သစ်တောသမားတစ်ယောက်ရဲ့ ကိုယ်ပိုင်မှတ်စုလေးပါ၊ ဖတ်မိတာ၊ တွေးမိတာ၊ သဘောကျမိတာလေးတွေ ပြန်လည်ဝေမျှတာပါ...

Oct 9, 2011

ကျွန်တော်နှင့် ရည်မှန်းချက်များ

ဘာလိုလိုနှင့် ဆောင်းဦးပေါက်ရာသီသို့ ရောက်လိုလာပြန်ပြီ။ အပြင်မှာ မိုးတဖွဲဖွဲကျသည်နှင့် အအေးဓါတ်က ပိုပိုလာသည်။ အပူချိန် အနှုတ်ဒီဂရီအောက် ဂဏန်းနှစ်လုံးထိ ရောက်သွားတတ်တဲ့ ဥရောပ ဆောင်းရာသီနဲ့ ရင်းနှီးပြီးသားဖြစ်သော်လည်း ကျွန်တော် ထိန့်လန့်မိနေသည်။ ဒီတစ်နှစ်လည်း ဖြတ်ကျော်ရအုံးမှာပါလား။
ပြူတင်းပေါက်ကို သေချာပိတ်၊ အပူပေးကိရိယာကို နံပါတ်ကုန်ဖွင့်ရင်း အိပ်ယာထဲမှာ ထိုင်နေမိသည်။ လုပ်စရာအလုပ်တွေ တစ်ပုံတပင်ရှိနေသော်လည်း ဘာအလုပ်မှ မလုပ်ဖြစ်။ အမှန်တော့ ဘာလုပ်ရမှန်းမသိသလို ဘာကိုမှလည်း မလုပ်ချင်။ အတွေးထဲမှာလည်းေ၀၀ါးနေသည်။ ရှေ့ဆက်ရန် ဘ၀မှာ လမ်းစပျောက်နေသလို ခံစားမိနေ၏ ။

ကျွန်တော့ဘ၀မှာ အခုလို ခံစားချက်မျိုး ခဏခဏ ကြုံခဲ့ဘူးသည်။ ဖြစ်ချင်တာတစ်ခုကို တစိုက်မတ်မတ် မကြိုးစားချင်တတ်တဲ့ အကျင့်ကြောင့်လား၊ ဒါမှမဟုတ် ဘ၀မှာ ဘာဖြစ်ချင်မှန်း သေသေချာချာ မသိတာလား။ ရင်းနှီးပြီးသား ခံစားချက်တစ်ခုဖြစ်နေပေမယ့် ကျွန်တော် ထပ်ခါထပ်ခါ ခံစားမိနေသည်။

မှတ်မှတ်ရရ ဘ၀မှာ လေး ငါးကြိမ် ထက်မနည်း လမ်းစ ပျောက်ခဲ့ဖူးသည်။ သို့သော် လမ်းစပျောက်တဲ့ အကြောင်း တစ်ကြိမ်တစ်ခါ သာ မှတ်တမ်းတင်ခဲ့ဖူး၏။ သစ်တောတက္ကသိုလ် ကျောင်းသားဘ၀ ပထမနှစ် အင်္ဂလိပ်စာ စာမေးပွဲတွင် ဖြစ်သည်။ ရည်ရွယ်ချက်မရှိဘဲ သစ်တောတက္ကသိုလ်ကို ရောက်လာခဲ့တဲ့ ကျွန်တော်၊ စီနီယာ ဂျူနီယာဆိုတဲ့ စည်းကမ်းတစ်ခုအောက်တွင် စိတ်ကျဉ်းကြပ်စွာ လမ်းစပျောက်ခဲ့သည်။ ထိုစဉ်က ကျွန်တော် ကျောင်းဆက်မတက်ချင်ခဲ့။

ဘာလုပ်ရမှန်းမသိေ၀၀ါးနေချိန်မှာ “ဘ၀ရည်မှန်းချက်” ဆိုတဲ့ မေးခွန်းတစ်ခုကို မဖြေမနေရ ဖြေခဲ့ရဘူးသည်။ ကျွန်တော် ဘာဖြေရမှန်းမသိ။ မေးခွန်းစာရွက်ကို ကိုင်ရင်း ကျွန်တော် တွေဝေနေခဲ့တာ ယခုအထိပင် အမှတ်ရနေသေး၏။ ကျွန်တော်ဘာရေးရမလဲ။ ဆုံးဖြတ်ချက်တစ်ခုကို သေချာစွာချရင် ကျွန်တော် တစ်ခုခု ချရေးခဲ့သည်။ ကျွန်တော့အတိတ်ရဲ့ ရည်မှန်းချက်များ အကြောင်း။

