သစ်တောသမားတစ်ယောက်ရဲ့ ကိုယ်ပိုင်မှတ်စုလေးပါ၊ ဖတ်မိတာ၊ တွေးမိတာ၊ သဘောကျမိတာလေးတွေ ပြန်လည်ဝေမျှတာပါ...

Oct 7, 2011

သဘာဝ ၀န်းကျင် ထိန်းသိမ်းရေးနှင့် ဒေသခံများ၏ အခွင့်အရေး

တလောက သတင်းတစ်ပုဒ် ဖတ်လိုက်ရသည်။ ထိုင်း နိုင်ငံမှာရှိတဲ့ ကရင်အမျိုးသား လူမျိုးစုများနှင့် အစိုးရ သစ်တောထိန်းသိမ်းကာကွယ်ရေး မူဝါဒအကြား ပဋိပက္ခများ အကြောင်း။ ထိုင်း သစ်တောဦးစီးဌာနက Petchaburi ဒေသက ကရင်မိသားစု ၅၀ ကျော်၏ နေအိမ်များကို မီးရှို့ဖျက်ဆီးလိုက်သည် တဲ့။ (မူရင်းသတင်း ဒီမှာ ပါ)။ Petchaburi ဒေသတွင်သာမက အခြားဒေသများမှာလည်း အလားတူ မီးရှို့ဖျက်ဆီးတဲ့ အဖြစ်အပျက်များစွာ ရှိခဲ့သေးသည်။ အစိုးရက အမျိုးသားဥယျာဉ် တည်ထောင်ရန် ကြိုးပမ်းရာမှာ ဒေသခံ ကရင်လူမျိုးများက ရွေ့ပြောင်းမပေးရာက စတင်ဖြစ်ပွားသည်။ ဘယ်သူတွေ လွန်ပါသလဲ။

ထိုင်း အစိုးရက ကရင်အိမ်ယာ တဲတစ်ခုကို မီးရှို့ဖျက်ဆီးနေပုံ (ဓါတ်ပုံ - Bangkok post)

တဖက်ကလည်း ဒေသတွင်းမှာ သစ်တောပြုန်းတီးမှုတွေ ဆိုးရွားစွာ ဖြစ်ပွားနေပြီး ရေကြီးရေလျံမှု ပြသနာတွေနဲ့ ရင်ဆိုင်လာရတဲ့အတွက် တာဝန်ရှိသူများက ထိန်းသိမ်းရေး စီမံချက်တွေ ချမှတ်ဆောင်ရွက်သလို တဖက်က လူမျိုးစုများ အနေနှင့်လည်း မိရိုးဖလာ ဒီမြေပေါ်မှာမွေး ဒီမြေမှာကြီးလာခဲ့ကြသူတွေ။ ကရင် နဲ့ ရွေ့ပြောင်းတောင်ယာ ဆိုတာ ခွဲမရအောင် ထပ်တူကျသည်။ ဘယ်အချိန်က စခဲ့ပါသလဲ သေချာမသိပေမယ့် နှစ်ပေါင်း ၂၀၀ ထက် မနည်း ရှိခဲ့သည်မှာ အသေအချာပင်။ မြန်မာနိုင်ငံကို ဗြိတိသျှတို့ သိမ်းပိုက်လာပြီး မြန်မာ့ ကျွန်းသစ်တောများကို စတင် အုပ်ချုပ်ဖို့ ကြိုးပမ်းခဲ့စဉ်ကပင် ကရင်လူမျိုးများနှင့် စတင် ပဋိပက္ခ ဖြစ်ပွားခဲ့သည်။ ဗြိတိသျှ သစ်တောအရာရှိများက ရွေ့ပြောင်းတောင်ယာကို သစ်တောပြုန်းတီးစေတဲ့ အဓိက အကြောင်းအရာအဖြစ် စွပ်စွဲခဲ့သည်။ အမှန်တော့ ဗြိတိသျှတို့ ၀င်ရောက်မလာခင် နှစ်ပေါင်း တစ်ရာကျော်ခန့် ကတည်းက ရွေ့ပြောင်းတောင်ယာကို ကရင် အမျိုးသားတို့ ဆောင်ရွက်ခဲ့ကြသည်။ မြန်မာ့ ကျွန်းသစ်တောများ သိသာထင်ရှားစွာ ပြုန်းတီးမသွားခဲ့။ 

