သစ်တောသမားတစ်ယောက်ရဲ့ ကိုယ်ပိုင်မှတ်စုလေးပါ၊ ဖတ်မိတာ၊ တွေးမိတာ၊ သဘောကျမိတာလေးတွေ ပြန်လည်ဝေမျှတာပါ...

Oct 24, 2011

ရာသီဥတုပြောင်းလဲခြင်းကို ကာကွယ်မည့် Geo-engineering နည်းပညာ

image

သက္ကရာဇ် ၂၀၀၀ ပြည့်နှစ် နောက်ပိုင်းမှာ ရာသီဥတုပြောင်းလဲခြင်း (Climate Change) ဆိုင်ရာ ပြသနာများ ပိုမိုဆိုးရွား လာတာကို တွေ့လာ ရမှာ ဖြစ်ပါတယ်။ ကမ္ဘာကြီး ပူနွေးလာမှု၊ အိုဇုံးလွှာ ပါးလွှာ ပေါက်ပြဲမှုများ နှင့်အတူ သဘာဝ ဘေးအန္တရာယ်များလည်း တဆက် တစပ်တည်း ဆိုးဆိုးရွားရွား ကြုံတွေ့လာကြရပါတယ်။ ၁၉၈၀ နောက်ပိုင်းမှာ ကမ္ဘာ့မြေရဲ့ အပူချိန်ဟာလည်း သိသိသာသာ မြင့်မား လာတာကို တွေ့ရမှာဖြစ်ပါတယ်။ အပူချိန်မြင့်တက်လာမှုနဲ့အတူ ရာသီဥတုကလည်း ဆိုးရွားစွာ ဖောက်ပြန်လာပါတယ်။ နှစ်စဉ် မြစ်ရေကြီးမှု သတင်းတွေ၊ မိုးခေါင်ရေရှားမှုတွေ၊ ပင်လယ်ရေ မျက်နှာပြင် မြင့်တက်လာမှုဖြစ်စဉ် တွေနဲ့အတူ သက်ရှိသတ္တ၀ါ တွေရဲ့ အသက်ရှင် ရပ်တည်မှုကို ခြိမ်းခြောက်လျက်ရှိနေပါတယ်။ အောက်ပါ အပူချိန်ပြဇယားကို ကြည့်မယ်ဆိုရင် ကမ္ဘာ့အပူချိန်ဟာ ကြောက်စရာကောင်းအောင် မြင့်တက်လာတာဖြစ်ပြီး ဆက်လက်မြင့်တက်ဖို့လည်း အလားအလာရှိနေတာကို တွေ့ရမှာ ဖြစ်ပါတယ်။

image

တဖက်ကလည်း သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးသမားများအနေနဲ့ ပြောင်းလဲလာတဲ့ ရာသီဥတုကို ထိန်းသိမ်း ကာကွယ်ရေး ဆိုင်ရာ သုတေသန လုပ်ငန်းများကို တွင်တွင်ကျယ်ကျယ် ဆောင်ရွက်လာကြပါတယ်။ ပြောင်းလဲလာတဲ့ ရာသီဥတုနှင့်အတူ ဘယ်လို အဆင်ပြေအောင် နေထိုင်ကြမလဲ (Climate change adaptation)၊ ရာသီဥတုပြောင်းလဲမှုကို ဘယ်လို လျော့နည်းအောင် ဆောင်ရွက်ကြမလဲ (Climate change mitigation) စတဲ့ စကားလုံးတွေဟာ သိပ္ပံပညာရှင်တွေကြား ရေပန်းစားနေတဲ့ စကားလုံးများ ဖြစ်နေပါတယ်။ လက်တလော ဖြေရှင်းချက်များ အနေဖြင့် ကာဗွန်ထုတ်လွတ်မှု လျော့ချခြင်း (Emission reduction) နဲ့ ကာဗွန်သိုလှောင်မှု တိုးမြှင့်စေခြင်း အတွက် သစ်တောများ ထိန်းသိမ်းကာကွယ်ခြင်း (Enhancing Carbon Sequestation) တို့ကို အဓိက ဆောင်ရွက်ခဲ့ကြ ပါတယ်။

