည်။ မေးပြီးသား မေးခွန်းတစ်ခုကို ပြန်မေးချင်သည်။ ကျွနိုပ်တို့ ဘာလုပ်သင့် သနည်း။
ပထမအဆင့် ရိုးရိုးဖြေရလျှင် ကျွနိုပ်တို့ ခြွှေတာ ကြရမည်။ စီးပွားရေးအရ ခြွေတာတာ မဟုတ်ဘဲ ကျွန်ုပ်တို့ အားလုံး မြန်မြန်ဆန်ဆန် မငတ်မွတ်စေရန် ခြွေတာဖို့ လိုအပ်မည်။ လက်ရှိ ကျွန်ုပ်တို့ မီးဖိုခြောင်ထဲက အမှိုက်ပုံးထဲမှာ၊ ထမင်း စားပွဲပေါ်က စားကြွင်း စားကျန် တွေထဲမှာ၊ ကျွန်ုပ်တို့အတွက် လိုအပ်သော ကယ်လိုရီတွေ ဘယ်လောက်များများ စွန့်ပစ် လိုက်ရပြီလဲ။ သုတေသန ပြုလုပ်ချက်တွေအရ လက်ရှိ အမေရိကန်နိုင်ငံတွင် နှစ်စဉ် အစားအစာ ကုဗတန် သန်း ၅၀ ခန့် (အမေရိကန် ဒေါ်လာ သန်း ၂၀၀ တန်ဖိုး) ခန့်ကို စွန့်ပစ် ဖြုန်းတီးနေကြသည်ဟု ဆိုသည်။ တက္ကဆတ်ယူနီဗာ စီတီ က သုတေသနပြုချက်အရ အဆိုပါ တစ်နှစ်စာ စွန့်ပစ် စားသောက်ကုန် (Food Waste) ပမာဏမှာ တစ်နှစ်လျင် ဇီဝလောင်စာ စည် သန်း ၃၅၀ ခန့်နှင့် ညီမျှသည့် ပမာဏ ရှိသည်ဟု ဆိုသည်။ တစ်ကမ္ဘာလုံးစာ စွန့်ပစ် စားသောက် ကုန် ပမာဏ မည်မျှရှိမည် ဆိုသည်မှာ ခန့်မှန်းကြည့်သည်ထက်ပင် ပို၍များမည် ဆိုသည်မှာ မြေကြီး လက်ခတ် မလွဲပင်။
အစားအစာ လေလွင့်ဆုံးရှုံးမှုများမှာ စားသုံးမှု အပိုင်းတွင်သာ မဟုတ်၊ ထုတ်လုပ်မှု (Production) အပိုင်းတွင်လည်း များစွာ လေလွင့်လျှက်ရှိပေသည်။ သုတေသန ပြုလုပ်ချက်များအရ ရုရှနိုင်ငံတွင် သီးနှံရိတ်သိမ်းမှု အလေအလွင့်မှာ စုစုပေါင်း ထုတ်လုပ်မှု၏ ၆၀ % ခန့်ရှိသည်ဟု ခန့်မှန်းထားကြသည်။ အိန္ဒိယတွင် ၃၅ % ခန့် လေလွင့်သည် ဟုလည်း ဆိုသည်။ အဆိုပါ ကျန်ရှိသည့် ၄၀% သို့မဟုတ် ၆၅ % သော ကောက်ပဲ သီးနှံများ၏ ၃၀ % ခန့်မှာလည်း ဥရောပ စားသောက်ကုန် စက်ရုံကြီးများတွင် အဆင့်ဆင့် ထုတ်လုပ်စဉ် လေလွင့် ဆုံးရှုံးသွားသည်ဟု ဆိုသည်။ ဤသို့ဆိုလျှင် သီးနှံရိတ်သိမ်း ထုတ်လုပ်မှုအဆင့်ဆင့် (Processing chain) တွင် နည်းပညာတိုးမြှင့်ကာ လေလွင့်ဆုံးရှုံးမှုများ လျော့နည်းလာစေရန် စီမံခန့်ခွဲဆောင်ရွက်ဖို့ လိုအပ်ပေသည်။ သီးနှံနှင့် အစားအသောက် သိုလှောင်မှု စနစ်များ ပိုမိုမြင့်များစေရန် နည်းပညာများ လိုအပ်သည်။
လေလွင့်ဆုံးရှုံးမှုများ လျော့ချသလို တဖက်ကလည်း ထုတ်လုပ်မှုကို မြင့်တင်ရန် လိုအပ်သည်။ ကျွန်ုပ်တို့ ကမ္ဘာ မြေကြီး ၏ ထုတ်လုပ်နိုင်မှု စွမ်းရည် (productivity) ကို အပြည့်အ၀ အသုံးချနိုင်ခြင်း မရှိသေးပါဟု အစီရင်ခံစာ အချို့က ဆိုသည်။ စိုက်ပျိုးထုတ်လုပ်မှု စနစ် (Agricultural production system) ကို ပြုပြင်ရပေမည်။ သမားရိုးကျ စိုက်ပျိုးနည်းများဖြင့် ဆက်လက် စိုက်ပျိုး သွားရန် မဖြစ်နိုင်တော့ပေ။ ၂၀၁၁ ခုနှစ် နှစ်ဆန်းပိုင်းထုတ် The Economist သတင်းစာမှ သတင်းဆောင်းပါး တစ်ပုဒ် တွင် အာဖရိကရှိ လယ်သမားများအနေဖြင့် ဥရောပမှ နည်းပညာအတိုင်း ဂျုံ စမ်းသပ် စိုက်ပျိုးထုတ်လုပ်ရာ အာဖရီက တိုက်တွင်လည်း ဥရောပတိုက် ကဲ့သို့ အထွက်နှုန်း အညီအမျှ ထွက်ရှိသည် ဟု ဆိုသည်။ ဤသို့ဆိုလျှင် မြေဆီမြေသြဇာ ပိုမိုကောင်းမွန်သော ကျွန်ုပ်တို့ အာရှတိုက် အတွက် နည်းပညာ မြင့်မားပါက အထွက်နှုန်းမှာ ပြောစရာပင်မလိုပေ။
သီးနှံစိုက်ပျိုးထုတ်လုပ်မှု မြင့်တင်ခြင်းသာမက တဖက်ကလည်း မွေးမြူရေး ကဏ္ဍကို ပိုမို အလေးထားရန် လိုအပ်ပေ သည်။ မွေးမြူရေးစနစ်ကို ပိုမိုစနစ်ကျစေရန်၊ အထူးသဖြင့် ကူးစက်ရောဂါများ ပိုမိုလျော့ပါး လာစေရန် နည်းပညာတီထွင်မှုတွေ လိုအပ်လျှက်ရှိနေသေးသည်။ ဥပမာ ဥစားကြက် မွေးမြူရေးအတွက် ကြက်ငှက်တုပ်ကွေး (Avian flu) ရောဂါဒဏ်ကို ခံနိုင်သော မျိုးစိတ်များကို ဇီဝ နည်းပညာဖြင့် တီထွင်နိုင်သည့် အနေအထား ကို ရောက်ရှိနေသည်ဖြစ်ရာ နည်းပညာကို စနစ်တကျ အသုံးချရန်သာ လိုအပ်ပေသည်။ ဘာသာရေး အယူဝါဒ များကိုလည်း ဖယ်သင့်သလောက် ဘေးဘယ်ထားသင့်သည်ဟု ထင်သည်။ မိမိတို့ ယုံကြည်ထားသည့် ၀ါဒ အချို့ကို ပွင့်လင်းစွာ ပြန်လည် ဆန်းစစ်ကာ ဇီဝနည်းပညာ ကို အထိုက်အလျောက် လက်ခံယုံကြည်ကြရန်လည်း အရေးကြီး ပေသည်။ တစ်ဖက်ကလည်း ပညာရှင်များအနေဖြင့် အစားအစာ ဖူလုံစေရန် ကုန်းမြေပေါ်တွင်သာမက ပင်လယ် သမုဒ္ဒရာ ရေအောက်ရှိ အဟာရဓါတ် ကြွယ်ဝလှသည့် Microalgeae ကဲ့သို့သော ရေနေအပင်မျိုးစိတ်များနှင်း အခြား ပင်လယ်ထွက် ပစ္စည်းများမှ အစားအစာ များ ထုတ်လုပ်သုံးစွဲနိုင်ရန် ကြိုးပမ်းလျှက်ရှိနေသည်ဟုလည်း ကြားသိရ သည်။