တောင်ယာစနစ် စိုက်ပျိုးရန် တောခုတ် အပြောင်ရှင်းထားစဉ်
ရွေ့ပြောင်းတောင်ယာဆိုသည်မှာ သစ်တောဧရိယာ အနည်းငယ်ကို အပြောင်ခုတ်ရှင်း၊ မီးရှို့ပြီး တောင်ယာ စပါးနှင့် အခြား သီးပင်စားပင်များကို စိုက်ပျိုးသည့် စနစ်။ နေရာတစ်ခုတွင် ၂ နှစ်ခန့် စိုက်ပျိုးပြီး၊ အခြားမြေဆီကောင်း သည့် ဒေသသို့  ရွေ့ပြောင်းကြသည်။ နောင် နှစ်ပေါင်း ၁၀ နှစ်ခန့် အကြာ မြေဆီလွာ ပြန်လည်ကောင်းမွန်လာမှ ထိုဒေသသို့ ပြန်လာပြီး နောက်တစ်ကြိမ် စိုက်ပျိုးကြခြင်းဖြစ်သည်။ 


သစ်တောထဲမှာကြီး သစ်တောကို အဓိက မှီခိုအားထားနေကြတဲ့ ကရင်လူမျိုးများသည် သစ်ပင်သစ်တောများကို အလွန်ပင် ချစ်မြတ်နိုးသူများဖြစ်သည်။ ကျွန်းသစ်တောများအတွင်း မှာရှိနေသော်လည်း နေထိုင်သည့် အိမ်ယာတဲများကိုပင် သစ်သားဖြင့် မဆောက်။ ၀ါးတဲဖြင့်သာ နေသည်။ လောဘကြီးသူများလည်း မဟုတ်။ သီးနှံစိုက်ပျိုးရာမှာ တစ်နှစ်စာ ဖူလုံရုံမျှပင် စိုက်ပျိုးကြသူများဖြစ်သည်။ မြေဆီမြေသြဇာအကြောင်းလည်း နားလည်သည်။ မြေဆီမကောင်းလျှင် မိမိတို့ အသက်ရှင်ဖို့ မလွယ်ကူ ဆိုသည့် အသိဥာဏ်ကိုလည်း လက်ဆင့်ကမ်းနားလည်ကြသည်။ ဒါ့အပြင် ကလေးတစ်ယောက် မွေးလာတိုင်း ထိုကလေးအတွက် သစ်ပင်ကြီး တစ်ပင်ပင်ကို သတ်မှတ်ပေးပြီး ထို သစ်ပင်ကြီးကို ထိန်းသိမ်းစောင့်ရှောက်ဖို့ အဆိုပါ ကလေးမှာ တာဝန်ရှိသည်။ အခြားသူများကလည်း ခုတ်ယူဖို့ မကြိုးစားကြ။

ထိုသို့ ချစ်စရာကောင်းသော ကရင် လူမျိုးစုများ၏ ဓလေ့မှာ ကိုလိုနီအစိုးရက ဥရောပမှ ယူဆောင်လာတဲ့ သိပ္ပံနည်းကျ သစ်တောအုပ်ချုပ်မှုစနစ် (Scientific Forest Management) အောက်တွင် စတေးခံခဲ့ကြရသည်။ ဗြိတိသျှခေတ်မှာ သစ်တောတွေ အလျင်အမြန် ပြုန်းတီးလာသည်။ ထုံးစံအတိုင်း အကျိုးအမြတ်ကိုသာ ပဓါနထားတတ်တဲ့ ကုန်သည်ကြီးများနှင့် အဂတိလိုက်စားတတ်ကြတဲ့ ဌာနဆိုင်ရာ တာဝန်ရှိသူများ၏ လက်ချက်ပေပင်။ သို့ရာတွင် မည်သူမျှ စုံစမ်းဖော်ထုတ်ရန်ကြိုးစားခဲ့ခြင်းမပြုကြ။ တနင်္သာရီဒေသက မြန်မာ့ ကျွန်းသစ်တောတွေ ကုန်သလောက်ပင်။ ဒါပေမယ့် သစ်တောပြုန်းတီးလာ တဲ့အကြောင်းပြောကြရမည် ဆိုတော့ ကရင်လူမျိုးစုတွေအပေါ် အပြစ်အားအုံး ပုံချသည်။ တောပြုန်းတာ ရွေ့ပြောင်းတောင်ယာကြောင့် တဲ့။