သို့ရာတွင် ရာသီဥတုပြောင်းလဲမှု ပြသနာများ လျော့နည်းသွားခြင်းမရှိဘဲ ပိုမိုဆိုးရွားလာတဲ့ အတွက် သိပ္ပံပညာရှင်များအနေနဲ့ အခြား ရာသီဥတုပြောင်းလဲမှု လျော့ချရေး နည်းလမ်းများကို တီထွင်ကြံဆ လာကြပါတယ်။ အဆိုပါ နည်းလမ်းများအနက် အခုတလော ရေပန်းစားလာတဲ့ နည်းပညာတစ်ခုကတော့ Geo-engineering လို့ခေါ်တဲ့ ကမ္ဘာ့ရာသီဥတုစနစ် (climate system) ကို ပြုပြင်ပြောင်းလဲတဲ့ နည်းလမ်းဖြစ်ပါတယ်။

Geo-engineering နည်းပညာအနေဖြင့် အဓိက နည်းလမ်းနှစ်ခုကို တီထွင်ကြံဆ လာကြပါတယ်။ ပထမ တစ်နည်းမှာ Carbon dioxide removal (CDR) လို့ခေါ်တဲ့ လေထုထဲက ကာဗွန်ဒိုင်အောက်ဆိုဒ်ကို ဖယ်ထုတ်တဲ့နည်းလမ်းဖြစ်ပြီး၊ ဒုတိယ နည်းလမ်းကတော့ Solar radiation management (SRM) လို့ခေါ်တဲ့ နေရောင်ခြည် ကျရောက်မှု ပမာဏ လျော့နည်းစေတဲ့ နည်းလမ်းဖြစ်ပါတယ်။

ကာဗွန်ဒိုင်အောက်ဆိုဒ် ဖယ်ထုတ်တဲ့ CDR နည်းလမ်းအမြောက်အများရှိကြပါတယ်။ အဓိက နည်းလမ်းကတော့ သစ်တောသစ်ပင်များ ပိုမိုစိုက်ပျိုးခြင်းပင် ဖြစ်ပါတယ်။ သစ်တောတွေဟာ လေထုထဲမှ ကာဗွန်ဒိုင်အောက်ဆိုဒ် ဓါတ်ငွေ့များကို အဓိက စုပ်ယူ သိုလှောင်ပေးပါတယ်။ နောက်တစ်နည်းကတော့ ကာဗွန်ဒိုင်အောက်ဆိုဒ် ထုတ်လွတ်နိုင်တဲ့ စက်ရုံများ၊ မော်တော်ယဉ်များမှာ ကာဗွန်ဒိုင်အောက်ဆိုဒ် ဖမ်းယူနိုင်တဲ့ အစစ်များ (Filter) တပ်ဆင် အသုံးပြုစေခြင်းဖြစ်ပြီး စက်မှုနိုင်ငံတော်တော်များများမှာ ကျင့်သုံးနေကြပြီ ဖြစ်ပါတယ်။ နောက်တချက် စိတ်ဝင်စားစရာကောင်းတဲ့ CDR နည်းလမ်းကတော့ သမုဒ္ဒရာထဲကို သံဓါတ်ပါတဲ့ မြေသြဇာ ပတ်ဖြန်းတာပဲ ဖြစ်ပါတယ်။ သမုဒ္ဒရာ ရေမျက်နှာပြင်ကို သံဓါတ် မြေသြဇာ (Iron fertilizer) ပတ်ဖြန်းပေးခြင်းအားဖြင့် သမုဒ္ဒရာထဲမှာရှိတဲ့ ကာဗွန်စုပ်ယူ သိုလှောင်နိုင်စွမ်းမြင့်မားတဲ့ phytoplankton လို့ခေါ်တဲ့ အပင်လေးများကို ပိုမိုရှင်သန်စေမှာဖြစ်ပါတယ်။