ထိုသို့ဆိုလျှင် ကျွန်ုပ်တို့ သားစဉ်မြေးဆက် အစားအစာ ငတ်မွတ်မှု ဒဏ်ကို ရှောင်ကွင်းနိုင်ပြီလားဟု မေးစရာ ရှိလာသည်။ အထိုက်အလျောက်တော့ ဖြေရှင်းပေးနိုင်မည် ဖြစ်သည်။ သို့သော် တိုးမြင့်လာသည့် လူဦးရေတိုးပွားမှု နှုန်းမှာ ကြောက်စရာကောင်းလှသည်။ မိမိ လူ့လောကသို့ ရောက်ရှိချိန် ၁၉၈၀ ကျော် အချိန်က ကမ္ဘာ့လူဦးရေမှာ သန်း ၄ ထောင်ကျော် ခန့်ပင် ရှိနေသေးသည်။ ယခု နှစ်သုံးဆယ် မပြည့်မှီ သန်း ၃ ထောင် ပိုများလာသည်။ နောက် နှစ် သုံးဆယ် အတွင်း နောက်ထပ် သန်း ၃ ထောင် တိုးပွားရန်မှာ သေချာသလောက်ပင်။ ဤသို့ဆိုလျှင် ကျွန်ုပ်တို့ သား မြေးများ လက်ထက်တွင်လည်း ကျွန်ုပ်တို့ ပြုန်းတီးစေလိုက်သော ကမ္ဘာမြေကြီး၊ ကျွန်ုပ်တို့ ညစ်ညမ်း စေလိုက်သော သဘာဝ ပတ်ဝန်းကျင်နှင့် ကျွန်ုပ်တို့ တိုးမြှင့်ပေး လိုက်သော လူဦးရေ ပေါက်ကွဲမှု တို့အကြား လူးကာ လွန့်ကာဖြင့် ရုန်းကန် နေရမည်မှာ အသေအချာပင် ဖြစ်ပေသည်။ ကဲ ကျွန်ုပ်တို့ ဘာလုပ်သင့်သည် ဟု ထင်ပါသနည်း။
Oct 24, 2011
ရာသီဥတုပြောင်းလဲခြင်းကို ကာကွယ်မည့် Geo-engineering နည်းပညာ
သက္ကရာဇ် ၂၀၀၀ ပြည့်နှစ် နောက်ပိုင်းမှာ ရာသီဥတုပြောင်းလဲခြင်း (Climate Change) ဆိုင်ရာ ပြသနာများ ပိုမိုဆိုးရွား လာတာကို တွေ့လာ ရမှာ ဖြစ်ပါတယ်။ ကမ္ဘာကြီး ပူနွေးလာမှု၊ အိုဇုံးလွှာ ပါးလွှာ ပေါက်ပြဲမှုများ နှင့်အတူ သဘာဝ ဘေးအန္တရာယ်များလည်း တဆက် တစပ်တည်း ဆိုးဆိုးရွားရွား ကြုံတွေ့လာကြရပါတယ်။ ၁၉၈၀ နောက်ပိုင်းမှာ ကမ္ဘာ့မြေရဲ့ အပူချိန်ဟာလည်း သိသိသာသာ မြင့်မား လာတာကို တွေ့ရမှာဖြစ်ပါတယ်။ အပူချိန်မြင့်တက်လာမှုနဲ့အတူ ရာသီဥတုကလည်း ဆိုးရွားစွာ ဖောက်ပြန်လာပါတယ်။ နှစ်စဉ် မြစ်ရေကြီးမှု သတင်းတွေ၊ မိုးခေါင်ရေရှားမှုတွေ၊ ပင်လယ်ရေ မျက်နှာပြင် မြင့်တက်လာမှုဖြစ်စဉ် တွေနဲ့အတူ သက်ရှိသတ္တ၀ါ တွေရဲ့ အသက်ရှင် ရပ်တည်မှုကို ခြိမ်းခြောက်လျက်ရှိနေပါတယ်။ အောက်ပါ အပူချိန်ပြဇယားကို ကြည့်မယ်ဆိုရင် ကမ္ဘာ့အပူချိန်ဟာ ကြောက်စရာကောင်းအောင် မြင့်တက်လာတာဖြစ်ပြီး ဆက်လက်မြင့်တက်ဖို့လည်း အလားအလာရှိနေတာကို တွေ့ရမှာ ဖြစ်ပါတယ်။
တဖက်ကလည်း သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးသမားများအနေနဲ့ ပြောင်းလဲလာတဲ့ ရာသီဥတုကို ထိန်းသိမ်း ကာကွယ်ရေး ဆိုင်ရာ သုတေသန လုပ်ငန်းများကို တွင်တွင်ကျယ်ကျယ် ဆောင်ရွက်လာကြပါတယ်။ ပြောင်းလဲလာတဲ့ ရာသီဥတုနှင့်အတူ ဘယ်လို အဆင်ပြေအောင် နေထိုင်ကြမလဲ (Climate change adaptation)၊ ရာသီဥတုပြောင်းလဲမှုကို ဘယ်လို လျော့နည်းအောင် ဆောင်ရွက်ကြမလဲ (Climate change mitigation) စတဲ့ စကားလုံးတွေဟာ သိပ္ပံပညာရှင်တွေကြား ရေပန်းစားနေတဲ့ စကားလုံးများ ဖြစ်နေပါတယ်။ လက်တလော ဖြေရှင်းချက်များ အနေဖြင့် ကာဗွန်ထုတ်လွတ်မှု လျော့ချခြင်း (Emission reduction) နဲ့ ကာဗွန်သိုလှောင်မှု တိုးမြှင့်စေခြင်း အတွက် သစ်တောများ ထိန်းသိမ်းကာကွယ်ခြင်း (Enhancing Carbon Sequestation) တို့ကို အဓိက ဆောင်ရွက်ခဲ့ကြ ပါတယ်။
သို့ရာတွင် ရာသီဥတုပြောင်းလဲမှု ပြသနာများ လျော့နည်းသွားခြင်းမရှိဘဲ ပိုမိုဆိုးရွားလာတဲ့ အတွက် သိပ္ပံပညာရှင်များအနေနဲ့ အခြား ရာသီဥတုပြောင်းလဲမှု လျော့ချရေး နည်းလမ်းများကို တီထွင်ကြံဆ လာကြပါတယ်။ အဆိုပါ နည်းလမ်းများအနက် အခုတလော ရေပန်းစားလာတဲ့ နည်းပညာတစ်ခုကတော့ Geo-engineering လို့ခေါ်တဲ့ ကမ္ဘာ့ရာသီဥတုစနစ် (climate system) ကို ပြုပြင်ပြောင်းလဲတဲ့ နည်းလမ်းဖြစ်ပါတယ်။
Geo-engineering နည်းပညာအနေဖြင့် အဓိက နည်းလမ်းနှစ်ခုကို တီထွင်ကြံဆ လာကြပါတယ်။ ပထမ တစ်နည်းမှာ Carbon dioxide removal (CDR) လို့ခေါ်တဲ့ လေထုထဲက ကာဗွန်ဒိုင်အောက်ဆိုဒ်ကို ဖယ်ထုတ်တဲ့နည်းလမ်းဖြစ်ပြီး၊ ဒုတိယ နည်းလမ်းကတော့ Solar radiation management (SRM) လို့ခေါ်တဲ့ နေရောင်ခြည် ကျရောက်မှု ပမာဏ လျော့နည်းစေတဲ့ နည်းလမ်းဖြစ်ပါတယ်။
