သစ်တောသမားတစ်ယောက်ရဲ့ ကိုယ်ပိုင်မှတ်စုလေးပါ၊ ဖတ်မိတာ၊ တွေးမိတာ၊ သဘောကျမိတာလေးတွေ ပြန်လည်ဝေမျှတာပါ...

Nov 5, 2011

လူဦးရေ တိုးပွားမှုနှင့် စားနပ်ရိက္ခာ ရှားပါးမှု ပြသနာ

၂၀၁၁ ခုနှစ် အောက်တိုဘာလ ၃၁ ရက်နေ့တွင် ကမ္ဘာ့လူဦးရေ သန်း ၇ ထောင် ပြည့်ပြီဖြစ်ကြောင်းနှင့် သက္ကရာဇ် ၂၀၅၀ တွင် သန်း ၉ ထောင် ပြည့်နိုင်မည်ဖြစ်ကြောင်း ကြေညာသည်။ ထိုကြေညာချက်နှင့် အတူ ကမ္ဘာ့ နိုင်ငံ အသီးသီး မှ ခေါင်းဆောင်များ၊ ပညာရှင်များကြား ဖြေရှင်းရခက်သည့် မေးခွန်းဟောင်း တစ်ခုကို ဖြေရှင်းရန် ထပ်မံ လှုံ့ဆော် လိုက်သကဲ့သို့ရှိ၏။

“သန်း ၇ ထောင် သော ကမ္ဘာ့လူဦးရေအတွက် အစားအစာ လုံလောက်အာင် ကျွန်ုပ်တို့ မည်ကဲ့သို့ စီစဉ်ဆောင်ရွက် ရမည်နည်း။”

image

လူဦးရေ အဆမတန် တိုးတက်လာခြင်း နှင့်အတူ တဖက်ကလည်း သဘာဝ ဘေးအန္တရာယ်ဆိုးတွေ တစ်ခုပြီး တစ်ခု တိုးကာ တိုးကာ ဖြစ်ပေါ်လာသည်။ ကမ္ဘာတ၀ှမ်း ရေကြီးရေလျံသည့် သတင်းမှာ အထူးအဆန်း မဟုတ်တော့။ အထူးသဖြင့် အာရှတိုက်နှင့် အမေရိက တိုက်တို့တွင် ရေကြီးရေလျံမှု ပြသနာတွေ နှစ်စဉ်လိုလို ကြုံတွေ့နေရသည်။ အလားတူပင် မုန်တိုင်းဒဏ်က တမျိုး၊ ငလျှင် ဒဏ်က တစ်ဖုံနှင့် ဆုံးရှုံးမှုတွေက ဒေါ်လာ သန်းထောင်နဲ့ သောင်းနဲ့ချီ၍ ပင်။ ကမ္ဘာ့ စိုက်ပျိုးမြေ စုစုပေါင်း၏ သုံးပုံ တစ်ပုံခန့်မှာလည်း ရာသီဥတုဒဏ်ကြောင့် ပျက်ဆီးပြုန်းတီးလျှက်ရှိကာ နှစ် ၅၀ အတွင်း စိုက်ပျိုးမြေအဖြစ်မှ စွန့်လွှတ်လိုက်ရသည် ဟူ၍ လည်း ဆောင်းပါးတစ်ပုဒ်က ဆိုသည်။ ကဲ.. ကျွန်ုပ်တို့ ရှေ့ဆက်ပြီး ဘာလုပ်ကြမည်နည်း..။

ပြောင်းလဲလာသည့် ရာသီဥတုအခြေအနေနှင့်  အဆမတန် တိုးပွားလာသည့် လူဦးရေတိုးတက်မှု တို့အကြား ရင်ကြားစေ့ ဖြေရှင်းနိုင်သည်မှာ ဇီဝနည်းပညာ (Bio-technology) သာလျှင် ဖြစ်သည် ဟု ဇီဝနည်းပညာရှင်တွေက ဆိုကြသည်။  တဖက်ကလည်း လူဦးရေတိုးပွားမှုကို ထိန်းချုပ်နိုင်မှသာ၊ အထူးသဖြင့် အမျိုးသမီးများ၏ အခွင့်အရေး (Gender equity)၊ တစ်အိမ်ထောင် ကလေးတစ်ယောက်ဥပဒေ (One child policy)၊ မတော်တဆ သားသမီးရရှိမှု (Unplanned pregnancy) လျော့ကျရေး၊ စတဲ့ လူဦးရေထိန်းချုပ်မှုတွေ ဆောင်ရွက်လာကြသည်။ ဒါကလည်း လူ့အခွင့်အရေးအရ ကန့်သတ်ချက်တွေ ရှိနေသည်။ မိသားစုတိုင်း သားသမီးလိုချင်တာကို တားဆီး၍ မရနိုင်။ မတားဆီးသင့် ဟူ၍လည်း ထင်သည်။ image

