ကျွန်တော်လည်း ဘလော့ မရေးဖြစ်တာ ကြာပြီ။ စိတ်မပါတာရော မအားတာရော အတွက် ကြောင့် မရေးဖြစ်တာပါ။ ဒီနေ့ သူငယ်ချင်း တစ်ယောက်နဲ့ REDD အကြောင်း ဆွေးနွေးဖြစ်ရင်းက စာအုပ်လေး တစ်အုပ်ကို ဖတ်ကြည့်ရင်း သဘောကျလို့ တင်ဖို့ စိတ်ကူးရသွားတာပါ။
လက်ရှိ ကမ္ဘာ့ သစ်တော အုပ်ချုပ်မှု လမ်းကြောင်းက Green Economy ဆိုတဲ့ ပတ်ဝန်းကျင် ထိခိုက်မှု မရှိတဲ့ စီးပွားရေး စနစ် ကို ဦးတည် သွားနေတာပါ။ ရာသီဥတု ပြောင်းလဲမှု လျော့ချရေး အတွက် ကျွန်တော်တို့ မြန်မာ နိုင်ငံ အပါအ၀င် ကမ္ဘာ့ နိုင်ငံ အသီးသီး က အင်တိုက် အားတိုက် ဆောင်ရွက်နေကြတယ်လို့ ဆိုပါတယ်။ အဲဒီလို Green Economy ကို ဦးတည် ဖော်ဆောင်ကြတဲ့ အခါ သစ်တော ကဏ္ဍအနေနဲ့ ကလည်း သစ်တောပြုန်းတီးမှု ကတဆင့် ထွက်ပေါ်လာနိုင်တဲ့ ဖန်လုံအိမ် ဓါတ်ငွေ့ (Green House Gases) လျော့ချရေး အစီအစဉ် (Reducing Emission from Deforestation and Forest Degradation- REDD) ဆို တဲ့ အစီအမံတွေ အင်တိုက် အားတိုက် အကောင် အထည်ဖော် ဆောင်ရွက်လာကြပါတယ်။
REDD programme တွေကို အဓိက ဦးဆောင်တာကတော့ ဖန်လုံအိမ် ဓါတ်ငွေ့ တွေ အဓိက ထုတ်လွှတ်နေတဲ့ အင်အားကြီး နိုင်ငံကြီး တွေပါ။ သူတို့ ပေးတဲ့ ထောက်ပံ့ငွေကြေး ကလည်း မတန်တဆ များပါတယ်။ သစ်တော ပိုင်ရှင်အနေနဲ့ လည်း မိမိတို့ သစ်တော ကို မခုတ်ဘဲ ထားရုံနဲ့ ပိုက်ဆံ ရနေမဲ့ အစီအစဉ်လေ။ ဒီထက်ကောင်း တာ ဘာရှိအုံးမှာလဲ။ နှစ်ဦးနှစ်ဘက် အဆင်ပြေ နေတာပေါ့။ REDD programme အကြောင်း အကြမ်းဖျင်း သိချင်ရင် ဒီအောက် က စာအုပ် ကို ဖတ်ကြည့်ပါ။ အလွယ်တကူ နားလည်အောင် ရေးထားကြပါတယ်။
(ဒီလင့်မှာ ဒေါင်း လုပ် ကြည့်ပါ။)
REDD က ရမည့် ပိုက်ဆံ တွေ က မစားရ ၀ခမန်း ဖြစ်နေပေမဲ့ ဘယ်သူတွေ အကျိုးရှိမှာလဲ ဆိုတာ အဓိက မေးစရာပါ။ လက်ရှိ ကျွန်တော်တို့ နိုင်ငံလို ဖွံ့ဖြိုးဆဲ နိုင်ငံတွေမှာ ပုဂ္ဂလိက ပိုင် သစ်တော ဆိုတာ ရှားပါတယ်။ သစ်တော ကို အစိုးရက တိုက်ရိုက် စီမံ အုပ်ချုပ်နေတာပါ။ အဲဒီတော့ အစိုးရ အနေနဲ့ ဘဏ္ဍာငွေ အလကား ရ မှာ ဖြစ်တဲ့ အတွက် REDD ကို စိတ်ဝင်စားပါတယ်။ လက်ရှိ သစ်ထုတ်နေတာကို ရပ်လိုက်ရုံနဲ့ ပိုက်ဆံ ရမှာ ဆိုပေမယ့် တကယ့် တကယ် သစ်တောတွေအပေါ် မှီခိုနေတာက ကျေးလက်နေ ပြည်သူတွေပါ။ မြန်မာနိုင်ငံမှာ စုစုပေါင်း လူဦးရေ ရဲ့ ၇၀ ရာခိုင်နှုန်းကျော်က ကျေးလက်နေ ပြည်သူလူထု ပါ။ သူတို့ အနေနဲ့က နီးစပ်ရာ သစ်တော တွေ အပေါ် မှီခို ရှင်သန်နေ ကြရတာပါ။ REDD ပရောဂျက် တွေ အရ တောနေ လူထု က သစ်တော တွေ အပေါ် မှီခို ခွင့် မရှိတော့ပါဘူး။ အဲဒီ အတွက် အစိုးရကရော ဘယ်လို တာဝန်ယူပေးမှာလဲ ဆိုတာ မေးစရာ မေးခွန်းပါ။
