သစ်တောသမားတစ်ယောက်ရဲ့ ကိုယ်ပိုင်မှတ်စုလေးပါ၊ ဖတ်မိတာ၊ တွေးမိတာ၊ သဘောကျမိတာလေးတွေ ပြန်လည်ဝေမျှတာပါ...

Sep 24, 2011

Does REDD plus really work ?

ယခုတလော climate change ပြသနာတွေ ဆွေးနွေးကြတဲ့အခါ REDD plus ဆိုတဲ့ စကားလုံးကို တွင်တွင်ကြားနေရပါတယ်။ မစားရ ၀ခမန်း တွက်ချက်ထားတဲ့ ငွေပမာဏကလည်း အများသားကိုး။ တလောက country report တစ်ခုမှာ မြန်မာနိုင်ငံကလည်း REDD plus ကို စိတ်ဝင်တစား အကောင် အထည်ဖော်တော့မယ့် အနေအထားမှာ ရှိနေတာကို တွေ့ရပါတယ် (ဒီမှာ ကြည့်ပါ)။ REDD plus နဲ့ ပတ်သက်ပြီး ကျွန်တော်လည်း တကယ် စိတ်ဝင်စားပါတယ်။ ဒါပေမယ့် မကောင်းမြင်တယ်ပဲပြောပြော Social forester တစ်ယောက် အနေနဲ့ REDD project တွေကို နည်းနည်းတော့ သဘောမကျချင်ပါ။ လေယဉ်ပျံကို တီထွင်ခဲ့သလို လေထီးဆိုတာလည်း မကောင်းမြင်သမားတွေ စဉ်စားခဲ့ကြသလိုပါပဲ။ ဒါ့ကြောင့် REDD plus နဲ့ ပတ်သက်ပြီး စိတ်ထဲမှာ မရှင်းတာတွေ ရှာဖတ်ရင်း နဲနဲလောက် ချရေးလိုပါတယ်။

ပထမဆုံး REDD plus ဆိုတာကို နဲနဲ မိတ်ဆက်လိုပါတယ်။ Reducing Emission from Deforestation and Forest Degradation (REDD) လို့ခေါ်ပါတယ်။ အဓိပ္ပါယ်က "သစ်တောပြုန်းတီးခြင်း မှ ရာသီဥတုပြောင်းလဲစေနိုင်တဲ့ ဓါတုပစ္စည်းများ ထုတ်လွှတ်မှု လျော့ချခြင်း" လို့ အကြမ်းဖျင်း ဘာသာပြန်နိုင်ပါတယ်။ အထူးသဖြင့် ကာဗွန်ဒိုင်အောက်ဆိုဒ် ထုတ်လွှတ်မှု လျော့ချခြင်းအစီအစဉ် တစ်ခုပဲဖြစ်ပါတယ်။ အဓိက အားဖြင့် သစ်တောများထဲမှာ ထိန်းသိမ်းထားတဲ့ ကာဗွန်ပမာဏ ကို တွက်ချက်ပြီး၊ အဲဒီကာဗွန်နဲ့ ညီမျှတဲ့ ငွေကြေးတန်ဖိုး ပမာဏ သတ်မှတ်ပါတယ်။ ထို့နောက် ကျွန်တော်တို့လို ဖွံ့ဖြိုးဆဲ နိုင်ငံတွေက သစ်တော ဖြုန်းတီးခုတ်ယူမှုတွေကို ရပ်ဆိုင်းမယ်ဆိုရင် အဲဒီအတွက် ငွေကြေးထောက်ပံ့တဲ့ အစီအစဉ်ပါ။ Clean Development Mechanism ဆိုတဲ့ ကာဗွန်ရောင်းရွယ် ဖောက်ကားမှု အစီအစဉ်နဲ့ အလားတူပါ။ REDD plus ဆိုတာကတော့ သစ်တောပြုန်းတီးစေခြင်းမှ ကာကွယ်ခြင်းအပြင် တခြား ဇီဝမျိုးစုံမျိုးကွဲများ ကာကွယ်ခြင်း (Conservation)၊ သစ်တောများအား ထာဝစဉ်ညီ တည်တံ့စေရန် စီမံအုပ်ချုပ်ခြင်း (Sustainable Management) အပြင် ထိန်းသိမ်းထားတဲ့ ကာဗွန်ပမာဏ ဖွံ့ဖြိုးစေခြင်း (Enhancement of Carbon Stocks) စတဲ့ လုပ်ငန်းစဉ်တွေအတွက်ပါ ငွေကြေးထောက်ပံ့ပေးမယ့် အစီအစဉ်ပါ။ ကုလ သမဂ္ဂက ဦးစီးပြီး UN-REDD+ programme အနေနဲ့ တက်တက်ကြွကြွ ဆောင်ရွက်ပါတယ်။

