သစ်တောသမားတစ်ယောက်ရဲ့ ကိုယ်ပိုင်မှတ်စုလေးပါ၊ ဖတ်မိတာ၊ တွေးမိတာ၊ သဘောကျမိတာလေးတွေ ပြန်လည်ဝေမျှတာပါ...

Sep 28, 2011

အကျိုးအမြတ်လား ဒါမှမဟုတ် မညီမျှမှုလား

အခုတလော ဆောင်းပါးတော်တော်များများမှာ ရာသီဥတုပြောင်းလဲမှု လျော့ချရေး (Climate Change Mitigation) နဲ့ ကာဗွန်ရောင်းဝယ်ရေး (Carbon Trade) အကြောင်း မြိုင်မြိုင်ဆိုင်ဆိုင် လေ့လာ ဆွေးနွေးနေကြတာကို တွေ့ရပါတယ်။ ဒါပေမယ့် အားလုံးလိုလို အဓိက အလေးထားနေတာက ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ သစ်မထုတ်ဖို့၊ သဘာဝတောတွေထိန်းဖို့၊ သစ်တောစိုက်ခင်းတွေ တည်ထောင်ပြီး ကာဗွန်သိုလှောင်ကြဖို့ တိုက်တွန်းနေကြတာများပါတယ်။ ဒါပေမယ့် အခုလို တိုက်တွန်းနေသူတွေက ဘယ်သူတွေပါလည်း..။ အဓိက ကတော့ ဖွံ့ဖြိုးပြီးနိုင်ငံကြီးတွေ၊ အထူးသဖြင့် G8 လို့ခေါ်တဲ့ စီပွားရေးအရ ထိပ်ဆုံးမှာရှိနေတဲ့ နိုင်ငံကြီးတွေပါ။ 

သူတို့က ကျွန်တော်တို့လို ဖွံ့ဖြိုးဆဲနိုင်ငံတွေက သစ်တောတွေ အထူးသဖြင့် အပူပိုင်းသစ်တောလို့ခေါ်တဲ့ (Tropical Forests) တွေ ဒီထက်ပိုမို မပြုန်းတီးဖို့အရေး ငွေကြေးတွေ ထောက်ပံ့လိုက်၊ ကာဗွန်တွေ ၀ယ်လိုက်နဲ့ ပရောဂျက်တွေ အကောင်အထည်ဖော်လိုက်၊ မလိုက်နာတဲ့ နိုင်ငံတွေကို ပြင်းပြင်းထန်ထန်ဝေဖန်လိုက်နဲ့ Conservation ! Conservation ! တွင်တွင်အော်နေကြတာပါ။ အကြောင်းအရင်းက ဘာလဲ....။ ရာသီဥတုပြောင်းလဲမှု (Climate Change) ပြသနာပေါ့ဗျာ။ ရာသီဥတုပြောင်းလဲရင် သူတို့လည်း ခံရမှာကိုး..။ ကျွန်တော်တို့ ဖွံ့ဖြိုးဆဲနိုင်ငံတွေ၊ အထူးသဖြင့် သက်ဆိုင်ရာ ခေါင်းဆောင်ပိုင်း တွေကလည်း ငွေကြေးလေး မြိုးမြိုးမြတ်မြတ် ရနေတော့ သူတို့ပြောတဲ့အတိုင်း အတင်းလိုက်လုပ်နေကြတာပေါ့..။