ပြောလည်းပြောချင်စရာပင်။ ယင်းတို့ မျက်စေ့ကျနေတဲ့ ကျွန်းသစ်တောတွေကိုမှ ကရင်တွေက မီးရှို့စိုက်ပျိုးကြတာကိုး။ ဒီနေရာမှာ ကျွန်းသစ်အကြောင်း နဲနဲပြောချင်သည်။ ကျွန်းပင်ဆိုတာ မြေဆီလွှာကို အရမ်းစားတဲ့ အပင်မျိုးပါ။ နောက်ပြီး သူ့ရဲ့ ကြီးမားကျယ်ပြန့်တဲ့ အရွက်တွေကြောင့် အခြား အပင်တွေ ရှင်သန်ဖို့ မလွယ်ကူပါ။ ကျွန်တော်တို့ ကျောင်းက ဆရာတစ်ဦးက ပြောပြဘူးသည်။ ကျွန်းပင်ဆိုတာ Bad Forester သစ်တောသမားကောင်း မဟုတ်တဲ့။ ကရင်တွေက ကျွန်းပေါက်တဲ့မြေကို မြေဆီကောင်းတယ်ဆိုပြီး ကျွန်းပင်တွေကို ခုတ်လှဲမီးရှို့ပြီး သီးနှံစိုက်ပျိုးကြသည်။ ကျွန်းပင်က သူတို့အတွက် စားလို့မှ မရတာကိုး။

အဆိုပါ ပဋိပက္ခကို ကျွန်တော်တို့ရဲ့ သစ်တောဖခင်ကြီးလို့ သတ်မှတ်ထားတဲ့ Dr. Dietrich Brandis ဆိုသူ က ဖြေရှင်းခဲ့သည်။ တောင်ယာစိုက်ပျိုးနည်းစနစ် (Taungya System) ဆိုတာကို တီထွင်ခဲ့သည်။ အာဖရိကမှာတော့ Shamba System လို့ခေါ်သည်။ သို့ရာတွင် မြန်မာအမည် တောင်ယာ ဆိုသည်သာ တစ်ကမ္ဘာလုံး တွင်တွင်ကျယ်ကျယ် အသုံးပြုကြသည်။ ထိုင်း နိုင်ငံက ပညာရှင်အချို့က တောင်ယာ စနစ်ကို သူတို့က စသည်ဟု ဆိုချင်သေးသည်။ ထားပါ၊ တောင်ယာဆိုတာ မြန်မာ အခေါ်ဆိုတာ ထင်ရှားနေတာ အမှန်ပင်ကိုး။ 

ကျွန်းစိုက်ခင်းနှင့် တောင်ယာသမား တစ်ဦး
တောင်ယာစနစ် ဆိုတာ သစ်တောဌာနက သစ်တောစိုက်ခင်း (အထူးသဖြင့် ကျွန်းစိုက်ခင်း) ထူထောင်ရာမှာ ကရင်ဒေသခံများနှင့် ပူးပေါင်း စိုက်ပျိုးခြင်းဖြစ်သည်။ ကရင်လူမျိုးများက ၄င်းတို့ ရွေ့ပြောင်းတောင်ယာ စိုက်သည့် အတိုင်း တောခုတ် မီးရှို့ပေးရသည်။ ထို့နောက် သီးပင်စားပင် စိုက်ပျိုးရာတွင် သစ်တောသစ်ပင် (ကျွန်း) ကို ကြားညှပ် စိုက်ပေး ရသည်။ အဆိုပါ ကျွန်းစိုက်ခင်းပေါ်တွင် ၂ နှစ်ခန့် သီးနှံစိုက်ပျိုး ခွင့်ပြုသည်။ ၂ နှစ် ပြည့်လျင် တခြားနေရာကို ရွေ့ပေတော့။ စိုက်ခင်းထဲ တွင် နေခွင့်မရှိတော့ပေ။ အမှတ်တမဲ့ ကြည့်လျှင် နှစ်ဦး နှစ်ဘက် အလွန်အကျိုးရှိသည်။ သေချာစဉ်းစားကြည့်လျင်တော့ သစ်တောဌာနက လူလည်ကျသလိုပင်။ 