CDR နည်းလမ်းများအပြင် ယခုနောက်ပိုင်း သိပ္ပံပညာရှင်များ ပိုမို စိတ်ဝင်စားလimageာ တာကတော့ နေရောင်ခြည်ပမာဏ လျော့နည်းစေတဲ့ SRM နည်းလမ်း တွေပဲ ဖြစ်ပါတယ်။ အထူးသဖြင့် လေထုထဲကို sulphate aerosols လို့ခေါ်တဲ့ ဓါတုအရည်တမျိုး ပေါင်းစပ်ပေးခြင်း နည်းလမ်းကို ပိုမိုသုတေသနပြု ဆောင်ရွက် လာကြ ပါတယ်။ Sulphate aerosols ဟာ လေထုရဲ့ အလင်းပြန်မှုပမာဏ ကို မြှင့်တင် ပေးနိုင်တာကြောင့် ကျရောက် လာမယ့် နေရောင်ခြည် အချို့ကို အာကာသအတွင်းသို့ အလင်းပြန်စေပြီး ကမ္ဘာမြေပေါ်ကျရောက်မယ့် အပူချိန်ပမာဏကို လျော့ချပေးနိုင်မှာဖြစ်ပါတယ်။ အဆိုပါ နည်းလမ်းမှာ သဘာဝ မီးတောင်များ ပေါက်ကွဲရာမှ လေထုထဲသို့ Sulphate aerosols ဓါတ်ငွေ့များ ထုတ်လွတ်မှုကို သုတေသန ပြုလုပ်ရာမှ စတင်တွေ့ရှိခဲ့တာဖြစ်ပါတယ်။

ဗြိတိန်နိုင်ငံ အခြေစိုက် သိပ္ပံပညာရှင်အချို့က မိုးပျံလေဘောလုံးများကို အသုံးပြုပြီး လေထုထဲသို့ Sulphate aerosols ပတ်ဖြန်းမယ့် နည်းလမ်းကို တီထွင်ကြံဆထားပါတယ်။ မိုးပျံလေဘောလုံး အလုံး ၂၀ ခန့်ကို လေထုထဲသို့ ကီလိုမီတာ ၂၀ အမြင့်ခန့်အထိ လွှတ်တင်ပြီး အလင်းပြန်ဓါတ်ငွေ့များ ပတ်ဖြန်းခြင်းအားဖြင့် ကမ္ဘာ့အပူချိန်ကို ၂ ဒီဂရီ စင်တီဂရိတ် ခန့်အထိ လျော့ချပေးနိုင်မှာဖြစ်တယ်လို့ ဆိုပါတယ်။ 

image

သို့ရာတွင် အဆိုပါ အစီအစဉ်မှာ ငွေကြေး အကုန်အကျ အလွန်များမှာ ဖြစ်ပါတယ်။ ဒါ့အပြင် အလင်းပြန်ဓါတ်ငွေ့များရဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေကို စနစ်တကျ ဆန်းစစ်လေ့လာ နေဆဲဖြစ်ဖြစ်ပြီး၊ ဇီဝမျိုးစုံမျိုးကွဲ ထိန်းသိမ်းရေးပညာရှင်များဘက်ကလည်း အပင်နဲ့ တိရစ္တာန်မျိုးစိတ်တွေကို ထိခိုက်နိုင်မှု ရှိမရှိ လေ့လာဆန်းစစ်ပြီးမှာသာ သဘောတူဆောင်ရွက်ခွင့် ပြုမယ်လို့ ဆိုပါတယ်။

မည်သို့ပင် ဆိုစေကာမူ သိပ္ပံပညာဖြင့် ကမ္ဘာကြီးကို ဖျက်ဆီးခဲ့သလို ယခုတကြိမ် သိပ္ပံပညာဖြင့် ကမ္ဘာကြီးကို ပြန်လည်ကယ်တင်ဖို့ ကြိုးစားနေတာဖြစ်တဲ့အတွက် ကြိုဆိုရမှာပင် ဖြစ်ပါတယ်။

 

မှီငြမ်း။   ။ http://www.bbc.co.uk/

No comments:

Post a Comment