ကာဗွန်ဒိုင်အောက်ဆိုဒ် ဖယ်ထုတ်တဲ့ CDR နည်းလမ်းအမြောက်အများရှိကြပါတယ်။ အဓိက နည်းလမ်းကတော့ သစ်တောသစ်ပင်များ ပိုမိုစိုက်ပျိုးခြင်းပင် ဖြစ်ပါတယ်။ သစ်တောတွေဟာ လေထုထဲမှ ကာဗွန်ဒိုင်အောက်ဆိုဒ် ဓါတ်ငွေ့များကို အဓိက စုပ်ယူ သိုလှောင်ပေးပါတယ်။ နောက်တစ်နည်းကတော့ ကာဗွန်ဒိုင်အောက်ဆိုဒ် ထုတ်လွတ်နိုင်တဲ့ စက်ရုံများ၊ မော်တော်ယဉ်များမှာ ကာဗွန်ဒိုင်အောက်ဆိုဒ် ဖမ်းယူနိုင်တဲ့ အစစ်များ (Filter) တပ်ဆင် အသုံးပြုစေခြင်းဖြစ်ပြီး စက်မှုနိုင်ငံတော်တော်များများမှာ ကျင့်သုံးနေကြပြီ ဖြစ်ပါတယ်။ နောက်တချက် စိတ်ဝင်စားစရာကောင်းတဲ့ CDR နည်းလမ်းကတော့ သမုဒ္ဒရာထဲကို သံဓါတ်ပါတဲ့ မြေသြဇာ ပတ်ဖြန်းတာပဲ ဖြစ်ပါတယ်။ သမုဒ္ဒရာ ရေမျက်နှာပြင်ကို သံဓါတ် မြေသြဇာ (Iron fertilizer) ပတ်ဖြန်းပေးခြင်းအားဖြင့် သမုဒ္ဒရာထဲမှာရှိတဲ့ ကာဗွန်စုပ်ယူ သိုလှောင်နိုင်စွမ်းမြင့်မားတဲ့ phytoplankton လို့ခေါ်တဲ့ အပင်လေးများကို ပိုမိုရှင်သန်စေမှာဖြစ်ပါတယ်။
CDR နည်းလမ်းများအပြင် ယခုနောက်ပိုင်း သိပ္ပံပညာရှင်များ ပိုမို စိတ်ဝင်စားလာ တာကတော့ နေရောင်ခြည်ပမာဏ လျော့နည်းစေတဲ့ SRM နည်းလမ်း တွေပဲ ဖြစ်ပါတယ်။ အထူးသဖြင့် လေထုထဲကို sulphate aerosols လို့ခေါ်တဲ့ ဓါတုအရည်တမျိုး ပေါင်းစပ်ပေးခြင်း နည်းလမ်းကို ပိုမိုသုတေသနပြု ဆောင်ရွက် လာကြ ပါတယ်။ Sulphate aerosols ဟာ လေထုရဲ့ အလင်းပြန်မှုပမာဏ ကို မြှင့်တင် ပေးနိုင်တာကြောင့် ကျရောက် လာမယ့် နေရောင်ခြည် အချို့ကို အာကာသအတွင်းသို့ အလင်းပြန်စေပြီး ကမ္ဘာမြေပေါ်ကျရောက်မယ့် အပူချိန်ပမာဏကို လျော့ချပေးနိုင်မှာဖြစ်ပါတယ်။ အဆိုပါ နည်းလမ်းမှာ သဘာဝ မီးတောင်များ ပေါက်ကွဲရာမှ လေထုထဲသို့ Sulphate aerosols ဓါတ်ငွေ့များ ထုတ်လွတ်မှုကို သုတေသန ပြုလုပ်ရာမှ စတင်တွေ့ရှိခဲ့တာဖြစ်ပါတယ်။
ဗြိတိန်နိုင်ငံ အခြေစိုက် သိပ္ပံပညာရှင်အချို့က မိုးပျံလေဘောလုံးများကို အသုံးပြုပြီး လေထုထဲသို့ Sulphate aerosols ပတ်ဖြန်းမယ့် နည်းလမ်းကို တီထွင်ကြံဆထားပါတယ်။ မိုးပျံလေဘောလုံး အလုံး ၂၀ ခန့်ကို လေထုထဲသို့ ကီလိုမီတာ ၂၀ အမြင့်ခန့်အထိ လွှတ်တင်ပြီး အလင်းပြန်ဓါတ်ငွေ့များ ပတ်ဖြန်းခြင်းအားဖြင့် ကမ္ဘာ့အပူချိန်ကို ၂ ဒီဂရီ စင်တီဂရိတ် ခန့်အထိ လျော့ချပေးနိုင်မှာဖြစ်တယ်လို့ ဆိုပါတယ်။
သို့ရာတွင် အဆိုပါ အစီအစဉ်မှာ ငွေကြေး အကုန်အကျ အလွန်များမှာ ဖြစ်ပါတယ်။ ဒါ့အပြင် အလင်းပြန်ဓါတ်ငွေ့များရဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေကို စနစ်တကျ ဆန်းစစ်လေ့လာ နေဆဲဖြစ်ဖြစ်ပြီး၊ ဇီဝမျိုးစုံမျိုးကွဲ ထိန်းသိမ်းရေးပညာရှင်များဘက်ကလည်း အပင်နဲ့ တိရစ္တာန်မျိုးစိတ်တွေကို ထိခိုက်နိုင်မှု ရှိမရှိ လေ့လာဆန်းစစ်ပြီးမှာသာ သဘောတူဆောင်ရွက်ခွင့် ပြုမယ်လို့ ဆိုပါတယ်။
မည်သို့ပင် ဆိုစေကာမူ သိပ္ပံပညာဖြင့် ကမ္ဘာကြီးကို ဖျက်ဆီးခဲ့သလို ယခုတကြိမ် သိပ္ပံပညာဖြင့် ကမ္ဘာကြီးကို ပြန်လည်ကယ်တင်ဖို့ ကြိုးစားနေတာဖြစ်တဲ့အတွက် ကြိုဆိုရမှာပင် ဖြစ်ပါတယ်။
မှီငြမ်း။ ။ http://www.bbc.co.uk/
အိုင်တီပစ္စည်းများနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး
၁၉ ရာစု နှောင်းပိုင်းမှ စ၍ “ပတ်ဝန်းကျင်ထိန်းသိမ်းရေး” ဆိုသည့် စကားလုံးအား နိုင်ငံမျိုးစုံ၊ ကဏ္ဍမျိုးစုံတွင် တွင်ကျယ်စွာ အသုံးပြုလာကြသည်။ Environmentally friendly, Green Living, Green Economy စသည့်စကားလုံးများမှာလည်း အလွန်ပင် ခေတ်စားလာသည်။ သို့ရာတွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဟု ဆိုလိုက်တိုင်း ကျွန်ုပ်တို့ စိတ်ထဲတွင် သစ်ပင်စိုက်ခြင်း၊ အမှိုက်များ စည်းကမ်းတကျ စွန့်ပစ်ကြခြင်း၊ ကြွတ်ကြွတ်အိတ် အသုံးမပြုခြင်း၊ ကာဗွန်ဒိုင် အောက်ဆိုဒ်ထုတ်လွတ်မှု လျော့ချခြင်း၊ ရေကာတာများ၊ စက်ရုံများ တည်ဆောက်မှုကို ကန့်ကွက်ခြင်း စသည်တို့ကို ပြေးမြင်တတ်ကြပါသည်။ ကောင်းမွန်သော တိုးတက်မှု ဖြစ်ပါသည်။ သို့ရာတွင် ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဆိုသည့် စကားလုံးမှာ အတော်ပင် ကျယ်ပြန့်နက်နဲပါသည်။ လေထု၊ မြေထု၊ ရေထုနှင့် သက်ရှိသက်မဲ့ သဘာဝ အရင်းအမြစ်များ အားလုံးကို ထိန်းသိမ်းကာကွယ်ခြင်း၊ အထူးသဖြင့် စနစ်တကျ အသုံးပြုခြင်းသည်လည်း ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဆောင်ရွက်ခြင်းပင်ဖြစ်သည်။