နောက် တစ်ခု က လက်ရှိ သစ်တော ဌာနရဲ့ စွမ်းဆောင်ရည် (Institutional Capacity) ပါ။ မိမိတို့ သစ်တော တွေကို လုံးဝ မထိပဲ တစ်ဘက်ကလည်း ကျေးလက်နေ လူထုရဲ့ စားဝတ်နေရေး ပြေလည်အောင် ထောက်ပံ့ ပေးဖို့ စီမံချက် ချမှတ်ပြီး အကောင်အထည် ဖော်နိုင်မှာလား။ REDD က ရလာမည့် အကျိုးကျေးဇူးကို ရော ပြည်သူတွေ အတွက် ထိထိ ရောက်ရောက် ခွဲဝေ ပေးနိုင်မှာလား။ တရားမ၀င် သစ်ထုတ်နေတာကိုရော လုံးဝ ပပျောက်သွားအောင် တိုက်ဖျက် နိုင်ပြီလား။ ဌာနတွင်း ခြစားမှုတွေ ကို ရော ထိထိရောက်ရောက် အရေး ယူနိုင်မှာလား…….။
နောက်တစ်ခုက ရာသီဥတု ပြောင်းလဲမှု လျော့ချရေး အပိုင်းပါ။ ဖန်လုံအိမ် အာနိသင် ဓါတ်ငွေ့တွေ အဓိက ထုတ်လွတ် နေတဲ့ လုပ်ငန်းရှင်တွေ အနေနဲ့ ကလဲ ဒီထောက်ပံ့ပေးရတဲ့ ငွေပမာဏဟာ လုပ်ငန်းက ရရှိလာမည့် အကျိုးအမြတ် နဲ့ ယှဉ်ရင် အသေးအဖွဲပါ။ ပြီးတော့ လက်ရှိ ရာသီဥတု ပြောင်းလဲမှုတွေ တစ်နှစ်ထက် တစ်နှစ် ဆိုးရွားလာ တဲ့ ကြားက REDD programme ကို အကောင်အထည် ဖော်မည် ဆိုရင် သူတို့အနေနဲ့ တရားဝင် ပတ်ဝန်း ကျင် ညစ်ညမ်းခွင့် ရရှိသွားသလို ဖြစ်လာမှာပါ။ ရှိပြီးသား ဖန်လုံအိမ် ဓါတ်ငွေ့ ပမာဏ အပြင် ထပ်ပြီး ထုတ်လွှတ်ဖို့ လိပ်ပြာ လုံကြတော့မှာပါ။
တဖက်က သစ်တော ကနေ ပြန်စုပ်ယူမဲ့ ကာဗွန်ကလည်း အရမ်းကို Vulnerable ဖြစ်ပါတယ်။ သစ်တော ဆိုတာ အချိန်မရွေး နေ့ချင်းညချင်း ပြုန်းတီးနိုင်ပါတယ်။ မီးလောင်တာပဲ ဖြစ်ဖြစ်၊ နိုင်ငံရေး အရှုပ်အထွေးကြောင့်ပဲ ဖြစ်ဖြစ်၊ တရားမ၀င် သစ်ထုတ်တာကြောင့်ပဲ ဖြစ်ဖြစ် ချက်ချင်း ဆိုသလို ပြောင်သွား နိုင်ပါတယ်။ ကျွန်တော် ကပဲ အဆိုး မြင်နေတာ လဲ ဖြစ်နိုင်ပါတယ်။ မေးခွန်းတွေ ကတော့ အများကြီးပါ။ ကျွန်တော့ အနေနဲ့တော့ မြန်မာနိုင်ငံဟာ REDD ကို လက်ခံ ဖို့ အဆင်သင့် မဖြစ် သေးဘူး လို့ ထင်ပါတယ်။ အဓိက ကတော့ ကျေးလက်နေ ပြည်သူတွေရဲ့ အခွင့်အရေး ကို ဘယ်လို ကာကွယ် နိုင်မလဲ ဆိုတာ ပါဘဲ။
(ဒီလင့်မှာ ဒေါင်း လုပ် ကြည့်ပါ။)
ဒါပေမယ့် ဘာပဲ ဖြစ်ဖြစ် REDD ကို အကောင်အထည် ဖော်မယ် ဆိုရင်တော့ ဒေသခံတွေ ရဲ့ အခွင့်အရေးက ပထမ ဦးစားပေး စဉ်းစားရမယ့် အချက်ပါ။ ဘယ်လို အခွင့်အရေးတွေ ရှိသင့်သလဲ ၊ တောင်းဆိုသင့် သလဲ ဆိုတာကို တော့ အပေါ်က စာအုပ်ထဲမှာ ပြည့်ပြည့် စုံစုံ ဖော်ပြထားပါတယ်။ အချိန်ရရင် ဖြစ်ဖြစ် စိတ်ဝင်စားရင် ဖြစ်ဖြစ် ဖတ်ကြည့်လို့ ရပါတယ်။ ဒါပေမယ့် တကယ်ဖတ်သင့်တဲ့ ဒေသခံ ပြည်သူတွေကတော့ ဒီစာအုပ်ကို ဖတ်တတ်မှာ ဖတ်ချိန်ရမှာ ဟုတ် မဟုတ် ဆိုတာတော့ မေးစရာပဲပေါ့ဗျာ။ အဖြေဆိုတာလဲ သိပြီးသားပဲ ဖြစ်မှာဆိုတော့ ဒီအတိုင်းပဲ ထားလိုက်တာ ကောင်းမယ်လို့ ထင်ပါတယ်ဗျာ။
No comments:
Post a Comment