ဒါပေမယ့် ကျွန်တော်တို့တတွေ စဉ်းစားဖို့ လိုတာက ရာသီဥတုပြောင်းလဲရင် အားလုံး ညီတူညီမျှခံရမှာပါ။ နောက်တစ်ခုက ရာသီဥတုပြောင်းလဲမှု ပြသနာတွေ ဖြစ်လာအောင် ဘယ်သူတွေက လုပ်နေတာလဲ၊ ဘယ်သူတွေမှာ တာဝန်အရှိဆုံးလဲ ဆိုတာပါပဲ။ ဒီနေရာမှာ သူတို့ (ဖွံ့ဖြိုးပြီးနိုင်ငံ) တွေက ၀န်ခံပါလိမ့်မယ်။ 
"သူတို့ကြောင့်ပါ၊ ၁၉ ရာစု အစောပိုင်းကတည်းက သူတို့ရဲ့ သစ်တောတွေ အကုန်ခုတ်ခဲ့မိလို့ပါ၊ သူတို့စက်ရုံကြီးတွေက ကာဗွန်နဲ့ အခြား ဖန်လုံအိမ်အာနိသင်ရှိတဲ့ ဓါတ်ငွေ့တွေ ထုတ်နေလို့ပါ၊ ဒါပေမယ့် ကျွန်တော်တို့လည်း အဲဒါတွေ ဖြေရှင်းဖို့ တာဝန်ရှိတယ်လို့ ယူဆလို့ ခင်ဗျားတို့ ဖွံ့ဖြိုးဆဲ နိုင်ငံတွေကို ငွေကြေးထောက်ပံ့နေတာပါ "
လို့ ပြောလာပါလိမ့်မယ်။ ဒါပေမယ့် အဘယ်သော နိုင်ငံကြီးတွေက သစ်ပင်တွေ အလုံးနဲ့ အရင်းနဲ့ ပြန်စိုက်ကြတယ် ကြားဘူးကြလို့လဲဗျာ။ စိုက်တော့ စိုက်ကြပါတယ် ဟက်တာ အနည်းငယ်ပေါ့။ ဥရောပမှာ ယခင်က သစ်တောဖုံးလွှမ်းမှု ပမာဏ ၇၅ % ကျော်ရှိခဲ့တာပါ။ အခု ၄၅ % နှုန်းပဲ ရှိတော့တယ်။ အိုင်ယာလန် လို နိုင်ငံမှာ သစ်တောဖုံးလွှမ်းမှု လုံးဝမရှိတော့သလောက်ပါပဲ။ နောက် လက်ရှိ ၄၅ % သော သစ်တောတွေကလည်း စီးပွားရေးအရ အရေးပါတဲ့ သစ်မျိုး တစ်မျိုးနှစ်မျိုးလောက်ပဲ စိုက်ကြတာပါ။ ဘယ်မှာလဲ ဇီဝမျိုးစုံမျိုးကွဲ ထိန်းသိမ်းရေး..။ နောက်တစ်ခုက သူတို့မှာ မြေမရှိလို့လား၊ ရှိပါတယ်၊ စိုက်ပျိုးမြေတွေ၊ ယာခင်းတွေ၊ ဟက်တာ သောင်းနဲ့ချီပြီး ရှိပါတယ်။ သီးနှံပဲစိုက်ကြတာပါ၊ သစ်တောစိုက်ခင်း တည်ထောင်ဖို့ ဘယ် မြေပိုင်ရှင်မှ စိတ်မ၀င်စားကြပါဘူး။ ရှင်းပါတယ်၊ သီးနှံစိုက်တာက သစ်ပင်စိုက်တာထက် အကျိုးအမြတ် များတာကိုး။ ဥရောပ နဲ့ အမေရိက မှာ စိုက်ပျိုးရေး ကဏ္ဍကို ပြည်သူတွေ စိတ်ဝင်စားမှု နည်းလာလို့တောင် အစိုးရတွေက ထောက်ပံ့ကြေး (Subsides) များများပေးပြီး စိုက်ခိုင်းနေတာပါ။ သစ်တောစိုက်ခင်းတည်ထောင်ဖို့အတွက်တော့ သိပ်အားမပေးကြပါဘူး။

ဒီနေရာမှာ ကျွန်တော်တို့တတွေလည်း စဉ်းစားဖို့လိုလာပါပြီ။ သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေး အမြင်ရှိတာ မှန်ပေမဲ့ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ဖို့ကလည်း အရေးကြီးပါတယ်။ အားလုံးသိတဲ့အတိုင်း သစ်တောစိုက်ခင်းက ရတဲ့ စီးပွားရေးအကျိုးအမြတ်က စိုက်ပျိုးရေးကဏ္ဍကို မမှီနိုင်ပါဘူး။ ကျွန်း တစ်ဧက စိုက်ရင် အနည်းဆုံး အနှစ် ၃၀ လောက် စောင့်ရပါတယ်။ ဆီအုန်းတို့ ရာဘာတို့ဆိုရင် ၁၀ နှစ်လောက်နဲ့ အကျိုးအမြတ် ရနိုင်ပါတယ်။ ကျွန်တော်တို့က ဒေါ်လာ သန်း တစ်သောင်း လောက် အလားအလာရှိတဲ့ ကျွန်တော်တို့ သစ်တောမြေတွေကို ဒေါ်လာ သန်းတစ်ထောင် လောက် ထောက်ပံ့ကြေးရတာနဲ့ ဒီအတိုင်း ထားကြတော့မှာလား။ ကျွန်တော်တို့ရော စိုက်ပျိုးရေးလုပ်ငန်းတွေ တိုးချဲ့ပြီး ပိုမိုတိုးတက်အောင် ကြိုးစားဖို့ အခွင့်အရေးမရှိတော့ဘူးလား။

ကျွန်တော်လည်း သစ်တောသမားတစ်ယောက်ပါ။ ထိန်းသိမ်းရေးကို မြတ်နိုးတာပေါ့။ ဒါပေမယ့် ကိုယ့်ကြောင့်မဟုတ်ခဲ့တဲ့ ရာသီဥတုပြောင်းလဲမှု ပြသနာကို ကိုယ်တွေကပဲ ဒိုင်ခံ ဖြေရှင်းနေရတာ တရားမမျှတဘူးလို့ ထင်မိလို့ပါ။ မျှမျှတတပေါ့။ ကျွန်တော်တို့တတွေ ထိန်းသိမ်းနေသလို ချမ်းသာတဲ့ နိုင်ငံတွေကလည်း သစ်တောဖုံးလွှမ်းမှု ဧရိယာ တိုးလာအောင် မကြိုးစားသင့်ကြဘူးလား။ ကျွန်တော်တို့ကရော သူတို့တွေ သစ်ပင်စိုက်ကြဖို့ ပြန်မတိုက်တွန်းသင့်ဘူးလား။ ဒီအတိုင်းပဲ လက်ခံနေကြတော့မှာလား....။ အားလုံးစဉ်းစားဖို့တော့ လိုနေပြီလို့ ထင်ပါကြောင်း.....။

(Source: Polyp.or.uk)
အထက်က ဖော်ပြထားတဲ့ ကာတွန်းလေးကို တွေ့မိလို့ ရင်ထဲက ခံစားချက်ကို အစ ဆွဲထုတ်ကြည့်တာပါ။

No comments:

Post a Comment