ဒီနေရာမှာ လက်ရှိ ပညာရှင်အားလုံး စိတ်ဝင်စားနေကြတာက ကာဗွန်ပမာဏ တွက်ချက်နေကြခြင်းပါ။ ဒီရေတောများအတွင်း ကာဗွန် သိုလှောင်မှုက ဘယ်၍၊ အပူပိုင်းမိုးသစ်တောများအတွင်း သိုလှောင်ထားရှိမှုက ဘယ်မျှ စသည်ဖြင့်ပါ။ တကယ်လည်းအရေးကြီးတဲ့ လုပ်ငန်းစဉ်ဖြစ်တဲ့ အတွက် ဆောင်ရွက်သင့်ပါတယ်။ ဒါပေမယ့် တဖက်ကလည်း ကိုယ့်အတွက် ဘယ်ရွေ့ဘယ်မျှအကျိုးရှိနိုင် မည်လဲ၊ ကိုယ်ဘက်က ဘယ်လောက် ပေးဆပ်ရမှာလည်းဆိုတာ ထည့်သွင်းစဉ်းစားသင့်ပါတယ်။ Financial တစ်ခုတည်းသာ မဟုတ်ဘဲ Socio-economics နဲ့ Cultural ဆိုင်ရာ အကျိုးအပြစ်တွေကို သေချာတွက်ချက်ကြဖို့ လိုအပ်မယ်ထင်ပါတယ်။ လူမှုစီးပွားရေး ရှုထောင့်ကနေ REDD plus project တွေကို လေ့လာ ဆန်းစစ်ကြည့်တဲ့အခါ အောက်ပါအတိုင်း တွေ့ရပါတယ်။
  • ပထမဆုံးအနေနဲ့ REDD plus အစီအစဉ်တွေရဲ့ အဓိက သားကောင်ဟာ ကျေးလက်နေ ဒေသခံ လူမျိုးစုတွပဲ ဖြစ်ပါတယ်။ လက်ရှိ ကမ္ဘာမှာ ကျန်ရှိနေသေးတဲ့ သစ်တော ဧရိယာတွေဟာ ဝေးလံခေါင်ပါးတဲ့ ကျေးလက်ဒေသတွေမှာဖြစ်ပြီး၊ စိုက်ပျိုးရေးနဲ့ အခြားဖွံ့ဖြိုးရေး လုပ်ငန်းတွေအတွက် သိပ်ပြီးတော့ အသုံးမ၀င်လှတဲ့ မြေတွေဖြစ်ပါတယ်။ တနည်း အားဖြင့် ကျေးလက်နေ ဒေသခံပြည်သူ (Indigenous people) တွေ အဓိက မှီခိုနေထိုင်နေရတဲ့ ဒေသများပဲဖြစ်ပါတယ်။ များသောအားဖြင့် ၄င်းတို့မှာ ခိုင်မာသေချာတဲ့ မြေယာပိုင်ဆိုင်မှု မရှိပါဘူး။ နီးစပ်ရာသစ်တောများတွင်သာ မိရိုးဖလာ လုပ်ကိုင်စားသောက်နေကြတဲ့သူတွေပဲ ဖြစ်ပါတယ်။ အကယ်၍သာ REDD payment တွေသာ အကောင်အထည်ပေါ်လာမည်ဆိုပါက တခြားစီးပွားရေးအရ လွှမ်းမိုးမှုရှိတဲ့သူများနဲ့ အုပ်ချုပ်သူအခွင့်ထူးခံ လူတန်းစားက အကျိုးစီးပွားရှာလာမှာ မလွဲဧကန်ပါပဲ။ အဲဒီအခါ မြေယာပိုင်ဆိုင်မှုအထောက်အထား ခိုင်မာစွာမရှိတဲ့ ဒေသခံတွေ အနေနဲ့ စီးပွားရေးလုပ်ငန်းရှင်များရဲ့ ထားရာစေ နေရာသွား နေထိုင်ကြရတော့မှာပါ။ မြေယာအငြင်းပွားမှုတွေ၊ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ယခုထက် ပိုမိုများပြားလာနိုင်ပြီး၊ ထိန်းသိမ်းရေးရည်မှန်းချက်တွေ အောင်မြင်နိုင်မှာ မဟုတ်ပါဘူး။