 အခြားတဖက်တွင် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးသမားဟု ဆိုသူ များက သဘာဝ ကို သဘာဝ အတိုင်း ရှိနေစေချင်ကြသည်။ ဇီဝနည်းပညာ (Bio-technology) ဖြင့် ဖန်တီးထားသော မျိုးရိုးဗီဇ ပြုပြင် ပြောင်းလဲ ထားသည့် အသီးအနှံများ (Genetically Modified Organism) များကို “သဘာဝကို ဆန့်ကျင်သည်၊ သဘာဝ မျိုးစိတ်များကို အန္တရာယ် ပေးနိုင်သည်” ဟု ဆိုကာ ကန့်ကွက်ကြသည်။ ဓါတ်မြေသြဇာ အသုံးပြုမှုများကို ဆန့်ကျင်ကြသည်။ ပိုးသတ်ဆေး အသုံးပြုသည့် စိုက်ပျိုး သီးနှံများကို ရှုံ့ချကြသည်။

ဒါ့အပြင် တဖက်ကလည်း အစားအသောက် စားသုံးမှု စနစ် (Consumption Pattern) မှာ လိုအပ်သည်ထက် ပိုနေသည်။ ကျွန်ုပ်တို့ လူသားတွေ အရသာ ခံလွန်းကြသည်။ လက်ရှိ စားသောက်မှု စနစ်အရ ကျွနိုပ်တို့ တစ်နှစ်စာ (၃၆၅ ရက်) စာ စားသောက်နေသော အစားအစာ ပမာဏကို ကမ္ဘာမြေကြီးအနေဖြင့် ထုတ်လုပ်ဖြည့်ဆည်းပေးရန် ရက်ပေါင်း (၅၁၁ ရက်) ကြာလိုအပ်သည် ဟု ပညာရှင်များ တွက်ချက်ထားကြသည်။ ဤသို့ဆိုလျှင် ကျွနိုပ်တို့ စားသောက်မှု စနစ်ကို ပြည်လည်ဆန်းစစ်ဖို့ မလိုအပ်ပေလော။ မည်သို့ပင် ဖြစ်စေ ကမ္ဘာ့ စားနပ်ရိက္ခာတွေများမှာ တစ်နေ့တခြား လျော့နည်း ရှားပါးလာလျှက်ရှိသည်။ မေးပြီးသား မေးခွန်းတစ်ခုကို ပြန်မေးချင်သည်။ ကျွနိုပ်တို့ ဘာလုပ်သင့် သနည်း။

ပထမအဆင့် ရိုးရိုးဖြေရလျှင် ကျွနိုပ်တို့ ခြွှေတာ ကြရမည်။ စီးပွားရေးအရ ခြွေတာတာ မဟုတ်ဘဲ ကျွန်ုပ်တို့ အားလုံး မြန်မြန်ဆန်ဆန် မငတ်မွတ်စေရန် ခြွေတာဖို့ လိုအပ်မည်။ လက်ရှိ ကျွန်ုပ်တို့ မီးဖိုခြောင်ထဲက အမှိုက်ပုံးထဲမှာ၊ ထမင်း စားပွဲပေါ်က စားကြွင်း စားကျန် တွေထဲမှာ၊ ကျွန်ုပ်တို့အတွက် လိုအပ်သော ကယ်လိုရီတွေ ဘယ်လောက်များများ စွန့်ပစ် လိုက်ရပြီလဲ။ သုတေသန ပြုလုပ်ချက်တွေအရ လက်ရှိ အမေရိကန်နိုင်ငံတွင် နှစ်စဉ် အစားအစာ ကုဗတန် သန်း ၅၀ ခန့် (အမေရိကန် ဒေါ်လာ သန်း ၂၀၀ တန်ဖိုး) ခန့်ကို စွန့်ပစ် ဖြုန်းတီးနေကြသည်ဟု ဆိုသည်။ တက္ကဆတ်ယူနီဗာ စီတီ က သုတေသနပြုချက်အရ အဆိုပါ တစ်နှစ်စာ စွန့်ပစ် စားသောက်ကုန် (Food Waste) ပမာဏမှာ တစ်နှစ်လျင် ဇီဝလောင်စာ စည် သန်း ၃၅၀ ခန့်နှင့် ညီမျှသည့် ပမာဏ ရှိသည်ဟု ဆိုသည်။ တစ်ကမ္ဘာလုံးစာ စွန့်ပစ် စားသောက် ကုန် ပမာဏ မည်မျှရှိမည် ဆိုသည်မှာ ခန့်မှန်းကြည့်သည်ထက်ပင် ပို၍များမည် ဆိုသည်မှာ မြေကြီး လက်ခတ် မလွဲပင်။

