သစ်တောသမားတစ်ယောက်ရဲ့ ကိုယ်ပိုင်မှတ်စုလေးပါ၊ ဖတ်မိတာ၊ တွေးမိတာ၊ သဘောကျမိတာလေးတွေ ပြန်လည်ဝေမျှတာပါ...

Sep 21, 2011

သတိထားသင့်သည့် Invasive species အန္တရာယ်

တနေ့က ကျေးလက်ဒေသတစ်ခုကို ခရီးထွက်ဖြစ်ခဲ့စဉ် အလွန်လှပတဲ့ မြစ်ကမ်းဘေးတစ်ခုနားမှ ခေတ္တ အနားယူခဲ့သည်။ ထိုစဉ် ကမ်းနားတစ်လျှောက် ပန်းခင်းလေးတစ်ခုကို အမှတ်မထင် မြင်မိလိုက်၏ ။ ပန်းနုရောင် ပန်းခင်းလေးနှင့် မြစ်ကမ်းမှာ အလွန်ပင် လှပလျှက်ရှိနေပေသည်။ စိတ်ဝင်စားလာသဖြင့် အဆိုပါ ပန်းခင်းနားသို့ အနီးကပ်သွားရောက်ကြည့်မိ၏…။ မြန်မာနိုင်ငံ က ဒန်းပန်းနှင့် ခပ်ဆင်ဆင်တူသလိုရှိတာနဲ့ သူငယ်ချင်းကို မေးမိလိုက်တော့ သူက “အဲဒါ Impatiens glandulifera လို့ခေါ်တယ်၊ မင်းတို့ အာရှတိုက်က ပန်းမျိုးပဲ၊ အခုတော့ ငါတို့နိုင်ငံမှာ ထိုးဖောက်ပျံ့ပွားနှောက်ယှက်တဲ့ မျိုးစိတ် (Invasive species) ဖြစ်နေတယ်၊ အခု တော်တော်လေးကို ပြန့်နေတာ” လို့ပြန်ဖြေပါသည်။ 
Impatiens glandulifera

ကျွန်တော်လည်း စိတ်ဝင်စားသွားတာ၍ ပန်းပွင့်တချို့ ယူလာခဲ့မိ၏။ အာရှတိုက်ကဆိုတော့ ဒန်းပန်းနဲ့ တစ်ခုခု ဆက်နွယ်နေမှာ သေချာသည်မဟုတ်လား။ အခန်းရောက်တော့ အဲဒီ ပန်းမျိုးအကြောင်း ဟိုဟိုဒီဒီလိုက်ဖတ်ကြည့်လိုက်တော၊ တ်ာတော်လေး ကို ပျံ့နေတာတွေ့မိလိုက်သည်။ ကျွန်တော်ထင်ထားတဲ့ အတိုင်း ကျွန်တော်တို့ဆီက ဒန်းပင်းနဲ့ မျိုးစုချင်းတူ၏။ သို့ရာတွင် မျိုးစိတ်တော့ နဲနဲ ကွဲသည်။ သူက ဟိမ၀န္တာဒေသ အိန္ဒိယနဲ့ ပါကစ္စတန် ဒေသမှာ အဓိက ပေါက်ရောက်သောမျိုးစိတ်။ ၁၉၃၅ ၀န်းကျင်က ဗြိတိသျှအရာရှိတချို့ ပန်းကလေးလှ၍ အင်္ဂလန်ကို ယူသွားရာက ဥရောပကို စရောက်လာခဲ့သည်ဟု ဆိုသည်။ အစပထမတွင် အိမ်ဘေးက ပန်းခြံထဲမှာ စိုက်ပျိုးတာဖြစ်မည်။ သို့ရာတွင် အဆိုပါ မျိုးစိတ်မှာ အလွန်ပင် ပျံ့ပွားလွယ်တဲ့ သဘာဝရှိ၏။ ပန်းခြံထဲကနေ အကြောင်းအမျိုးမျိုးကြောင့် လွတ်ထွက်သွားပြီး၊ မြစ်ကမ်းဘေးကို ရောက်သွားတာလည်း ဖြစ်နိုင်သည်။ ထိုအချိန်မှ စပြီး အခြားဒေသများကို ပျံ့ပွားသွားနိုင်သည်။ အဆိုပါ မျိုးစိတ်ရဲ့ ထူးခြားချက်မှာ ပဲသီးတောင့်လို အသီးသီးပြီး ထိလိုက်လျင်ပင်  ဖျောင်းကနဲ ကွဲပြီးလွင့်စင်သွားသည်။ တနည်းပြောရလျင် သစ်စေ့ပြန့်ပွားလွယ်သည်ဟု ဆိုနိုင်သည်။ ထို့နောက် ဥရောပ အလယ်ပိုင်း အီတလီ၊ ပြင်သစ် စတဲ့ နိုင်ငံတွေကလည်း လှပသည့် ပန်းကလေးဖြစ်သည့်အတွက် အင်္ဂလန်မှနေ၍ ယူကာ စိုက်ပျိုးခဲ့ကြသည်။ 