သာမန် အခြေခံဝန်ထမ်း မိသားစုတစ်ခုမှာ အေးဆေးသက်သာစွာ ကြီးပြင်းခဲ့ရတဲ့ ကျွန်တော် ဘ၀ရည်မှန်းချက် ဆိုတာကို ကောင်းကောင်း နားမလည်ခဲ့။ မူလတန်း ကျောင်းသားဘ၀ တစ်လျှောက်လုံး ဖြစ်ချင်ခဲ့တာက တပ်မတော်သား။ ဗိုလ်ဖြစ်ရမယ် ဆိုတဲ့ ရည်မှန်းချက် မရှိပေမယ့် ရှေ့တန်းမှာ သေနတ်ကိုင်ပြီး စစ်တိုက်ချင်ခဲ့သည်။ စစ်တိုက်တန်း မှ မဟုတ်လျှင် လုံးဝ မ ကစားခဲ့။ မူလတန်းအောင်ပြီး အလယ်တန်း ကူးသွားတော့ ကျွန်တော့ ရည်မှန်းချက်တွေ ပြောင်းလဲလာခဲ့သည်။ စစ်သားလုပ်ရန်လည်း စိတ်ကူး မရှိတော့ပေ။ ကျွန်တော်ဖြစ်ချင်ခဲ့တာက ပညာသင်တဲ့ ကလေး အများစု ရူးခဲ့ကြတဲ့ ဆရာဝန် နဲ့ အင်ဂျင်နီယာ။ ဆရာဝန်အရမ်းဖြစ်ချင်တဲ့ သူငယ်ချင်း မိန်းကလေးတစ်ယောက်နဲ့ ကစားဖော် ကစားဘက် ဖြစ်ခဲ့ရာက ကျွန်တော်၊ ဆေးထိုးအပ်နှင့် ယဉ်ပါးလာခဲ့သည်။ အမှိုက်ပုံ တစ်ခုထဲက ကောက်ရလာတဲ့ ဆေးထိုးအပ်တစ်ချောင်းနဲ့ တွေ့ကရာ လိုက်ထိုးနေတတ်သည့် အချိန်။ အိမ်မှာရှိသမျှ အပင်တွေ အားလုံးလိုလိုပင် ဒဏ်ရာ ပလပွနှင့်။

ဆဌမတန်းတွင် ကျွန်တော် အင်္ဂလိပ်စာကို သေချာလေ့လာဖြစ်ခဲ့သည်။ ကျွန်တော့၏ ဆရာက စိုက်ပျိုးရေးတက္ကသိုလ်က ပါမောက္ခ ဦးလှအောင်။ အခြားဘာကျူရှင်မှ မထားနိုင်ပေမယ့် ကျွန်တော့မိဘက အင်္ဂလိပ်စာ ကျူရှင်တော့ မဖြစ် ဖြစ်အောင် ထားခဲ့သည်။ အင်္ဂလိပ်စာရဲ့ အရေးပါပုံကိုတော့ နိုင်ငံခြားပြန်တွေ လက်အောက်မှာ အမှုထမ်းခဲ့ရတဲ့ ကျွန်တော့ အဖေ ကောင်းကောင်းနားလည်သည်။ ဆရာ့ အင်္ဂလိပ်စာ ကျူရှင်ကလည်း တော်တော်အောင်မြင်သည်ဟု ဆိုရမည် ဖြစ်၏။ ရေဆင်းမှာ ဘဘကျူရှင်ဆိုလျင် ကလေးတိုင်းလိုလို သိကြသည်။ ထိုစဉ်က ကျွန်တော့ရင်ထဲမှာလည်း ဆန္ဒတစ်ခု ပြင်းပြစွာ ရှိခဲ့မိသည်။ လန်ဒန်က နှင်းတောထဲမှာ ရိုက်ထားတဲ့ ဆရာ့ဓါတ်ပုံကို ကြည့်ရင်း ကျွန်တော် ရူးခဲ့မိ၏။ “တစ်နေ့ Europe တွင် ကျောင်းသွားတက်နိုင်ရမည်” ဟူ၍။