image

အစားအစာ လေလွင့်ဆုံးရှုံးမှုများမှာ စားသုံးမှု အပိုင်းတွင်သာ မဟုတ်၊ ထုတ်လုပ်မှု (Production) အပိုင်းတွင်လည်း များစွာ လေလွင့်လျှက်ရှိပေသည်။ သုတေသန ပြုလုပ်ချက်များအရ ရုရှနိုင်ငံတွင် သီးနှံရိတ်သိမ်းမှု အလေအလွင့်မှာ စုစုပေါင်း ထုတ်လုပ်မှု၏ ၆၀ % ခန့်ရှိသည်ဟု ခန့်မှန်းထားကြသည်။ အိန္ဒိယတွင် ၃၅ % ခန့် လေလွင့်သည် ဟုလည်း ဆိုသည်။ အဆိုပါ ကျန်ရှိသည့် ၄၀% သို့မဟုတ် ၆၅ %  သော ကောက်ပဲ သီးနှံများ၏ ၃၀ % ခန့်မှာလည်း ဥရောပ စားသောက်ကုန် စက်ရုံကြီးများတွင် အဆင့်ဆင့် ထုတ်လုပ်စဉ် လေလွင့် ဆုံးရှုံးသွားသည်ဟု ဆိုသည်။ ဤသို့ဆိုလျှင် သီးနှံရိတ်သိမ်း ထုတ်လုပ်မှုအဆင့်ဆင့် (Processing chain) တွင် နည်းပညာတိုးမြှင့်ကာ လေလွင့်ဆုံးရှုံးမှုများ လျော့နည်းလာစေရန် စီမံခန့်ခွဲဆောင်ရွက်ဖို့ လိုအပ်ပေသည်။ သီးနှံနှင့် အစားအသောက် သိုလှောင်မှု စနစ်များ ပိုမိုမြင့်များစေရန် နည်းပညာများ လိုအပ်သည်။

လေလွင့်ဆုံးရှုံးမှုများ လျော့ချသလို တဖက်ကလည်း ထုတ်လုပ်မှုကို မြင့်တင်ရန် လိုအပ်သည်။ ကျွန်ုပ်တို့ ကမ္ဘာ မြေကြီး ၏ ထုတ်လုပ်နိုင်မှု စွမ်းရည် (productivity) ကို အပြည့်အ၀ အသုံးချနိုင်ခြင်း မရှိသေးပါဟု အစီရင်ခံစာ အချို့က ဆိုသည်။ စိုက်ပျိုးထုတ်လုပ်မှု စနစ် (Agricultural production system) ကို ပြုပြင်ရပေမည်။ သမားရိုးကျ စိုက်ပျိုးနည်းများဖြင့် ဆက်လက် စိုက်ပျိုး သွားရန် မဖြစ်နိုင်တော့ပေ။ ၂၀၁၁ ခုနှစ် နှစ်ဆန်းပိုင်းထုတ် The Economist သတင်းစာမှ သတင်းဆောင်းပါး တစ်ပုဒ် တွင် အာဖရိကရှိ လယ်သမားများအနေဖြင့် ဥရောပမှ နည်းပညာအတိုင်း ဂျုံ စမ်းသပ် စိုက်ပျိုးထုတ်လုပ်ရာ အာဖရီက တိုက်တွင်လည်း ဥရောပတိုက် ကဲ့သို့ အထွက်နှုန်း အညီအမျှ ထွက်ရှိသည် ဟု ဆိုသည်။ ဤသို့ဆိုလျှင် မြေဆီမြေသြဇာ ပိုမိုကောင်းမွန်သော ကျွန်ုပ်တို့ အာရှတိုက် အတွက် နည်းပညာ မြင့်မားပါက အထွက်နှုန်းမှာ ပြောစရာပင်မလိုပေ။