သို့ရာတွင် ၄င်းပန်းမျိုးစိတ်မှာ ဥရောပလို အအေးပိုင်းဒေသမှာ အရမ်းသဘောကျပုံရ၏။ ထိန်းမနိုင်အောင်ပင် ပွားများလာတော့သည်။ ဂျာမနီကိုတော့ သူနဲ့ နယ်နိမိတ်ကပ်လျက်ရှီတဲ့ ဆွစ်ဇာလန်နိုင်ငံမှတဆင့် ရောက်ရှိလာသည်ဟု ဆိုကြသည်။  ယခုအခါ ဂျာမနီမှာရှိ မြစ်ကမ်းတော်တော်များများတွင် အဆိုပါ ပန်းမျိုးကို တွေ့ရသည်။ တဖြည်းဖြည်းနှင့် Invasive ဖြစ်မှန်းမသိဖြစ်လာသည်ဟု ဆိုရမည်ပင်။ သူ့ကြောင့် မြစ်ကမ်းဘေးမှာပေါက်နေကျ အခြားမျိုးစိတ်တွေ လုံးဝ မရှင်နိုင်။ နေရာဒေသ အားလုံးကို နယ်ချဲ့သိမ်းပိုက်ထားသလိုပင်။ 

ဒီမျိုးစိတ်ရဲ့ အဓိက ဆိုးကျိုးမှာ တနှစ်ခံပင် ဖြစ်နေခြင်းပင်ဖြစ်သည်။ အောက်တိုဘာ လလယ်နောက်ပိုင်း လုံးဝ မရှင်တော့။ အခြားအပင်ကလည်းမရှိ၊ ရှိတဲ့ ပန်းပင်ကလည်း သေနဲ့ မြစ်ကမ်းဘေးမှာ မြေဆီလွာထိန်းမည့် အပင် လုံးဝ မရှိတော့အောင် ဖြစ်လာသည်။ အကျိုးဆက်အားဖြင့် ကမ်းပါးမထိန်းနိုင်တော့ပဲ ရေတိုက်စားမှုဒဏ်ကို ဆိုးရွားစွာ ခံရစေနိုင်သည်။ သာမန်ကြည့်လျင် အရေးမကြီးဘူးဟူ၍ ထင်ရသော်လည်း စီးပွားရေးအရတွက်ကြည့်လျင် လွန်စွာဆုံးရှုံးနိုင်ပါသည်။ အင်္ဂလန်တွင် အဆိုပါပန်းမျိုးကို ရှင်းလင်းရန်အတွက် ပေါင် သန်း ၁၅၀ မှ သန်း ၃၀၀ အထိ ကုန်ကျနိုင်သည်ဟု ခန့်မှန်းကြသည်။ ဆွစ်ဇာလန်နိုင်ငံတွင် ၂၀၀၅ ခုနှစ် ခန့်မှန်းချက်အရ ဇူးရစ်မြို့တမြို့တည်း အတွက်ပင်လျင် ဆွစ် CHF ၁၃ သန်း (ဗြိတိသျှ ပေါင် ၆ သန်း) ခန့် ကုန်ကျနိုင်သည်ဟု ခန့်မှန်းထားကြသည်။ အလွန်များပြားသည့် ပမာဏ ပင်။

 ဒီနေရာတွင် Invasive species အကြောင်း နဲနဲပြောပြချင်သည်။ Invasive species ကို Global Invasive species program လို့ခေါ်တဲ့ GISP အဖွဲ့က “အခြားနေရာဒေသတစ်ခုမှ ထိုးဖောက်ဝင်ရောက်လာပြီး ဒေသတွင်းရှိ မျိုးစိတ်များအပါအ၀င် လူသားတို့ စီးပွားရေး၊ ကျန်းမာရေးနဲ့ သဘာဝပတ်ဝန်းကျင်ကို ထိခိုက်စေနိုင်တဲ့ မျိုးစိတ်” လို့ အဓိပ္ပါယ်ဖွင့်ဆိုထားသည်။ အထူးသဖြင့် အခြားဒေသတစ်ခုမှ အကြောင်းတစ်ခုခုကြောင့် ရောက်လာပြီး၊ ဒေသသစ်မှာရှိတဲ့ အပင်နဲ့ သတ္တ၀ါမျိုးစိတ်တွေ ကို အနှောက်အယှက်ပေး လွမ်းမိုးကာ လူသားတို့၏ စီးပွားရေးနှင့် ကျန်းမာရေးကို အဓိက ဖျက်ဆီးစေတတ်သည့် မျိုးစိတ်ဟု ဆိုရပါမည်။ 

Invasive species အများစုသည် နေရင်းဒေသရှိ အခြားမျိုးစိတ်များကို မယှဉ်နိုင်သော်လည်း အခြား ယင်းတို့ သဘောကျ ကျက်စားနိုင်သော နေရာများသို့ ရောက်သောအခါ  လုံးဝ ဒုက္ခပေးတော့သည်။ Invasive species များသည် မထင်မှတ် သည့် နေရာမှ မတော်တဆ ၀င်ရောက်လာကာ ဒေသတွင်း မျိုးစိတ်များကို ဆိုးရွားစွာ ဒုက္ခပေးတော့သည်။ 