ဆဌမတန်း နောက်ပိုင်း ကျွန်တော့ စိတ်ဝင်စားမှုတွေ ပြောင်းလဲသွားခဲ့သည်။ ဆေးထိုးအပ်ကိုလည်း မကိုင်ချင်တော့။ ကျွန်တော် ကိုင်ချင်တာက အီလက်ထရောနစ် ဆားကစ်များ။ သတ္တမတန်းမှ စပြီး ကျွန်တော့် ပိုးအသစ်က ထိန်းမရတော့။ အိမ်ရှိ လျှပ်စစ်ပစ္စည်းတွေလည်း တစ်ခုမှ အကောင်းမကျန်တော့။ နာရီမှ အစ ကက်ဆက် အဆုံး။ တွေ့ကရာဖျက်သည်။ (ယခုအချိန်အထိ ထိုအကျင့်မှာ ဖျောက်ဖျက်၍မရ)။ ဘ၀ကိုလည်း လမ်းကြောင်းတစ်ခု ချမှတ်လိုက်သည်။ “ငါ (၁၀) တန်းအောင်လျှင် အင်ဂျင်နီယာကြီးလုပ်မည်” ဟူ၍။ သို့ရာတွင် ဘ၀ဆိုတာ ထင်ထားသည့်အတိုင်း ဖြစ်မလာတတ်တာ သဘာဝပင်။

YIT တက်မည်ဆိုပြီး ကြိုးစားခဲ့သည့် ကျွန်တော် ၈ တန်း စာမေးပွဲပြီးချိန်တွင် သတင်းဆိုးတစ်ခု ကြားခဲ့ရသည်။ YIT ဆိုတာ မရှိတော့ဘူး တဲ့။ မျှော်လင့်ချက် တစ်ခု ပျောက်သွားခဲ့တဲ့ ကျွန်တော် ဘာဖြစ်ချင်မှန်း မသိခဲ့တော့။ အီလက်ထရောနစ် ဆားကစ်တွေနဲ့ ဆက်ရူးနေသေးတဲ့ကျွန်တော် ၁၀ တန်း စာမေးပွဲကိုတော့ ဘာဖြစ်ချင်မှန်းမသိဘဲနှင့် ဖြေဆိုခဲ့ရသည်။ စာမေးပွဲပြီးတာနှင့် လုံးဝ တေပေ လေလွင့်တော့သည်။ ဂီတာ အစုတ်ကလေးတစ်ခုနှင့် ရက်ကွက်ထဲမှာ အိပ်ရေးပျက်ခံပြီး လျှောက်အော်နေ ခဲ့သည်။ ဘာကျောင်းတက်မှာလည်း လာမေးခဲ့သမျှ ကျွန်တော် အဖြေမပေးခဲ့။

တက္ကသိုလ် ၀င်ခွင့်တွေ လျှောက်ကြစို့လည်း ဆိုရော ကျွန်တော် ဘာလျှောက်ရမှန်းမသိ။ ဆေးမှတ်မှီနေသော်လည်း ငွေကြေး မတတ်နိုင်၍ စိတ်ကူးပင် မယဉ်မိခဲ့။ စိုက်ပျိုးရေးသုတေသနမှာ ၀န်ထမ်းလုပ်လာတဲ့ ကျွန်တော့ အမေ က စိုက်ပျိုးရေးတက္ကသိုလ် တက်စေချင်သည်။ ရွံ့ထဲ ဗွက်ထဲမှာ ကြီးခဲ့ရတဲ့ ကျွန်တော် လယ်ကွင်းထဲ ထပ်မဆင်းချင်တော့။ အဖေကတော့ ကျွန်တော့ သဘောပင်။ အမှတ်မှီလျှင် သစ်တောလျှောက်ပါလား ဆိုတဲ့ အင်္ဂလိပ်စာ သင်တန်းမှာ အတန်းတူ သစ်တောကျောင်းသား အကိုကြီးတစ်ဦးက အမှတ်တမဲ့ အကြံပေးလာမှ သစ်တောတက္ကသိုလ် ဆိုတာကို ကျွန်တော် သတိထားမိခဲ့သည်။ အဆင့်လည်း မနိမ့်၊ လယ်ကွင်းထဲလည်း ဆင်းစရာမလို။
ကျောင်းစရိတ် များများ မထောက်နိုင်တဲ့ ကျွန်တော့ မိဘတွေကလည်း ဘုမသိ ဘမသိ သဘောတူကြ၏။ တစ်ဖက်ကလည်း အင်ဂျင်နီယာ ဖြစ်ချင်တဲ့ ကျွန်တော်၊ အိမ်နှင့် ခွဲမနေချင်ဘူး ဆိုသည့် အကြောင်းပြချက် တစ်ခုနှင့်ပင် သစ်တောတက္ကသိုလ် လျှောက်ဖြစ်ခဲ့သည်။ ကျောင်းတက်ကာစ ရင်ခုန်မိပေမယ့် ကိုယ့်ကိုယ်ကို မာန ရှိမိခဲ့တဲ့ ကျွန်တော်၊ ကျောင်းတော်ကြီးရဲ့ စနစ် တစ်ခုအောက်မှာ စိတ်ဓါတ်ကျခဲ့မိသည်။ ဘာသာရပ်ကို စိတ်မ၀င်စားပေမယ့် စာဖတ် ၀ါသနာပါတဲ့ ကျွန်တော် ကျောင်းစာကိုတော့ လေ့လာဖြစ်ခဲ့သည်။ သို့သော် ဘာဖြစ်ချင်မှန်း မသိခဲ့။