DSC02728

သီးနှံစိုက်ပျိုးထုတ်လုပ်မှု မြင့်တင်ခြင်းသာမက တဖက်ကလည်း မွေးမြူရေး ကဏ္ဍကို ပိုမို အလေးထားရန် လိုအပ်ပေ သည်။ မွေးမြူရေးစနစ်ကို ပိုမိုစနစ်ကျစေရန်၊ အထူးသဖြင့် ကူးစက်ရောဂါများ ပိုမိုလျော့ပါး လာစေရန် နည်းပညာတီထွင်မှုတွေ လိုအပ်လျှက်ရှိနေသေးသည်။ ဥပမာ ဥစားကြက် မွေးမြူရေးအတွက် ကြက်ငှက်တုပ်ကွေး (Avian flu) ရောဂါဒဏ်ကို ခံနိုင်သော မျိုးစိတ်များကို ဇီဝ နည်းပညာဖြင့် တီထွင်နိုင်သည့် အနေအထား ကို ရောက်ရှိနေသည်ဖြစ်ရာ နည်းပညာကို စနစ်တကျ အသုံးချရန်သာ လိုအပ်ပေသည်။ ဘာသာရေး အယူဝါဒ များကိုလည်း ဖယ်သင့်သလောက် ဘေးဘယ်ထားသင့်သည်ဟု ထင်သည်။ မိမိတို့ ယုံကြည်ထားသည့် ၀ါဒ အချို့ကို ပွင့်လင်းစွာ ပြန်လည် ဆန်းစစ်ကာ ဇီဝနည်းပညာ ကို အထိုက်အလျောက် လက်ခံယုံကြည်ကြရန်လည်း အရေးကြီး ပေသည်။ တစ်ဖက်ကလည်း ပညာရှင်များအနေဖြင့် အစားအစာ ဖူလုံစေရန် ကုန်းမြေပေါ်တွင်သာမက ပင်လယ် သမုဒ္ဒရာ ရေအောက်ရှိ အဟာရဓါတ် ကြွယ်ဝလှသည့် Microalgeae ကဲ့သို့သော ရေနေအပင်မျိုးစိတ်များနှင်း အခြား ပင်လယ်ထွက် ပစ္စည်းများမှ အစားအစာ များ ထုတ်လုပ်သုံးစွဲနိုင်ရန် ကြိုးပမ်းလျှက်ရှိနေသည်ဟုလည်း ကြားသိရ သည်။

imageimage

 

 

 

 

 

 

ထိုသို့ဆိုလျှင် ကျွန်ုပ်တို့ သားစဉ်မြေးဆက် အစားအစာ ငတ်မွတ်မှု ဒဏ်ကို ရှောင်ကွင်းနိုင်ပြီလားဟု မေးစရာ ရှိလာသည်။ အထိုက်အလျောက်တော့ ဖြေရှင်းပေးနိုင်မည် ဖြစ်သည်။ သို့သော် တိုးမြင့်လာသည့် လူဦးရေတိုးပွားမှု နှုန်းမှာ ကြောက်စရာကောင်းလှသည်။ မိမိ လူ့လောကသို့ ရောက်ရှိချိန် ၁၉၈၀ ကျော် အချိန်က ကမ္ဘာ့လူဦးရေမှာ သန်း ၄ ထောင်ကျော် ခန့်ပင် ရှိနေသေးသည်။ ယခု နှစ်သုံးဆယ် မပြည့်မှီ သန်း ၃ ထောင် ပိုများလာသည်။ နောက် နှစ် သုံးဆယ် အတွင်း နောက်ထပ် သန်း ၃ ထောင် တိုးပွားရန်မှာ သေချာသလောက်ပင်။ ဤသို့ဆိုလျှင် ကျွန်ုပ်တို့ သား မြေးများ လက်ထက်တွင်လည်း ကျွန်ုပ်တို့ ပြုန်းတီးစေလိုက်သော ကမ္ဘာမြေကြီး၊ ကျွန်ုပ်တို့ ညစ်ညမ်း စေလိုက်သော သဘာဝ ပတ်ဝန်းကျင်နှင့် ကျွန်ုပ်တို့ တိုးမြှင့်ပေး လိုက်သော လူဦးရေ ပေါက်ကွဲမှု တို့အကြား လူးကာ လွန့်ကာဖြင့် ရုန်းကန် နေရမည်မှာ အသေအချာပင် ဖြစ်ပေသည်။ ကဲ ကျွန်ုပ်တို့ ဘာလုပ်သင့်သည် ဟု ထင်ပါသနည်း။

1 comment:

  1. မေး။ ။“သန်း ၇ ထောင် သော ကမ္ဘာ့လူဦးရေအတွက် အစားအစာ လုံလောက်အာင် ကျွန်ုပ်တို့ မည်ကဲ့သို့ စီစဉ်ဆောင်ရွက် ရမည်နည်း။”
    ဖြေ။ ။ လူဦးရေ တိုးခြင်းကို ထိန်းရန် တစ်နိုင်တစ်ပိုင်နည်းဖြင့် လူပျိုကြီးလုပ်ပါ။ စားသောက်မှု စနစ်ကို ပြင်ဆင်ရန် တစ်နေ့ ထမင်း တစ်နပ်သာ စားပါ။ ထိုသို့စားနိုင်ရန် အအိပ်ကြီးခြင်း ပါရမီကို ဆက်လက်ကျင့်သုံးနိုင်ပါသည်။ ရေအရင်းအမြစ်ကို ထိန်းသိမ်းခြင်းအတွက် ရေချိုးပျင်းခြင်း မွေးရာပါ ပါရမီရှိပြီး ဖြစ်သဖြင့် ပါရမီရှင် Forester ကြီးအဖြစ် ဂုဏ်ယူပါလေ။ ;D

    ReplyDelete