ယနေ့ခေတ်တွင် အိုင်တီနည်းပညာ တိုးတက်ထွန်းကားလာခြင်းနှင့် အတူ ကွန်ပြူတာ၊ အင်တာနက် အသုံးပြုသူအရေအတွက်မှာလည်း အလွန်ပင် များပြားလာသည်။ တဖက်မှလည်း ကွန်ပြူတာ အင်တာနက်များ အသုံးပြုရန် စွမ်းအင် လိုအပ်သည်။ ထို အသုံးပြုသည့် စွမ်းအင်မှာ သဘာဝ ပတ်ဝန်းကျင်ကို မထိခိုက် မပျက်စီးစေဘဲ မည်သည့်နည်းဖြင့်မှ မရနိုင်။ Clean Energy ဟုခေါ်သည့် နေရောင်ခြည်မှ စွမ်းအင် ထုတ်လုပ်ခြင်း၊ လေအား၊ ရေအားဖြင့် စွမ်းအင် ထုတ်လုပ်ခြင်း လုပ်ငန်းများသည်ပင်လျှင် ပတ်ဝန်းကျင်ကို အနည်းနှင့် အများ ထိခိုက်ပျက်စီး ကြသည်သာဖြစ်သည်။ လေစွမ်းအင်၊ နေရောင်ခြည်စွမ်းအင်မှ လျှပ်စစ် ထုတ်လုပ်နိုင်သည့် Solar panel များ၊ လေရဟတ်များ၏ တန်ဖိုးမှာလည်း မနည်းလှ။ ထိုသတ္တုပစ္စည်းများ၏ တန်ဖိုးနှင့် ညီမျှသော သဘာဝ အရင်းအမြစ်များ ပေးဆပ်မှသာ ရရှိနိုင်ခြင်းဖြစ်သည်။
ဤသို့ဆိုလျှင် ကျွန်ုပ်တို့ အသုံးပြုနေသော ကွန်ပြူတာ အင်တာနက်များ ကို စနစ်တကျ စွမ်းအင်ခြွေတာ အသုံးပြုခြင်းမှာ ပတ်ဝန်းကျင် ထိန်းသိမ်းခြင်း နည်းလမ်းတစ်ခုပင် မဟုတ်ပေလော။ ထို့ကြောင့် သဘာဝ ပတ်ဝန်းကျင်ကို ချစ်မြတ်နိုးသူတို့ အနေဖြင့် မိမိတို့ အသုံးပြုလျှက်ရှိသော ကွန်ပြူတာ၊ လက်ကိုင်ဖုန်း စသည့် အိုင်တီ ပစ္စည်းများကို သဘာဝ ပတ်ဝန်းကျင် ထိခိုက်မှု အနည်းဆုံးဖြစ်စေရန် အသုံးပြုခြင်းဖြင့် သဘာဝ ပတ်ဝန်းကျင်ကို ကာကွယ်ထိန်းသိမ်း နိုင်ပေသည်။
သို့ဖြစ်၍ ကျွန်ုပ်တို့အနေဖြင့် အောက်ပါ နည်းလမ်းအချို့ကို စနစ်တကျ ထိန်းသိမ်းဆောင်ရွက်ပါက မိမိတို့အတွက်လည်း အပန်းမကြီးသလို ကျွန်ုပ်တို့ အနာဂတ် မျိုးဆက်များကိုလည်း လှပသန့်စင်တဲ့ သဘာဝ ပတ်ဝန်းကျင် လေးများကို လက်ဆင့်ကမ်းပေးနိုင်မှာပင် ဖြစ်သည်-
(က) လျှပ်စစ် ပလပ်ခေါင်းများ ဖြုတ်ထားခြင်း၊
မိမိတို့ အသုံးပြုနေသည့် ကွန်ပြူတာ များအား အသုံးမပြုတော့ပါက လျှပ်စစ် ပါဝါ ပလပ်များကို ဖြုတ်ထားရန်ဖြစ်သည်။ ကွန်ပြူတာ ပိတ်ထားပြီ ဖြစ်သော်လည်း တချို့ Mouse နှင့် အခြားအစိတ်အပိုင်းများ အလုပ်လုပ်နေနိုင်သေးသဖြင့် ဓါတ်အား စီးဆင်းနေမည်သာဖြစ်သည်။
(ခ) မောနီတာ ပါဝါ သေချာစွာ ပိတ်ခြင်း။
Desktop ကွန်ပြူတာ များကို shut down လုပ်ပြီးပါက Monitor ပါဝါ ခလုတ်ကို ပါ ပိတ်ရန်လိုအပ်ပါသည်။ ကွန်ပြူတာ အလုပ်မလုပ်တော့သော်လည်း Monitor အနေဖြင့် Stand by အနေအထားဖြင့် အလုပ်လုပ်နေသေးသည် ဖြစ်ရာ လျှပ်စစ် ဓါတ်အား စီးဆင်းနေမည်ဖြစ်သည်။
(ဂ) Energy saving mode ချိန်ထားခြင်း။
Laptop အတော်များများတွင် Energy Saving Mode ပါရှိတတ်သည် ဖြစ်ရာ၊ အဆိုပါ setting ကို ရွေးချယ်ထားခြင်းဖြင့် ကွန်ပြူတာ အလုပ်မလုပ်ပါက အချိန် အနည်းငယ်အတွင်း Hard disk အလုပ် မလုပ်တော့ပေ။ အထူးသဖြင့် Screen Brightness ကို လိုအပ်သည်ထက် ပိုမိုခြင်းမရှိစေရန် ချိန်ညှိခြင်း။
(ဃ) Screen Saver ရွေးချယ်ခြင်း။
လှပသော Screen Saver အများစု သည် သာမန် Blank screensaver များထက် စွမ်းအင် ပိုမို လိုအပ်သဖြင့် မလိုအပ်ဘဲ စွမ်းအင် ဖြုန်းတီးနေသလို ဖြစ်နေတတ်သည်။ များသောအားဖြင့် Screen saver ဆိုသည်မှာ သင် ကွန်ပြူတာနှင့် အဝေးတနေရာ ရောက်ရှိနေချိန်အတွက် ရည်ရွယ်သည် ဖြစ်သဖြင့် သင့်အတွက် လှပနေစေရန် မလိုအပ်ပေ။ အချိန် ၁၀ မိနစ်ထက်ပို၍ အသုံးပြုရန် ရည်ရွယ်ချက် မရှိပါက Monitor power switch ကို ပိတ်ထားလျှင် ပို၍ စွမ်းအင် ခြွေတာနိုင်မည် ဖြစ်သည်။
(င) မလိုအပ်ဘဲ Print မထုတ်ခြင်း။
အရေးကြီးသည့် အချက်မှ လွဲ၍ အခြား အကြောင်းအရာများကို print out ထုတ်ခြင်းမှာ ရှောင်ရှားပါ။ စာရွက်၊ မင်၊ စွမ်းအင် စသည်တို့ကို ခြွေတာနိုင်မည် ဖြစ်သည်။
(စ) Recycle paper ကို အသုံးပြုခြင်း။
မိမိတို့ printer များအတွက် အသုံးပြုမည့် စာရွက်များကိုလည်း recycle paper များကို အဓိက ရွေးချယ်ရွယ်ယူခြင်း၊ စာကြမ်းထုတ်ရာတွင် တဖက်လွတ်စာရွက်များကို ပြန်သုံးခြင်း၊ တတ်နိုင်သမျှ ကွန်ပြူတာတွင်သာ proof ဖတ်ခြင်းများကို ဆောင်ရွက်ခြင်းဖြင့် စက္ကူချွေတာနိုင်ပြီး၊ စက္ကူ ထုတ်လုပ် ရာတွင် အဓိက အသုံးပြုသည့် သစ်တောများကို ကာကွယ်ထိန်းသိမ်းရာ ရောက်မည် ဖြစ်သည်။