ပထမနှစ် အင်္ဂလိပ်စာ စာမေးပွဲမှာ ငယ်စဉ်က ကျွန်တော့ ရည်မှန်းချက်များအကြောင်း ရေးခဲ့သော်လည်း ပစ္စုပ္ပါန် ရည်မှန်းချက်ကို ကျွန်တော် ချမရေးနိုင်ခဲ့။ မှတ်မှတ်ရရ စာမေးပွဲပြီးချိန် ဆရာမ က ခေါ်တွေ့ပြီး ဆွေးနွေးခဲ့သေးသည်။ ခေါင်းစဉ်နဲ့ ရေးစေချင်တာကို ညီညွတ်အောင် ဖြေမထားပေမဲ့ အောင်စာရင်းမှာတော့ ဂုဏ်ထူးတပ်ပေးခဲ့ပါသည်။

ဒုတိယနှစ် တောဆင်းပြီးချိန်တွင် သစ်တောဘာသာရပ်ကို တော်တော်လေး စိတ်ဝင်စားလာခဲ့မိပြီဖြစ်သည်။ ပထမနှစ် တောဆင်းစဉ်က ဆရာဦးမင်းသန့်ဇင်ရဲ့ အပြောအဟောကောင်းမှုကြောင့်လား၊ ဒုတိယနှစ် တောဆင်းခဲ့ရတဲ့ ဆရာဦးသက်ဦးနဲ့ ဆရာဦးဇော်ဝင်း(၇) တို့ရဲ့ အပြုအမူတွေကြောင့်လားတော့ ကျွန်တော် ကွဲကွဲပြားပြား မသိခဲ့။ လစဉ် ပညာသင်ဆု ထောက်ပံ့ပေးတဲ့ FREDA နဲ့ NEF တို့ရဲ့ တွန်းအားတွေကြောင့် ကျွန်တော် စာကြိုးစားဖြစ်ခဲ့သည်။ သစ်တောပညာရှင်ကောင်း တစ်ယောက် ဖြစ်လာရမည် ဟု သဓိဌာန် မချမိရုံ တမယ်ပင်။ ဆရာဦးရာဇာမင်းရဲ့ အဆောင်စာကြည့်တိုက်နဲ့ သူငယ်ချင်း ဘိုဘိုဟန်ရဲ့ တိုက်တွန်းမှုတို့ကြောင့် စာဖတ်ဝါသနာ အတော်ထုံခဲ့မိသည်။ စာသင်ခန်းအတွင်း ထိုင်နေသမျှ အချိန်တိုင်း ဆရာ မသိအောင် အပြင်စာအုပ်တွေ ခိုးဖတ်ခဲ့ကြသည်။ ဘ၀လမ်းကြောင်း ကိုလည်း ယောင်ဝါးဝါး ချမှတ်နိုင်ခဲ့မိ၏။