အဓိက ပြသနာမှာ ထိုစဉ်က (ယနေ့အထိပင်) သစ်တောစိုက်ခင်း တည်ထောင်ရန် အစိုးရက ရံပုံငွေ လုံလောက်အောင် ချထားမပေးခြင်းပင်။ ဒါ့အပြင် အလုပ်သမား ကလည်း ရှားသေးသည်ကိုး။ သစ်တောလုပ်ငန်းမှာ ထင်ထားတာထက် ပင်ပန်းသည်။ ဆင်းရဲသည်။ ငွေကြေးထင်သလောက်မရ၊ အခန့်မသင့်လျင် ငှက်ဖျားမိပြီး အသက်ပင် ဆုံးရှုံးနိုင်သည်။ ကိုလိုနီခေတ် သစ်တောဝန်ထမ်းများက ဘုရင်တစ်ဆူလို နေချင်ကြသည်။ သစ်တောအနီး မှီခိုနေထိုင်ကြတဲ့ ဒေသခံတွေကို လက်အောက်ဝန်ထမ်းလို ဆက်ဆံချင်ကြသည်။ ထိုခေတ်ကတော့ ခံသာသည်ကိုး။ သူတို့က တိုင်းတပါးက လာပြီး ကိုယ့်တိုင်းပြည်ကို သိမ်းပိုက်ထားပေသည်ကိုး။ ယခုခေတ်မှာတော့ မဆီမဆိုင် ကိုလိုနီအစိုးရလို ပြုမူချင်ကြသေးတာပင် ရှိနေသည်မဟုတ်လား။ 

တကယ့် လက်တွေ့ ခံကြရသည်က တောင်ယာသမား ကရင်လူမျိုးများပင်။ အစကတော့ ကြည်ကြည်ဖြူဖြူ လက်ခံကြသည်။ နောက်ပိုင်းတော့ သူတို့ ဒုက္ခရောက်တော့မည် ဆိုတာ တဖြည်းဖြည်း သိလာကြသည်။ ယခင် ရွေ့ပြောင်းတောင်ယာက ၁၀ နှစ် စာ ပတ်လည်ရိုက် စိုက်ပျိုးကြသည်သာ။ ဒီနေရာက စစိုက်၊ ၁၀ နှစ် ပြည့်လျှင် ဒီနေရာကို ပြန်ရောက်။ ဘယ်လောက် စိတ်ချမ်းသာစရာကောင်းလိမ့်မည်နည်း။ ယခု အစိုးရနဲ့ ဖက်စပ် တောင်ယာစိုက်ခင်း စနစ်က တစ်နေရာမှာ စိုက်ပြီးလျှင် တစ်သက်လုံး ပြန်လာလို့မရတော့။ ကျွန်းစိုက်ခင်းဆိုတာ အနည်းဆုံး အနှစ် ၃၀၊ ၄၀ ကြာသည် ချည်းပင်။ စိုက်ခင်းတွေများလာပါက တဖြည်းဖြည်း တောပြင်ရောက်ပေတော့မည်။ ဘိုးဘွားစဉ်ဆက် သစ်တောထဲမှာ နေလာတဲ့သူတွေ သစ်တောပြင်ပ မြို့ရွာတွေမှာ ပျော်နိုင်ပါ့မလား။ စာရေးဆရာ ကိုတာပြောတဲ့ "ရွာပြန်တဲ့ အရသာကို ပြန်စရာရွာ မရှိတဲ့သူတွေ နားမလည်နိုင်ပါဘူး" ဆိုသလိုပင်။ တောထဲမှာ နေရသည့် အေးချမ်းသည့် ဘ၀ကို တောထဲမှာ နေဘူးတဲ့သူသာပင် နားလည်နိုင်ပေလိမ့်မည်။ နောက်တစ်ခုက သစ်တောထဲတွင် စားဝတ်နေရေးအတွက် စိတ်ပူပန်စရာ မလိုဘူးကိုး။ 

နောက်ပိုင်း သစ်တောထဲက မထွက်ချင်ကြတော့ သစ်တောလုပ်ငန်းတွေမှာ ရရာအလုပ်ကို ၀င်လုပ်လာကြသည်။ တောခေါင်း၊ တောကြပ်၊ ဆင်ဝန်ထမ်း စသည်ဖြင့်။ ပညာမတတ်ဘဲ ၀န်ထမ်းလုပ်ရတော့ အနှိမ်ခံရသည်သာပင်။ မိမိ သားမြေးအရွယ် မြို့မှ ခေတ်ပညာတတ် ဆိုသူ ၀န်ထောက်များကို ၀တ်ကြီး ၀တ်ငယ် ပြုစုရသည်။ အခန့်မသင့်လျှင် မိမိ သမီးပျို၊ ညီမ အမ များကိုပင် ဆက်သရသေးသည် ဟု ကြားဘူးသည်။ အဘယ်မှာ ပျော်ကြလေမည်နည်း။ တခါတရံ သစ်ထုတ် ကုမ္ပဏီများ တွင် အလုပ်လုပ်မိရာက သူတို့ရဲ့ ကျွမ်းကျင်မှု ကို အလွဲသုံးစား အလုပ်ခံရသည်။ တောထဲတွင် တရားမ၀င် ပင်ပန်းဆင်းရဲစွာ သစ်ခုတ်ပေးရပြီး ငွေကြေးအနည်းငယ် သာ ရလေသည်။ အဖမ်းခံရလျင်တော့ ထောင်နန်းစံပေါတော့။