ကျွန်တော်ငယ်ငယ်က ကျွန်တော့မိဘတွေက စပါးစိုက်ကြသည်။ ထိုစဉ်က လယ်ကွင်း ထဲမှာ မြက်သီးလို့ခေါ်တဲ့ ပေါင်းတမျိုးကြုံဘူးခဲ့၏။ သူလည်း Invasive species တစ်ခုပင်ဖြစ်၏။ ခက်သည်မှာ သူက ဆန်ထဲအထိပါ လိုက်ဒုက္ခပေးတတ်ခြင်းပင်။ ထို့ကြောင့် သူ့ကို စပါးမရိတ်ခင် အရင် ရိတ်ရသည်။ စပါးရိတ်တာတွင် ကုန်ကျသလောက်ကုန်ကျပါသည်။ ကြားဘူးသည်မှာ ဖိလစ်ပိုင်က စပါးမျိုးတစ်ခုကနေ ပါလာသည်ဟု ဆိုကြသည်။ မျိုးစေ့ကို စယူလာတဲ့သူက ဘာရယ်မဟုတ် မတော်တဆ ယူလာတာဖြစ်နိုင်သည်။ သို့ရာတွင် ဆိုးကျိုး ခံစားရသည်မှာ ထုနဲ့ဒေး၊ ကုန်သည့်ငွေပမာဏ မှာလည်း သေချာတွက်ကြည့်လျင် သန်းရာချီပင် ရှိနေနိုင်သည်။ 

စိုက်ပျိုးရေးမှာသာမက ကျွန်တော်တို့ သစ်တောတွေထဲမှာလည်း ယခုလို Invasive အပင်မျိုးစိတ်တွေ တော်တော်များများ ရှိနေနှင့်ပြီးဖြစ်သည်။ သာမန် အရေးမကြီးဘူးဟူ၍ ထင်ရပေမယ့် သူတို့ကြောင့် ကုန်ရတဲ့ ငွေကြေးကို ကြည့်မယ် ဆိုရင်ပဲ အတော်များတဲ့ ကိန်းဂဏန်းဟု ဆိုရပေမည်။

ထို့ကြောင့် Invasive species ကို ကျွန်တော်တို့ ပေါ့ပေါ့တန်တန် သဘောထား၍ မရတော့ပါ။ အထူးသဖြင့် ကိုယ့်ဒေသမျိုးရင်းမှ မဟုတ်လျင် ဘယ်နိုင်ငံ ဘယ်ဒေသကမှ အပင်နဲ့ တိရစ္ဆာန်မျိုးစိတ်တွေ မယူလာသင့်ပါ။ တလောက သတင်းတစ်ပုဒ်ထဲမှာ ဥရောပက မြေသြဇာနဲ့ စိုက်ပျိုးရေးသုံး ပစ္စည်းတွေ အမေရိက ကို တင်သွင်းရာကနေ တီကောင်မျိုးစိတ် တစ်ခု ပါသွားပြီး၊ ယခု အဆိုပါ တီကာင်မျိုးက အမေရိက သစ်တောတွေရဲ့ မြေဆီလွာမှာပါတဲ့ ကာဗွန် ၂၈ ရာခိုင်နှုန်းခန့်ကို စားသုံးပျက်စီးနေတယ်လို့ဆိုပါတယ်။ အလားတူ သြစတေးလျမှာလည်း အိမ်မွေးတိရစ္ဆာန် ဖြစ်တဲ့  ဥရောပက ချစ်စရာ ယုန်လေးကို ယူသွားမိရာကနေ အခု တောထဲမှာ အရမ်းပွားလာပြီး ထိန်းမနိုင်တော့လို့ အစိုးရက အကုန်အကျအများကြီးခံပြီး လိုက်သတ်လိုက်ရသည်ဟု ကြားမိပါသည်။

ဂလိုဘယ်လိုက်ဇေးရှင်း ခေတ်တွင် ကမ္ဘာအနှံ့ ခရီးဆက်ရသည်မှာ လွယ်ကူလှသည်။ ထို့အတူပင် Invasive species တွေ ပြန့်ပွားလာဖို့ကလည်း အရမ်းလွယ်ကူပါသည်။ ဒါကြောင့် လေဆိပ် သင်္ဘောဆိပ်တွေမှာ ဟိုစစ်ဒီစစ် လုပ်ရင် စိတ်မဆိုးကြပါရန် အကြံပြုလိုပါသည်။ နောက်ပြီး ကိုယ်ကြိုက်တဲ့ အစားအစာ အသီးအနှံနဲ့ အခြားမျိုးပွားနိုင်တာတွေကိုလည်း တာဝန်ရှိသူတွေက တားမြစ်လာရင် ကြည်ကြည်ဖြူဖြူ လိုက်နာဆောင်ရွက်ပေးကြစေချင်ပါသည်။ 

လူသားအားလုံး ညီညီညွှတ်ညွှတ်နဲ့ Invasive species အန္တရာယ်ကို စုပေါင်းကာကွယ်ကြနိုင်စေရန် ဆန္ဒပြုလျက်..။

No comments:

Post a Comment