(ဆ) Moblie နှင့် MP3 Charger ပလပ်များ ဖြုတ်ထားခြင်း။
Moblie နှင့် MP3 Charger ပလပ်များကို အသုံးမပြုလျှင် ပလပ်ခေါင်းများ ဖြုတ်ထားသင့်ပါသည်။ သို့မဟုတ်ပါက လျှပ်စစ် စွမ်းအင်ကို ဆက်လက် အသုံးပြုနေမည် ဖြစ်သည်။ ဗြိတိန် နိုင်ငံ၌ သုတေသန ပြုလုပ်တွေ့ရှိချက်တစ်ခု၏ အဆိုအရ ဗြိတိန် တစ်နိုင်ငံ အတွင်းတွင် Moblie နှင့် MP3 Charger ပလပ်များ အသုံးမပြုဘဲ တပ်ဆင်ထားခြင်းကြောင့် တစ်နှစ်လျှင် ဒေါ်လာ သိန်းတစ်ရာခန့် နှင့် ကာဗွန်ဒိုင်အောက်ဆိုဒ် တန် ၂၅၀ ၀၀၀ ခန့် ကို ဖြုန်းတီးလျှက် ရှိနေသည် ဟု ဆိုပါသည်။
(ဇ) USB Charger အသုံးပြုခြင်း။
တတ်နိုင်သမျှ Moblie နှင့် MP3 များကို ကွန်ပြူတာနှင့် ချိတ်ဆက်၍ USB Cable ဖြင့်သာ အားသွင်းခြင်း ပြုလုပ်သင့် သည်။ USB ဖြင့် အားသွင်းခြင်းသည် Adapter ဖြင့် အားသွင်းခြင်းထက် စွမ်းအင် ပိုမို ချွေတာနိုင်သည်။
(ဈ) ဓါတ်ခဲများ၊ ဘက်ထ္ထရီများအား ပြန်လည် အသုံးပြုစေခြင်း၊
အသုံးပြုပြီး ဓါတ်ခဲများ၊ ဘက်ထ္ထရီများကို လွှင့်ပစ်ခြင်းမပြုဘဲ Recycle ပြုလုပ်ခြင်း၊ ပြန်လည် ရောင်းချခြင်း၊ လမ်းကြုံလျှင် recycle ပြုလုပ်သည့် နေရာများသို့ သွားရောက် ပို့ဆောင်ခြင်း စသည် တို့သည် သဘာဝ အရင်းအမြစ်များကို ချွေတာခြင်းပင် ဖြစ်သည်။
အထက်ဖော်ပြပါ အချက်များသည် သာမန်အားဖြင့် အရေးမကြီးသော အချက်များဟု ထင်ရသော်လည်း ယနေ့ခေတ် အသုံးပြုနေကြသော ကွန်ပြူတာနှင့် အခြားအိုင်တီ ပစ္စည်းများ ၏ အရေအတွက် ပမာဏဖြင့် နှိုင်းယှဉ်ကြည့်ပါက အလွန်ပင် များပြားသော စွမ်းအင် ဆုံးရှုံးမှုများကို တွေ့ရမည် ဖြစ်သည်။
(မှီငြမ်း။ ။ အင်တာနက် ၀က်ဘ်ဆိုဒ်အချို့မှ အကြံပြုထားချက်များကို စုစည်းပြန်ဆိုထားခြင်းသာဖြစ်ပါသည်။)
Oct 16, 2011
ထမံသီ စီမံကိန်းနှင့် ဂေဟစနစ်အကြောင်း စကားစမြည်
ဒီမနက် အိပ်ယာထ ကြည်ကြည်လင်လင် ရှိလှသည်။ ညက သောက်ဖြစ်တဲ့ ၀ီစကီအမျိုးအစားက သိပ်မဆိုးလှ။ အိပ်ယာက နိုးနိုးခြင်း ဟိုလူတွေစကားနဲ့ Facebook လို့ ခေါ်တဲ့ မုခစာအုပ် ကို ဖွင့်ကြည့်မိသည်။ ဖွင့်လျှင်ဖွင့်ခြင်း သူငယ်ချင်း တစ်ယောက်က နှုတ်ဆက်စကားဆိုသည်။
“သမ္မတကြီးက အိန္ဒိယမှာ ထမံသီရေအားလျှပ်စစ် စီမံကိန်းကို ဆက်လုပ်ဖို့ ဆွေးနွေးခဲ့တယ်တဲ့၊ အဲဒါ မင်းဘယ်လို သဘောရသလဲ” သူက ဆိုင်းမဆင့် ဗုံမဆင့် ကောက်ကာငင်ကာ မေးလာ၏။ ကျွန်တော် တချက် တွေဝေမိသွား သည်။
ထမံသီ ရေအားလျှပ်စစ် စီမံကိန်းမှာ ကျွန်တော့်အတွက်တော့ အသစ်အဆန်း သတင်း မဟုတ်တော့။ ဌာနမှာ အလုပ်စ ၀င်ဝင်ခြင်းကပင် ကြားဖူးနားဝ ရှိခဲ့သည်။ ရေအားလျှပ်စစ်အတွက် ပတ်ဝန်းကျင် ထိခိုက်မှု လေ့လာဆန်းစစ်ချက် အစီရင်ခံစာ (Environmental Impact Assessment) စာတမ်းကို နှစ်ခါလောက် လှန်လှောကြည့်မိ ခဲ့ဖူးသည်။ ထိုစဉ်က အရမ်းစိတ်မ၀င်စားခဲ့သဖြင့် သေသေချာချာ မဖတ်မိခဲ့တာတော့ သေချာပါသည်။
“အေး.. ထမံသီ EIA Report တော့ တစ်ခေါက် နှစ်ခေါက် လှန်ကြည့်မိဘူးတယ်။ အဲဒီတုန်းကလည်း ဘယ် တိရိစ္ဆာန်တွေ ရှိလည်း သိချင်လို့ ကြည့်မိလိုက်မိတာ။ ဘယ်လို Methodology နဲ့ ဆောင်ရွက်ထားတာလဲတောင် သေချာ မကြည့်မိပါဘူး ကွာ။ အခုကိစ္စကလည်း ဘာမှသေချာမသိဘဲနဲ့ ငါ ဘယ်လို သဘောထား မှတ်ချက်မှ မပေးနိုင်သေးဘူး သူငယ်ချင်း။ “ သူ့ အမေးကို ကျွန်တော် ဝေ့လည်ကြောင်ပတ်နှင့် ငြင်းလိုက်မိသည်။
“တခါတလေမှာ ငါတို့လို သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးသမားလို့ ခံယူထားတဲ့သူတွေ အနေနဲ့လည်း နဲနဲတော့ ဆင်ခြင်ရတယ်ကွ။ ” ဟု ကျွန်တော်က စကားကို ဆက် ၍ ဆိုလိုက်သည်။
“အေး ဟုတ်လား။ ဘယ်လို ဆင်ခြင်ရတာလဲ” ကျွန်တော့၏ စကားအား ဆက်ပြောလာစေရန် သူ က မေးခွန်း မေးပြီး စကားစ ထောက်ပေးသည်။
ကျွန်တော်က “ ဒီလိုကွ၊ အခု လက်ရှိ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းတွေ ဆိုတာကလည်း အနည်းနှင့်အများ သဘာဝ ပတ်ဝန်းကျင်ကို ထိခိုက်ကြတာကြည့်ပဲ။ အဲဒီတော့ အားလုံးကို ငါတို့က လိုက်ကန့်ကွက်နေရင် ဘယ်ဖြစ် မှာလဲ။ သူ့ရဲ့ ဆိုးကျိုးက ဘယ်လောက်အတိုင်းအတာ ရှိမယ်။ ဘယ်လောက်အထိ ပြန်ခံရမယ်။ နောက် ဘယ်လို နည်းနဲ့ လျော့နည်း အောင် လုပ်လို့ရမယ်။ တခြား နည်းလမ်းတွေ ဘယ်လောက်ရှိတယ်။ အဲဒါတွေကို သိမှ လက်ခံနိုင်စရာ ရှိရင် လက်ခံ။ လက်မခံနိုင်ရင်တော့ ကန့်ကွက်။ ဒီလိုမျိုးသွားရတာလေကွာ။ “