  • ဒုတိယ အချက်က သစ်တောပြုန်းတီးမှု ပြသနာကို ဖြေရှင်းနိုင်ခြင်း ရှိ မရှိပါ။ လက်ရှိ REDD payment စနစ်က ကာဗွန်ထိန်းသိမ်းသိုလှောင်နိုင်မှု တစ်ခုတည်းကိုသာ ကြည့်တဲ့ Performance-based payment စနစ်ပါ။ ကာဗွန်ကို သိုလှောင်ထိန်းသိမ်းဖို့ ကြိုးစားရုံနဲ့ တခြား မြေယာပိုင်ဆိုင်မှုပြသနာ၊ ဒေသခံလူမျိုးစုများ၏ မိရိုးဖလာ ဆိုင်ရာဆိုင်ခွင့်များနှင့် ရပိုင်ခွင့်၊ သစ်တောထွက်ပစ္စည်း အလွန်အမင်းထုတ်ယူသုံးစွဲမှု စတဲ့ သစ်တောပြုန်းတီးစေတဲ့ ပြသနာရပ်တွေကို ဖြေရှင်းပေးနိုင်မည် မဟုတ်ပါ။ ဒါအပြင် ကာဗွန်ကိုသာ သိုလှောင်ထိန်းသိမ်းတဲ့ စနစ်ကိုသာ အဓိက အလေးထားပြီး၊ အခြား ဓါတ်သတ္တု တူးဖော်မှုတွေ၊ ဒိရေတောတွေမှာဆိုရင် ပုဇွန် မွေးမြူမှုတွေ၊ နောက်ပြီး အခြားအစိုးရ စီမံကိန်းတွေဖြစ်တဲ့ ရေအားလျှပ်စစ်ထုတ်ယူခြင်း စတဲ့ အဓိက သစ်တောပြုန်းတီးစေတဲ့ ပြသနာများကို အမှန်တကယ် ဖြေရှင်းနိုင်ဖို့ မလွယ်ကူပါ။
  • တတိယအချက်အနေနဲ့ သစ်တောတွေကို လုံးဝ ကာကွယ်ထိန်းသိမ်းထားမည်ဆိုပါက ငွေကြေးပမာဏ တခုခုနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အကျိုးအမြတ် (Environmental service) များ ရရှိနိုင်မည် ဖြစ်သော်လည်း၊ social နဲ့ cultural ဆိုင်ရာ အကျိုးကျေးဇူး (Opportunity cost) တွေ ဆုံးရှုံးမှာ ဖြစ်ပါတယ်။ ဒါ့အပြင် လက်တလော REDD plus လုပ်ငန်းစဉ်တွေက အကြီးမြန် သစ်မျိုးများ စိုက်ပျိုးထိန်းသိမ်းခြင်း (Monoculture plantation) တွေကိုသာ အဓိကအလေးထားဆောင်ရွက်နေတဲ့အတွက် တခြား ဇီဝမျိုးစုံမျိုးကွဲများ လျော့နည်းဆုံးရှုံးလာနိုင်ပါတယ်။ 