ယခုနောက်ပိုင်း သစ်တောအုပ်ချုပ်မှု စနစ်ကလည်း ကိုလိုနီအစိုးရ ချမှတ်ခဲ့သည့် မူများအတိုင်း အနည်းငယ်သာ ပြုပြင်ထားသော စနစ်။ ဒေသခံလူမျိုးများရဲ့ ဆိုင်ရာဆိုင်ခွင့် နဲ့ ရပိုင်ခွင့် အခွင့်အရေးကို ထည့်မတွက်ကြ။ ဒါ့အပြင် ငွေကြေးမြောက်များစွာ တတ်နိုင်ပြီး ကြောထောက်နောက်ခံကောင်းကောင်းရှိတဲ့ ကုန်သည်ကြီးများ ကို မထိရဲတော့ နိုင်ရာ ဒေသခံများကိုသာ ထုထောင်းလေတော့သည်။ ထင်းမခုတ်ရ၊ မီးသွေးမဖုတ်ရ။ ကားနှင့် တိုက်ထုတ်လျှင်တော့ ရသည် ဟု ဟာသ ဆန်ဆန်ပင်ပြောနေကြသေးသည်။ 

၂၁ ရာစု သစ်တော အုပ်ချုပ်မှု စနစ်မှာ ဒေသခံတွေရဲ့ အခွင့်အရေးကို နိုင်ငံတော်တော်များများ ထည့်သွင်းစဉ်းစားလာကြသည်။ ဒေသခံလူမျိုးစုများရဲ့ ပူးပေါင်း ထိန်းသိမ်းမှုမပါပဲ သစ်တောထိန်းသိမ်းဖို့ ဆိုတာ အဘယ်သိုဖြစ်နိုင်မည်နည်း။ နိုင်ငံဧရိယာရဲ့ တစ်ဝက်ခန့် ရှိတဲ့ သစ်တောတွေကို လက်တစ်ဆုပ်စာ သစ်တောဝန်ထမ်းတွေက ဒေသခံတွေ၏ အကူအညီမပါဘဲ မည်သည့်နည်းနှင့်မျှ ထိန်းသိမ်းကာကွယ်ရန် မဖြစ်နိုင်။ တဖက်ကလည်း ဒီမြေပေါ်မှာမွေး ဒီရေပေါ်မှာကြီးလာတဲ့ ကိုယ့်လူမျိုး တွေရဲ့ လူသားဆိုင်ရာ အခွင့်အရေးတွေကို လေးစားဖို့လိုလာသည်။ မိမိသာ ထိုနေရာမှာဆိုလျှင် မည်သို့ခံစားရမည်နည်း။ ကျွန်တော်တို့ ပြောင်းလဲဖို့ လိုလာပါပြီ။

(ထိုင်း အစိုးရက ကရင် အိမ်ယာတွေကို မီးရှို့တယ်ဆိုတဲ့ သတင်းကြားမိလို့ စိတ်မကောင်းစွာ ခံစားပြီး အစ ဆွဲထုတ်ထားခြင်း ဖြစ်ပါသည်။ )

2 comments:

  1. အစ်ကိုရေးတဲ့စာတွေ အမြဲဖတ်ပါတယ် ။ကျေးဇူးလဲ တင်တယ် ၊ဗဟုသုတလဲ အများကြီးရပါတယ် ။အမြဲအားပေးနေပါ့မယ်

    ReplyDelete
  2. အခုလိုအားပေးတာ ကျေးဇူးတင်ပါတယ် ညီမ။ စိတ်ကူးပေါက်မှ ထ ထ ရေးဖြစ်တော့ ပို့စ် ကို ပုံမှန်မတင်ဖြစ်သလို ဖြစ်ဖြစ်နေ တာတော့ တောင်းပန်တယ်နော်။

    ReplyDelete