ကျွန်တော်က ဆရာကြီး လေသံဖြင့် သူ့ကို နောက်တောက်တောက် ပြောလိုက်တော့ သူလိုက်ရယ်လေသည်။
ကျွန်တော်က ဆက်၍ “ ငါ့ ပါမောက္ခ တစ်ယောက်က ပြောဘူးတယ်။ ငါတို့ သဘာဝ ပတ်ဝန်းကျင် သမားဆိုတာ တခြားကဏ္ဍ အားလုံးနဲ့ ရန်သူဖြစ်နေတယ် တဲ့။ မင်းစဉ်းစားကြည့်လေကွာ။ လျှပ်စစ် ထုတ်တဲ့ နည်းလမ်း တော်တော်များများက သဘာဝ ပတ်ဝန်းကျင် မထိခိုက်တာ တော်တော်ရှားတယ်။ စိုက်ပျိုးရေး၊ မွေးမြူရေး၊ စက်မှု၊ ဇီဝနည်းပညာ အဲဒါတွေကရော ပတ်ဝန်းကျင် ထိခိုက်မှု မရှိလို့လား။ နောက်ဆုံး ကုန်ကုန်ပြောရရင် ငါတို့ သစ်တော ကဏ္ဍ မှာ တောင် သစ်ထုတ်တာ က ဘယ်လို။ သစ်မျိုး တစ်မျိုးတည်း စိုက်တာက ဘယ်၍။ နောက် ဒေသတွင်းမျိုးရင်းမှ မဟုတ်ရင် ဘာဖြစ်တယ်။ ဘယ်နေရာမှ မလွတ်ဘူး ငါ့ကောင်ရေ။ နောက်ဆို “သဘာဝ ပတ်ဝန်းကျင်သမားများအား ဘုံရန်သူအဖြစ် သတ်မှတ် ခြေမှုန်းကြ” တွေ ဘာတွေ ဖြစ်လာနိုင်တယ်။ နဲနဲတော့ ဆင်ဆင်ခြင်ခြင် ကန့်ကွက် ထားမှ ကွ” လို့ ဆိုတော့ သူ အတောမသတ်အောင် ရယ်သည်။
“ မင်းပြောတာလည်း ဟုတ်သားပဲကွ” သူက ဆက်ပြောသည်။ “ငါလည်း စဉ်းစားမိတယ်။ မြစ်ဆုံကတော့ ဧရာဝတီရဲ့ ပြသနာ ဖြစ်နေတော့ သဘာဝ ပတ်ဝန်းကျင် ပြသနာအတွက်သာ မဟုတ်ဘဲ အမျိုးသား ရေး ပြသနာလိုကို ဖြစ်နေ တော့တာ လေ။ ဘာတဲ့..။ ဟို သီချင်းရေးတဲ့ ကိုမြင့်မိုးအောင် က ပြောသေးတယ်။ သူက အချက်အလက်တွေ မသိပါဘူး တဲ့၊ မကြိုက်တာဟာ ရင်ထဲက လာတာ ဖြစ်လို့ ကန့်ကွက်တာပါတဲ့။”
“အေး ငါလည်း အဲဒီစကားကို အရမ်းသဘောကျတာ။ မင်းသိတဲ့အတိုင်း ငါတို့က သူ့စကားလုံးတွေနဲ့ ရူးခဲ့တာဆိုတော့ ဟို ဒေါက်တာသန်းထွဋ်အောင် တို့ အချက်အလက် ခိုင်ခိုင်မာမာနဲ့ ပြောတာတွေကို အဲဒီလောက် မဟုတ်ဘူး၊ သူ့စကား တစ်လုံးနဲ့တင် ငါလည်း မစဉ်းစားတော့ဘဲ ကန့်ကွက်ခဲ့တာကွ”
သူ့စကားကို အဆုံးသတ် မခံဘဲ ကျွန်တော်က အားရပါးရ ၀င်ပြောလိုက်သည်။
“ဒါနဲ့ စကားစ ပြန်ကောက်ရအောင်။ ထမံသီ စီမံကိန်း ဖြစ်လာရင် ဘယ်လို ဆိုးကျိုးတွေ ရှိလာနိုင်တယ် လို့ မင်းထင်သလဲ” သူက သူ့ မူရင်းစကားဝိုင်း ကို ပြန်စသည်။
“ သေချာတော့ မပြောနိုင်ဘူးကွ။ မင်းသိတဲ့အတိုင်း မြစ်ချောင်းတွေမှာ ဆည်ဆောက်ရင်တော့ အနည်းနဲ့ အများ ဆိုးကျိုးတော့ ရှိတာပေါ့။ ငါ က သားငှက်ထိန်းသိမ်းရေး က ဆိုတော့ ငါ့ ကဏ္ဍ က ပဲ ပြောကြည့်မယ်။”
ကျွန်တော်က သူ့အမေးကို စပြီး ဖြေဖို့ ကြိုးစားလိုက်သည်။
“ ငါသေချာသိတာကတော့ ထမံသီ စီမံကိန်းက တို့ ထမံသီ တောရိုင်းတိရိစ္ဆာန် ဘေးမဲ့တော ဧရိယာရဲ့ တစ်ဝက် လောက် ပါမှာကွ။ ထမံသီ ဘေးမဲ့တော ဆိုတာကလည်း မြန်မာနိုင်ငံမှာ ကျား တွေ နေထိုင် ကျက်စားတဲ့ ရှားရှားပါးပါး နေရာတွေထဲက တစ်ခုဖြစ်တယ်လေ။ နောက် မှတ်တမ်း မတင်ရသေးပေမယ့် ရှားပါး ကြံ့ မျိုးစိတ်တွေ လည်း ရှိတယ်ကွ။ ကြံ့တွေရှိနေသေးတဲ့ နောက်ဆုံးနေရာ တစ်ခုလို့တောင် ပြောနိုင်တယ်။ “
“ ဟုတ်လား၊ ကြံ့တွေ က ဘယ်လောက်ရှိသေးတာလဲ။” ကျွန်တော့စကားကို သူက ဖြတ်၍ မေးသည်။
“ ငါတို့မှ ကြံ့ ကို သေချာလေ့လာထားတာတော့ မရှိသေးဘူးကွ။ နောက်ပြီး ငါလည်း ရုံးမှာ မဟုတ်တော့ အစီရင်ခံစာ တွေ ပြန်မဖတ်နိုင်ဘူး သူငယ်ချင်း။ ကြံ့တွေတင် မဟုတ်ဘူး နောက် တောဆင်ရိုင်းတွေလည်း ရှိသေးတယ်ကွ။ တောဆင်ရိုင်းနဲ့တော့ ငါတို့မှ သုတေသန လုပ်ထားတာရှိတယ်။ မင်း သိချင်ရင်တော့ ငါ ရုံးကို လှမ်းပြီး စုံစမ်းပေးလို့ရတယ်၊”
“ ဟုတ်လား။ အေး ငါစိတ်ဝင်စားတယ်။ မင်းနောက်မှ စုံစမ်းပြီးပြောပြ။ တခြား ဘာကောင်တွေ ရှိသေး တာလဲ။” စိတ်ဝင်စားမှု အပြည့်ဖြင့် သူက ဆက်၍ မေးသည်။
