သစ်တောသမားတစ်ယောက်ရဲ့ ကိုယ်ပိုင်မှတ်စုလေးပါ၊ ဖတ်မိတာ၊ တွေးမိတာ၊ သဘောကျမိတာလေးတွေ ပြန်လည်ဝေမျှတာပါ...

Nov 16, 2011

သဘာဝဘေးအန္တရာယ်တွေ ပိုးမိုဆိုးရွားလာနိုင်မှာလား

image

၂၀၁၂ ခုနှစ်တွင် ကမ္ဘာပျက်မည်ဟု ဘာသာကြီး အချို့က ဟောကိန်းထုတ်ကြသည်။ အမှန်တကယ် ဖြစ်လာမည် ဖြစ်မလာဘူး ဆိုသည်ကတော့ စောင့်ကြည့်ရုံပင်။ သို့ရာတွင် လက်တွေ့ကာလတွင်ရော ကျွန်ုပ်တို့ ကမ္ဘာကြီးတွင် ဘာတွေဖြစ်နေသနည်း။ ၂၀၁၁ ခုနှစ် တစ်ခုတည်းမှာပင် သဘာဝ ဘေးအန္တရာယ်ဆိုးတွေ ဘယ်နှစ်ကြိမ်ဖြစ်ခဲ့ပြီလဲ။ ဆူနာမီတွေ၊ ဆိုင်ကလုန်းတွေ၊ ဟာရီကိန်းတွေ ဖြစ်လိုက်ကြတာ မနည်း။ ပျက်စီးဆုံးရှုံးမှုများက မရေမတွက် နိုင်။ အသက်စွန့်သွားရသူတွေလည်း မနည်း။ သူတို့အတွက်တော့ ကမ္ဘာပျက်သည့် နှယ် ခံစားသွားခဲ့ကြရမှာ သေချာသည်။ စိတ်မကောင်းရုံမှလွဲပြီး ဘာမှ မတတ်နိုင်။ မိမိအလှည့် ဘယ်အချိန်ရောက်လာမည် မသိ။ ဘယ်သူမပြု မိမိမှု ဟူသည့် မြန်မာစကားပုံနှယ်။ တကယ့်ကို ဘယ်သူမပြု မိမိမှုသာပင်။

ဘာသာရေးအဆိုအရ ကိုယ်ပြုသည့်ကံ ကိုယ်သာခံရမည် တဲ့။ ဗုဒ္ဓဘာသာကလည်း ဆိုသည်။ ခရစ်ယာန်၊ ဟိန္ဒူ၊ အစ္စလမ် ဘာသာတိုင်းလိုလို ထိုသို့ဆိုခဲ့သည်။ ဤအဆိုအရဆိုလျှင် ယခု သဘာဝ ဘေးအန္တရာယ်ဆိုးတွေဖြစ်လာ သည်မှာ ကျွန်ုပ်တို့  လူသားတွေ ဘာတွေလုပ်ခဲ့၍လဲ။ ဘာတွေ မှားခဲ့၍လည်း။

အဖြေကရှင်းသည်။ ကျွန်ုပ်တို့ ကမ္ဘာကြီး အပေါ် အလေးမထား၊ respect မရှိခဲ့ကြပဲ အတ္တနောက်သို့ ကောက်ကောက် ပါအောင် လိုက်ခဲ့ကြ၍ပင် ဖြစ်သည်။ ကျွန်ုပ်တို့ ကမ္ဘာကြီးကို ညစ်ညမ်းအောင် ပြုလုပ်ခဲ့သည်။ သဘာဝ အရင်းအမြစ် တွေကို လိုအပ်သည်ထက် ပိုမို သုံးစွဲခဲ့သည်။ သဘာဝ တရားကို လွန်ဆန်ခဲ့သည်။ Nature Dignity ကို မေ့လျော့ခဲ့ကြသည်။ ကျွန်ုပ်တို့ ဘိုးဘေးတွေ စိတ်တိုင်းကျ ကမ္ဘာကြီးကို ဖျက်ဆီးသွားကြသည်။ တွင်းထွက်လောင်စာတွေ အဆမတန် ဖြုန်းတီးခဲ့သည်။ လေထုကို ညစ်ညမ်းအောင် လုပ်ခဲ့သည်။ သက်ရှိတွေ ရပ်တည်ရန် မရှိမဖြစ် လိုအပ်သည့် သစ်ပင်သစ်တောတွေ အဆမတန် ခုတ်လှဲခဲ့သည်။ ဂေဟစနစ်တွေ ဖျက်ဆီးခဲ့သည်။ ကျွန်ုပ်တို့ကို ခရမ်းလွန်ရောင်ခြည် ဒဏ်က ကာကွယ်ပေးထားသည့် အိုဇုန်းလွှာကို ဖျက်ဆီးစေခဲ့သည်။ မုန်တိုင်းတွေကို ကာကွယ် ထားသည့် လေကာဒိုင်း (Wind Shear) တွေကို ဖျက်ဆီးခဲ့သည်။