  • စတုတ္ထအချက် အနေဖြင့် သစ်တောများအတွင်း ထိန်းသိမ်းသိုလှောင်ထားတဲ့ ကာဗွန်ဟာ Non-permanence ဖြစ်တဲ့အတွက် ရေရှည်အာမခံချက် မရှိပါ။ သစ်တောဆိုတာ အကြောင်း တစ်ခုခုကြောင့် အချိန်မရွေး ပြုန်းတီးသွားစေနိုင်ပါတယ်။ နောက်တစ်ချက်က စက်မှုလုပ်ငန်းရှင်တွေ က လောင်စာတွေဖြုန်းတီးပြီး ကာဗွန်တွေ ထုတ်လွတ်နိုင်ဖို့အတွက် သစ်တောထိန်းသိမ်းခြင်းကနေ ကာဗွန်ဝယ်ယူနေခြင်းဖြစ်ပါတယ်။ သစ်တောများနှင့် နှိုင်းယှဉ်ပါက လောင်စာစွမ်းအင် (Fossil fuel deposit) တွေကို ထိန်းသိမ်းခြင်းဟာ ကာဗွန်ထုတ်လွတ်မှုကို ပိုပိုထိရောက်စွာ လျော့ချနိုင်ပါတယ်။ ဒါ့ကြောင့် fossil fuel နဲ့ သစ်တောကာဗွန် ကို တိုက်ရိုက် အလဲအလှယ်လုပ်ခြင်းဟာ ရာသီဥတုပြောင်းလဲခြင်းမှ ကာကွယ်ရန် အမှန်တကယ် အာမခံချက် ရှိပါရဲ့လား ဆိုတာ မေးခွန်းထုတ်စရာ ဖြစ်လာပါတယ်။
  • ပဉ္စမအချက်က REDD+ ရဲ့ အဓိက လုပ်ငန်းစဉ်ဖြစ်တဲ့ စောင့်ကြည့်လေ့လာ အကဲဖြတ်ခြင်း (Monitoring, verification and reporting) လုပ်ငန်းစဉ်တွေဟာ ထင်ထားတာထက် ငွေကြေးအကုန်အကျများပါတယ်။ ပညာရှင်ငှားရန်းခ နဲ့ အခြားကုန်ကျစရိတ်တွေဟာ ရလာမယ့် အကျိုးအမြတ်ရဲ့ တ၀က်ခန့် ရှိပါတယ်။ ဒါ့ကြောင့် REDD အတွက် အသုံးပြုမယ့်ငွေ ပမာဏကို အခြား ရာသီဥတုပြောင်းလဲခြင်း ထိန်းသိမ်းကာကွယ်ရေးကဏ္ဍတွေမှာ ပိုမို အသုံးပြုသင့်တယ်လို ယူဆမိပါတယ်။
ဒါကြောင့် REDD plus ကို အမှန်တကယ် အကောင်အထည်ဖော်ဆောင်ရွက်မည်ဆိုပါက ရရှိလာမည့် ငွေကြေးအကျိုးအမြတ် Financial profit ကို အဓိက မကြည့်ပဲ အခြား မိမိတို့ဘက်မှ ဆုံးရှုံးနိုင်စေမည့် (Political, Social, Cultural and Biodiversity Opportunity cost) များကို စနစ်တကျ တွက်ချက်ကာ ဖြေရှင်းနိုင်မည့် နည်းလမ်းများကို ကြိုတင်စူးစမ်း ရှာဖွေပြင်ဆင်ထားသင့်ရန် လိုအပ်ပါကြောင်း ရေးသားဖော်ပြလိုက်ပါတယ်။
 

No comments:

Post a Comment