“ ရှိသေးတာပေါ့ကွာ။ ရှားပါးစာရင်းဝင် မဟုတ်ပေမဲ့ တခြား ဂေဟ စနစ်အတွက် အရေးပါတဲ့ တိရစ္ဆာန် မျိုးစိတ်တွေ အများကြီးပဲကွ။ အဲ… ခဏနေအုံး။ အဲဒီမှာ ကမ္ဘာ့ ရှားပါး စာရင်းဝင် ငှက်မျိုး နှစ်မျိုးရှိတယ်။ ဒေသအခေါ် ကြိုးခွေ လို့ ခေါ်တဲ့ တောဘဲမန်ဒါလီ (White-winged Duck) နဲ့ ရေဗလုံ ငှက် လို့ခေါ်တဲ့ (Masked Finfoot) ဆိုတဲ့ ငှက်မျိုးစိတ် တွေ ရှိတယ်ကွ။ သူတို့က IUCN ရဲ့ မျိုးသုဉ်းမှုအန္တရယ်နဲ့ ကြုံတွေနေမှု (Endangered List) စာရင်း ၀င်ငှက်တွေ နော် ကိုယ့် လူရ။ နောက် ပြီး အရေးကြီးတာ ရှိသေးတယ်။ Burmese roofed turtle (Batagur trivittata) လို့ ခေါ်တဲ့ မြန်မာ့ တိုက်လိပ် မျိုးတွေ အဓိက ကျက်စားတဲ့ နေရာတစ်ခုပေါ့ကွာ။ အဲဒီတိုက်လိပ်က ငါတို့ မြန်မာနိုင်ငံမှာပဲရှိတာ။ ငါတို့ သိပ္ပံအခေါ် (Endemic species) တစ်ခုပေါ့ကွာ။ မျိုးသုန်း လုနီးပါးကို ဖြစ်သွားတာကွ။ အခုမှ သားငှက်ထိန်းသိမ်းရေး အဖွဲ့ (WCS) က စီမံကိန်းတစ်ခုနဲ့ ပြန်ပြီး ထိန်းသိမ်း မွေးမြူနေရတယ်။”
“ဟုတ်လား၊ ငါတို့ နိုင်ငံမှာပဲ ရှိတာဆိုတော့ ဂုဏ်ယူစရာပေါ့ကွာ…နော်။ ငါတောင် လိပ်ကလေးတွေကို သနားလာပြီ။” ၀မ်းနည်းတဲ့ လေသံနဲ့ ကျွန်တော့ သူငယ်ချင်း က တီးတိုးဆိုလာသည်။
“အေး… ဟုတ်တယ်။ ငါတို့ မြန်မာနိုင်ငံမှာပဲ ရှိတဲ့ မျိုးစိတ်တွေ တော်တော်များတယ်ကွ။ ဒါပေမယ့် အများစုကတော့ ရှားပါး လာကုန်ပြီ။ မင်းတို့သိတဲ့အတိုင်း ပေါက်ဖော်ကြီးကလည်း အကောင်ဆို ဘာကောင်ဖြစ်ဖြစ် လာထားပဲ။ ဟို ဌာနထဲတွေက ဟိုလူက အကောင် ဒီလူက အကောင် လို့ သုံးနေတာကိုတောင် တစွန်းတစ ကြားသွားပြီး ၀ယ်မလို့ စီစဉ်နေတယ် ဆိုပဲ။ ငါလည်း အဲဒီအကောင်တွေ ထုတ်ရောင်းချင်နေတာ ကြာပြီဆိုတော့ ဆက်သွယ်လိုက်ဦးမှလား မသိဘူး။” ဟု ကျွန်တော်က ဟာသ နှောလိုက်တော့ သူငယ်ချင်းမှာ အူမတက်ရုံ တမယ် ရယ် လို့နေသည်။
အဲဒီနောက် သူက “မင်းကသာ မင်းအကောင်လေးတွေကို တယုတယ ပြောနေတယ်၊ ဟို လူကြီးတွေက မင်းအကောင် တွေကို စိတ်ဝင်စားပါ့မလား။”
“ဒါကတော့ သူတို့က သိမှ မသိတာကိုး။ သိအောင်ပြောဖို့ကလည်း ငါတို့ တာဝန်ပဲလေကွာ။ တကယ်တော့ သူတို့ မှ မဟုတ်ပါဘူး။ ငါတို့ သစ်တောဌာနမှာတောင် တချို့က အကောင်လေးတွေကို စိတ်ဝင်စားကြတာ မဟုတ်ဘူး။ သိပ်အရေးမပါပါဘူးကွာ လို့ ပဲ ထင်နေကြတာ။ တကယ်တော့ ဒီအကောင်လေးတွေက ငါတို့အတွက် အသက်နဲ့ ယှဉ်ပြီး အရေးကြီးတယ် ကိုယ့်လူရေ…" ကျွန်တော် က စကားကို ခဏ ရပ်လိုက်သည်။
“ဟုတ်လား။ ဘယ်လို အရေးကြီးတာလဲ။ ငါကတော့ ချစ်စရာကောင်းတာရယ် ဗုဒ္ဓဘာသာ ပီပီ တိရိစ္ဆာန်လေးတွေကို ဘေးဒုက္ခ မရောက်စေချင်တာပဲ သိတယ်ကွ။ တခြား သိပ္ပံနည်းကျ အကြောင်းအရင်းတွေကိုတော့ သိပ်မသိဘူး။ ဆက်ရှင်းပါအုံး သူငယ်ချင်းရာ။ အချိန်ရတယ် မဟုတ်လား။”
ကျွန်တော့ သူငယ်ချင်း၏ စိတ်ဝင်စားမှု တဖြည်းဖြည်း မြင့်လာတာကို ကြည့်ရင်း ပီတိဖြစ်လာမသည်။ ကျွန်တော်က လည်း ဒါမျိုးပြောရမယ်ဆို ထမင်းမစား (အရည်တော့ သောက်သည်) ပဲ ပြောချင်တဲ့သူ။ ဒါနဲ့ သူ့အမေးကို ဆက်ပြီး တော့…
“ဒီလိုရှိတယ်ကွ။ ဂေဟစနစ်မှာ၊ ငါတို့အခေါ် Ecosystem မှာပေါ့ကွာ။ အဲဒီမှာ အရေးမကြီးဘူးဆိုတာ မရှိဘူး။ အားလုံးက တန်းတူညီတူ အရေးကြီးကြတာပဲ။ ဥပမာကွာ ဥရောပမှာ ကြည့်။ အထူးသဖြင့် ငါရောက်နေတဲ့ ဂျာမဏီမှာ ဆိုရင် ဟိုး အရင်ကတည်းက အမဲလိုက်တာ အရမ်းခေတ်စားကြတယ်။ ရာသီဥတုက အေးတော့ သူတို့က လှုပ်လှုပ်ရှားရှား နေဖို့ လိုအပ်တာကိုး။ ပြီးတော့လည်း ဒီကောင်တွေက ကမ္ဘာကိုတောင် ချယ်လှယ်သိမ်းပိုက် ခဲ့ကြ သေးတာပဲ။ အဲဒီတော့ အမဲလိုက်တော့လည်း သားစားသတ္တ၀ါတွေကိုမှ ရွေးပြီး လိုက်ကြတာ။ ဒီလိုနဲ့ အသားစား အကောင်တွေ ကုန်ရောလေ။ အဲဒီမှာ ပြသနာ စတော့တာပဲ။ အခု ဒီကောင်တွေမှာ သမင်တွေ က ဒုက္ခ တော်တော် ပေးနေလေရဲ့။ သမင် ကိုစားမယ့် ကျားလည်းမရှိ ကျားသစ်လည်း မရှိ။ သမင်ဆိုတာကလည်း သားပေါက်နှုန်းက ခပ်ကောင်းကောင်းရယ်။ အခုကျတော့ သမင် ထိန်းသိမ်းရေးကို ငွေကုန်ကြေးကျခံပြီး လုပ်နေရပါလေရော။”
ကျွန်တော် ခဏရပ်လိုက်တော့ သူက “အေး…။ မင်းပြောပုံဆို သမင်းမွေးရင်း ကျားစားရင်း ဆိုတဲ့ စကားပုံ တောင် မမှန်တော့ဘူး ပေါ့နော်။”
“အေးလေကွာ။ မင်းပဲ စဉ်းစားကြည့်၊ သူတို့ကတော့ အသားစား သတ္တ၀ါကြီးတွေ မရှိတော့ရင် လူတွေလည်း အေးအေးချမ်းချမ်း နေရမယ်။ နောက် အစားခံ သတ္တ၀ါလေးတွေလည်း စိတ်ချမ်း သာမယ် လို့ ထင်ခဲ့မိမှာပေါ့။ နောက် တစ်ခုရှိသေးတယ်။ မြွေမျိုးစိတ်တွေ ပျက်သုန်းသွားရင် ဘာဖြစ်မယ် ထင်သလဲ”
“အင်း….။ ဘာဖြစ်နိုင်လဲ ဟင်။” ကျွန်တော့ အမေးကို သူက ပြန်မေးသည်။
ကျွန်တော်က ….