သို့သော် ဘယ်ရည်မှန်းချက်ကိုမှ ရေရှည် စွဲစွဲမြဲမြဲ မချတတ်ခဲ့တဲ့ ကျွန်တော် စတုတ္ထနှစ် အပြီးမှာ စိတ်ဓါတ်တွေ ပြောင်းလာခဲ့သည်။ ရှုပ်ထွေးပွေလီလှတဲ့ သစ်တောဝန်ထမ်းဘ၀ကို ကျွန်တော် မဖြစ်ချင်တော့။ အရက်သေစာ ပုံမှန်မှီဝဲတတ်တဲ့ ကျွန်တော်၊ နောက်ဆုံးနှစ် သင်တန်းမှာ စာသေချာမလုပ်ဖြစ်ခဲ့။ အဆင့်ကောင်းလျှင်လည်း ဘာ ပညာသင်ဆုမှ ရဖို့လမ်းမရှိလေတော့ ခရက်ဒစ်နှင့် အောင်လျှင် ကျေနပ်ပြီဟု ဆိုကာ ပြန်မရနိုင်တော့တဲ့ ကျောင်းသားဘ၀ ကို အစွမ်းကုန် ခံစားခဲ့တော့သည်။ ရင်ဘတ်ထဲမှာ ကျန်တာဆိုလို့ နှင်းတောထဲမှာ ကျောင်းတက်ချင် စိတ်လေး တစ်ခုသာပင် ရှိတော့သည်။

ကျောင်းပြီး၍ အလုပ်ထဲရောက်တော့ ကျွန်တော် ဘယ်သွားရမှန်းမသိ။ ဘာဖြစ်ချင်မှန်း သေသေချာချာ မသိတဲ့ ကျွန်တော် ဘယ်သွားချင်မှန်းလည်း သေသေချာချာ မဝေခွဲတတ်ခဲ့။ ကျွန်တော့ရဲ့ တွေဝေမှုကို ကျွန်တော့ စီနီယာ အမ တစ်ယောက်က ဆုံးဖြတ်ပေးခဲ့သည်။ ဘုမသိ ဘမသိ ၀န်းကျင်၊ သားငှက် ဌာနကို ကျွန်တော် ရောက်လာခဲ့သည်။
ရောက်ရောက်ချင်း စိတ်မ၀င်စားသော်လည်း ကျွန်တော့ အကို ဆရာလို ရင်းနှီးရသူ ဆရာဦးရာဇာမင်း အမှတ်တမဲ့ သတိပေးသွားတဲ့ စကားတစ်ခွန်းကြောင့် ကျွန်တော် အလုပ်ကြိုးစားခဲ့ပါသည်။ သူပြောသွားတာက “လူကြီး အားကိုးတဲ့ သူတစ်ယောက်ဖြစ်အောင်နေ” တဲ့။

ဆရာ့စကားအတိုင်း လူကြီးအားကိုးရသူ တစ်ယောက်ဖြစ်အောင် နေခဲ့မိရာက ကျွန်တော့ ရှိစုမဲ့စု ရည်မှန်းချက်လေးပင် ပျောက်လုနီးပါး ဖြစ်ခဲ့သည်။ ပညာသင်ဆု စာမေးပွဲအတွက် ပြင်ဆင်ချိန် သေချာမရှိခဲ့တော့။ ကံကောင်းထောက်မစွာ စာမေးပွဲမှာ အင်္ဂလိပ်စာ အမှတ်ကလေး ကောင်းသွားသဖြင့် နှင်းတောထဲမှာ ကျွန်တော် ပညာသင်ခွင့် ရခဲ့ပါသည်။ သို့ရာတွင် မျှော်လင့်ခဲ့သလောက် ပျော်စရာမကောင်း။ ဆီးနှင်းထဲမှာ အတန်းသွားရတဲ့ ဒုက္ခကို ခံစားဘူးသူတိုင်း ပြန်မလိုချင်ကြ။  မျှော်လင့်ချက် အပြည့်နဲ့ ပညာလာသင် ခဲ့သော်လည်း ထင်သလောက် စိတ်ဝင်စားစရာ မကောင်းခဲ့။

အရာရာကို ငြီးငွေ့လွယ်တတ်တဲ့ ကျွန်တော့ အကျင့်ကြောင့်လား၊ ဒါမှမဟုတ် အရာရာကို အလေးမထားတဲ့တတ် ကျွန်တော့ရဲ့ စိတ်ဓါတ်ကြောင့်လား။ သေချာသည်ကတော့ ကျွန်တော့ အတွေးတွေေ၀၀ါးနေမိသည်….။

(ဆရာသစ္စာနီ ရဲ့ "အထုပတ္ထိမဲ့ မှန်တစ်ချပ်" ၀တ္ထုတို ကို ဖတ်မိရာက လက်ဆော့မိသွားခြင်း ဖြစ်ပါသည်။)

No comments:

Post a Comment