image

သူတို့တွေ စိတ်တိုင်းကျ ဖျက်ဆီးသွားခဲ့တာ အကြောင်းမဟုတ်။ အခု သူတို့ အပြစ်တွေ ကျွန်ုပ်တို့ မျိုးဆက်တွေ စုပြုံ ခံစားနေရသည်။ သေကြ၊ ကြေကြ၊ အိုးပျက် အိမ်ပျက်နှင့် ဒုက္ခတွေ ပင်လယ် ဝေနေကြရသည်။ ဘယ်သူ့ကို သွားပြီး စောတက တက်ရမည်နည်း။ ဘယ်သူ့ကိုမှ စောတက တက်၍ မရ။ တရားခံအားလုံး လူ့လောကမှ မရှိကြတော့။ ဘာမှ မတတ်နိုင်။

ဘန်ကောက်မြို့ ကြီး ရေအောက်ရောက်နေတာကို ကြည့်။ ဘယ်သူတွေ Plan ချခဲ့တာလည်း။ Drainage system, Sewage system တွေ ဘယ်သူတွေ ရေးခဲ့တာလဲ။ လွန်ခဲ့တဲ့ နှစ် ၅၀ ခန့်က ဖြစ်ချင်ဖြစ်မည်။ နှစ် ၁၀၀ ခန့် က ဖြစ်ချင်ဖြစ်ခဲ့မည်။ ဒါပေမယ့် အခု လည်စင်းခံနေရသည်က လက်ရှိမျိုးဆက်။ ကျွန်တော်တို့ရဲ့ မဟာ ရန်ကုန် ကြီးရော ဘန်ကောက်လို မဖြစ်လာနိုင်ဘူးလား။ နောက် ၄၊ ၅ နှစ် ခန့်တွင်ပင် ဖြစ်လာနိုင်သည်ဟု ထင်သည်။ ဘန်ကောက် မြို့ထက် အဆ ဘယ်လောက် စနစ်ကျသလဲ၊ အဆ ဘယ်လောက် စနစ် မကျဘူးလဲ။ ဘန်ကောက် မရောက်ဘူးသည့် ကလေး တောင် သိမည် ထင်သည်။ ဒါဆို ကျွန်တော်တို့ကရော ဒီအတိုင်း အဖြစ်ခံမှာလား။ ပါးစပ်ပိတ် လက်ပိုက်ပြီး ကြည့်နေကြမှာလား။

အရေးကြီးတာက ကျွန်တော်တို့ရဲ့ အနာဂတ် မျိုးဆက်တွေ။ သူတို့တတွေရော ကျွန်တော်တို့လို ဒုက္ခခံကြ ရအုံး မှာလား။ လူ့လောက ကို ရောက်ရောက်ခြင်း၊ လောကအကြောင်း ဘာမှ မသိသေးခင်မှာ ဘေးအန္တရာယ်ဆိုး တွေကို ခါးဆီး ခံစေမှာလား။ ကျွန်တော်တို့ ကရော သူတို့တတွေကို ထပ်ပြီး ဒုက္ခပေးနေကြအုံးမှာလား။ အားလုံး စဉ်းစား စေချင်သည်။

အခု လက်ရှိကာလကို ကြည့်။ မုန်တိုင်းတွေ၊ ငလျှင်တွေ၊ သဘာဝ ဘေးအန္တရာယ်တွေ။ ဒါတွေအားလုံး ရပ်တန့်သွားမှာလား။ ဘယ်နည်းနဲ့မှ မဖြစ်နိုင်တော့။ Adaptation တွေ၊ Mitigation တွေ ဘာမှ မတတ်နိုင်။ ဂျပန်မှာ ဆူနာမီ ဖြစ်သည်။ စီးပွားရေး ထပ်ဆုံးနားမှာရှိသည့် နိုင်ငံတောင် ဘာမှမတတ်နိုင်။ ကျွန်တော်တို့ တတွေ နာဂစ်မှာ အလူးအလဲ ခံခဲ့ရတာ အပြစ်မဆိုသာ။ ဖြေသာသည် မဟုတ်ပေမယ့် ရှောင်လွှဲလို့ မလွယ် ဆိုသည်ကိုတော့ လက်ခံရပေမည်။ နောင်မဖြစ်အောင် ကာကွယ်ရန်သာလိုသည်။

image

မုန်တိုင်းဆိုသည်မှာ သဘာဝ ဘေးအန္တရာယ်ဆိုပေမယ့် သဘာဝ အလျှောက် ခဏခဏ ဖြစ်လာသည်မဟုတ်။ သိပ္ပံပညာရှင်များ၏ အဆိုအရ မုန်တိုင်းတွေ ခဏ ခဏ ဖြစ်လာရသည်မှာ လေထု ညစ်ညမ်းမှုကြောင့် ဖြစ်သည် ဟု ဆိုသည်။ သုတေသန တစ်ခုအဆိုအရ ၁၉၇၉ ခုနှစ်က စ၍ ၂၀၁၀ ခုနှစ်အထိ လေထုညစ်ညမ်းမှု မြင့်မားလာသည်နှင့် အမျှ အပူပိုင်း မုတ်သုန် ဆိုင်ကလုန်းဖြစ်ပွားမှု ပမာဏ လည်း များလာသည်ဟု ဆိုသည်။ လေထုထဲတွင် Haze လို့ ခေါ်သည့် မြူမှုန်ပမာဏ တိုးမြင့်လာသည်နှင့် အမျှ မုန်တိုင်း ဖြစ်ပွားနိုင်မှု အလားအလာ မြင့်မားလာသလို၊ ဖြစ်လာသမျှ မုန်တိုင်းများကိုလည်း ကုန်းတွင်းပိုင်းသို့ ၀င်ရောက်နိုင်မှု မြင့်မားစေသည်။