“မြွေတွေမရှိတော့ရင် မြွေတွေ စားနေတဲ့ ကြွက်တွေ ပေါလာမျာပေါ့ကွ။ ထိန်းမရသိမ်းမရကို ဖြစ်သွားတော့မှာ။ တလောကတောင် ကြွက်ပြသနာ သတင်းတွေ ကြားလိုက်ရသေးတယ်။ ဟိုင်းဝေး မှာ ဆိုလား မသိဘူး။”
“ဟုတ်တယ် ကွ။ အမြန်လမ်းမကြီးပေါ်မှာ ကြွက်တွေ အများကြီး တက်လာလို့တဲ့။ ငါ သတင်းတွေ ဖတ်လိုက်ရတယ်။” ကျွန်တော့ စကားကို သူက လှမ်းထောက်သည်။
“အေး…။ အဲဒါ နမူနာပဲ။ တရုတ်က မြွေတွေကို ရသလောက်ဝယ်၊ ငါတို့ဘက်ကလည်း နည်းပညာ တိုးတက်အောင် တော့ မကြိုးစားကြဘူး။ လွယ်လွယ်ပိုက်ဆံရမယ်ဆို ကိုယ့်အသက်တောင် ပဓါနမထားပဲ ဖမ်းရောင်းကြရောလေ။ အဲဒါ အခုတော့ မြွေတွေ မရှိတော့ ကြွက်တွေ ပေါလာပြီလေ။ ကြောင်မရှိ ကြွက်ဆူ၊ မဟုတ်တော့ဘူး၊ မြွေမရှိ ကြွက်ပေါ ဖြစ်နေပြီ။ သတိသာထားနေ ငါတို့ အိမ်တွေပေါ်အထိ တက်လာတော့မယ် သူငယ်ချင်းရေ…။’
ကျွန်တော့ရဲ့ ဟာသလိုလို ခြိမ်းခြောက်တာလိုလို စကားကို ကြားပြီး သူက “မင်းပြောပုံဆိုရင် ကြွက်ထောင်ခြောက် ဈေး ကွက်ကိုတောင် အခုကတည်းက အရယူထားရမလို ဖြစ်နေပြီ…။”
သူ့စကားကို ကျွန်တော် က “မင်းကတော့ ကွာ စီးပွားရေးသမားလို့ ကို မပြောရဘူး၊ ဘယ်လိုဖြစ်ဖြစ် အဲဒီဘက်ကဘဲ တွေးနေတော့တာပါလား။ ဒါနဲ့ စောစောက စကားကို ပြန်ဆက်ရအောင်။ ငါ ပြောချင်တာက မျိုးစိတ်တိုင်း မျိုးစိတ်တိုင်းက သူ့ဟာနဲ့ သူတော့ အရေးကြီးတာကြည့်ဘဲ။ ငါတို့က အဲဒါကို Balance ဖြစ်အောင် လုပ်ပေးရမှာ။ ရှားပါးတာတွေကို ထိန်း၊ ပေါလာတာတွေ ကို သုံးပေါ့ကွာ။ အဓိက ကတော့ မျိုးစိတ်တွေ ပျောက်ကွယ် မသွားစေဖို့ပဲ။ အဲဒါကြောင့် ရှားပါးလာနေပြီး ဖြစ်တဲ့ ထမံသီဘေးမဲ့တောက ကျားတွေ၊ ကြံ့တွေ၊ တောဆင်ရိုင်းတွေကို မျိုးသုန်း ပျောက်ကွယ် မသွားအောင် ငါတို့ ဘယ်လို ထိန်းသိမ်းရေး အစီအစဉ်တွေ ထည့်သွင်း အကောင်အထည်ဖော်မလဲ ဆိုတာကိုပဲ အလေးထား စဉ်းစားပေးဖို့ စီမံကိန်း အကောင်အထည်ဖော်မယ့်သူတွေကို ပြောခွင့်ရရင် ပြောချင်တယ် သူငယ်ချင်းရေ…။ ငါလည်း ပြောတာ အချိန်တော်တော်ကြာသွားပြီ၊ အပြင်ခဏ ထွက်လိုက်အုံးမယ်။ ဒီမှာလည်း ရှားပါး မျိုးစိတ် လှလှလေးတွေ လမ်းပေါ်မှာ ရှိတယ်ကွ။ မျိုးမပြုန်းခင် အမိအရ သွားကြည့်ထားလိုက်အုံးမယ်။ နောက်မှ တွေ့မယ် သူငယ်ချင်းရေ….။”
ကျွန်တော့ နှုတ်ဆက် စကားကို “မင်းလည်း အရင် အကျင့်တွေ မပျောက်သေးပါလား။ ဧကန္တ မင်းအကျင့်တွေကို ပါ ပြုန်းတီး ပျောက်ကွယ်မသွားအောင် ထိန်းသိမ်းဖို့ ကြိုးစားနေတယ်နဲ့ တူတယ်။ ကျေးဇူးပါပဲကွာ။ မင်းနဲ့ပြောမိတော့မှ ငါ့မှာလည်း အတွေးစတွေ ပိုပိုလာတော့တယ်။ See you သူငယ်ချင်း..။”
သူငယ်ချင်းကို နှုတ်ဆက်ပြီး ကွန်ပြူတာ ကို ပိတ်ကာ ကျွန်တော် ကျောင်းဖက်သို့ ထွက်လာခဲ့သည်။ စိတ်ထဲမှာတော့ ချစ်စရာကောင်းတဲ့ ကျားပေါက်ကလေးတွေ၊ လိပ်ကလေးတွေ၊ ငှက်ကလေးတွေ၊ တောမျောက်ကလေးတွေ တစီတတန်းပေါ်လာမိနေသည်။ ထို့ အတူ ကျွန်တော့ မျက်စေ့ရှေ့မှာလည်း ချစ်စရာကောင်းတဲ့……..။
၁၆၊ ၁၀၊ ၂၀၁၁။