သစ်တောသမားတစ်ယောက်ရဲ့ ကိုယ်ပိုင်မှတ်စုလေးပါ၊ ဖတ်မိတာ၊ တွေးမိတာ၊ သဘောကျမိတာလေးတွေ ပြန်လည်ဝေမျှတာပါ...

Sep 9, 2011

Synurbia

european_badger_cropped-thumb-640x350-78676

Synurbia (သို့မဟုတ်) မြို့ပြ ယဉ်ပါး တိရစ္ဆာန်များ


BBC Website က သတင်းတစ်ပုဒ်မှာ တိရစ္ဆာန်တွေအကြောင်း စိတ်ဝင်စားစရာ သတင်းတစ်ပုဒ် ဖတ်လိုက်ရသည်။ Synurbia ဆိုတဲ့ ခေါင်းစဉ်နဲ့ပါ။ ဒီစကားလုံးက ထူးဆန်းနေတာကြောင့် အဘိဓါန်ထဲမှာ ရှာကြည့်မိသည် ။ မတွေ့ပါ။ သို့ပါ၍ မိမိဘာသာ ဘာသာပြန်ကြည့်မိသည်။ မြို့ပြယဉ်ပါး တိရစ္ဆာန်များ ဟူ၍။ မူရင်း အဓိပ္ပါယ်မှာ လူသားတို့ နေထိုင်ရာဒေသများ ယဉ်ပါးလာသော သို့မဟုတ် အိမ်တွင် မွေးမြူထားနိုင်သော တောရိုင်းတိရိစ္ဆာန်များကို ဆိုလိုခြင်းဖြစ်သည်။

သို့ရာတွင် တောရိုင်းတိရစ္ဆာန်တိုင်း ကျွန်ုပ်တို့ နေထိုင်ရာပတ်ဝန်းကျင် အနီးတွင် နေထိုင် ကျက်စားနိုင်သည် မဟုတ်။ ကျား ကဲ့သို့ အသားစား သတ္တ၀ါသည် Synurbic မဖြစ်နိုင်။ ဝေလငါး ဆိုရင်ဖြင့် ဝေးလေစွ။ ထိုသို့ဆိုလျှင် မည်သည့် တိရစ္ဆာန်တွေ Synurbic ဖြစ်နိုင်မည်နည်း။ မြို့တော်ခန်းမရှေ့က ချိုးငှက်လေးတွေ ဖြစ်တာကတော့ သေချာပါသည်။ စာရေးသူက ဥရောပ က ခွေးတူဝက်တူ (Badgers) များ၊ Hedgehog လို့ခေါ်တဲ့ ဖြူငယ်လေးများ ကို ဥပမာ ပေးထားသည်။

တကယ်တော့ အဆိုပါ Synurbic တိရစ္ဆာန်လေးများအားလုံးသည် တချိန်က ဝေးလံခေါင်ပါးသည့် သစ်တောများထဲတွင်သာ ကျက်စားလေ့ရှိသော သတ္တ၀ါများဖြစ်ခဲ့သည်မှာ ငြင်းဆို၍ မရနိုင်ပေ။ သို့ရာတွင် ကျွန်ုပ်တို့ မြို့ပြ ပတ်ဝန်းကျင်ကို မည်သည့်အတွက်ကြောင့် ရောက်လာပါသနည်း။ လူဦးရေ တိုးပွားလာ၍လား၊ ဒါမှမဟုတ် ၄င်းတို့ ကျက်စားနေထိုင်ရာ သစ်တောတွေ တွင်တွင်ပြုန်းတီးနေ၍လား။ သေချာသည်ကတော့ ဒီတိရစ္ဆာန်လေးတွေ မြို့ပြ ပတ်ဝန်းကျင်နှင့် တဖြည်းဖြည်း ယဉ်ပါးလာသည့် ဆင့်ကဲဖြစ်စဉ် (Evolution) မှာ လူသားတွေရဲ့ ပရောဂ မကင်းပေ။ ဒီဆင့်ကဲဖြစ်စဉ်ဟာ ကျွန်ုပ်တို့ လူသားတွေ အတွက် ကောင်းသောပြောင်းလဲခြင်းလား၊ ဆိုးသောပြောင်းလဲခြင်းပင်လား။
 နံနက်အိပ်ယာထ အိမ်ရှေ့တံခါးကို ဖွင့်ကြည့်လိုက်လို့ သမင်လေးတွေ တွေ့နေရရင်တော့ကြည်နူးစရာပင်။ သို့မဟုတ် အသားစား ကျားဖြစ်နေရင် ကြည်နူးနိုင်မည်လော။ 
တလောကတိုက်ကြီးဘက်မှာ ကျေးရွာတွေနှင့် မြို့နယ်အချို့ကို တောဆင်ရိုင်းတွေ ၀င်ရောက်သောင်းကျန်း သွားသည်မှာ ကောင်းသော ဖြစ်စဉ်တော့ မဟုတ်။ ထို့အတူ အစားအစာ ရှားပါးလာ၍ လူသားစားသတ္တ၀ါ ဖြစ်လာသည့် ပိုလာဝက်ဝံတွေ၊ လယ်ကွင်းတွေထဲ အစုလိုက်အပြုံလိုက် ၀င်ရောက်ဖျက်ဆီးလာသည့် မြေကြွက်တွေ၊ ဒါတွေက ကျွန်ုပ်တို့ လူသားတွေကို ကောင်းကျိုးမပေးသည်မှာ အသေအချာပင်။

အကယ်၍ အသားစား တောရိုင်းတိရစ္ဆာန်တွေသာ Synurbic ဖြစ်လာခဲ့ရင် ကျွန်ုပ်တို့ ဘာလုပ်မည်နည်း။ ဂေဟစနစ် ကို ဘေးဖယ်ထားပြီး လူသားများ အသက်ရှင်သန်ရန်အတွက် ရှင်းလင်းသုတ်သင်မည်လား။ ဒါမှမဟုတ် ယခုကတည်းက Synurbic ကို တားဆီးမည်လား။ အားလုံးစဉ်းစားဖို့တော့ လိုအပ်ပေမည်။

မှီငြမ်း။    ။ http://www.bbc.co.uk/blogs/wondermonkey/2011/08/welcome-to-synurbia.shtml

No comments:

Post a Comment