ပညာရှင်တို့ အဆိုအရ ၁၉၆၀ ခုနှစ် နောက်ပိုင်း အိန္ဒိယ သမုဒ္ဒရာ အပေါ်ရှိ လေထု ထဲတွင် Aerosol ဟု ခေါ်သည့် လေထု ညစ်ညမ်းစေသော အမှုန်အမွှား ပမာဏ မှာ ၆ ဆ ခန့် မြင့်မားလာသည် ဟု ဆိုသည်။ လက်ရှိ အခြေအနေတွင် သမုဒ္ဒရာ ရေပြင် အထက်တွင် မီတာ ၃၀၀၀ ခန့် အထူရှိသော Aerosol အလွှာ ဖြစ်ပေါ်နေသည် ဟု ဆိုသည်။ အဆိုပါ Aerosol အလွှာတည်ရှိနေခြင်းက သမုဒ္ဒရာ မျက်နှာပြင် အပူချိန်ကို လျော့နည်းစေပြီး၊ Wind Shear ဟု ခေါ်သည့် မုန်တိုင်း မဖြစ်ပေါ်စေရန် ကာကွယ်ပေးထားသော အလွှာကို လျော့နည်းစေသည်။ အကျိုးဆက်အားဖြစ် အင်အားကြီးမားသော ဆိုင်ကလုန်းမုန်တိုင်းတွေ ဖြစ်စေနိုင်သည်ဟု ဤစာတမ်း က ဆိုသည်။ Wind Shear အလွှာ လျော့နည်းသည်နှင့် အမျှ လေတိုက်နှုန်း ပိုမို မြင့်မားလာစေသည် ဟူ ၍ လည်း ထပ်မံ သက်သေပြထားသည်။

image

ဤသို့ဆိုလျှင် လေထုထဲရှိ Aerosol အလွှာ မည်သို့ ဖြစ်လာသနည်း။ စဉ်းစားရန်မလို။ စက်ရုံ အလုပ်ရုံ၊ မော်တော်ယာဉ် များက ထုတ်လွှတ်သည့် ဆာလဖာ ဒိုင် အောက်ဆိုဒ် (Sulpha Dioxide) နှင့် ကာဗွန်ဒိုင်အောက်ဆိုဒ် (Carbon Dioxide) တို့ ၏ အကျိုးရလာဒ်ပင်။ ဒါ့အပြင် ကျွန်ုပ်တို့ နေ့စဉ် အသုံးပြုနေသည့် ထင်း၊ မီးသွေး လောင်ကျွမ်းရာမှလည်း ဖြစ်နိုင်သည်။ အမှိုက်ပုံများ မီးရှို့ရာကလည်း ဖြစ်နိုင်သည်။ တရုတ်ဆိုင်ကယ် ကို ဟိုဟို ဒီဒီ လမ်းသလားရာကလည်း ဖြစ်နိုင်သည်။ အင်ဂျင်ကျနေသည့် မော်တော်ကားကို လီဗာအတင်း နင်းတာကလည်း ဖြစ်နိုင်သည်။ ကျွန်ုပ်တို့ ဂရုမပြုမိခဲ့သည့် အသေးအဖွဲ ကိစ္စတော်တော်များများက မုန်တိုင်းတွေ ဖြစ်စေနိုင်သည့် အကြောင်းအရင်းတွေ ဖြစ်နေသည်။ ခြိမ်းခြောက်လိုခြင်းမဟုတ်။ လက်ရှိမုန်တိုင်းများထက် ပိုမို ဆိုးရွားသည့် မုန်တိုင်းများ ဖြစ်လာနိုင်သည်မှာ အသေအချာပင်ဖြစ်သည်။ ကျွန်ုပ်တို့ ဘယ်လို ပြင်ဆင်ကြမည်နည်း။

သဘ၀ ဘေးအန္တရာယ်တွေကို ကျွန်ု့်တို့ ကိုယ်တိုင် (သို့မဟုတ်) ကျွန်ုပ်တို့ မျိုးဆက်တွေကို လည်စဉ်း ခံစေမလား။ မိမိတို့ ပြုမူ နေထိုင်လျက်ရှိသည့် အကျင့်ဆိုးများကို ပြင်ဆင်မည်လား။ ဘယ်သူမပြု မိမိမှု ဟူ၍ပင်….။

No comments:

Post a Comment