သစ်တောသမားတစ်ယောက်ရဲ့ ကိုယ်ပိုင်မှတ်စုလေးပါ၊ ဖတ်မိတာ၊ တွေးမိတာ၊ သဘောကျမိတာလေးတွေ ပြန်လည်ဝေမျှတာပါ...

Jan 1, 2011

Rotkäppchen




            InterDaF German Language Course နှုတ်ဆက်ပွဲ အမှတ်တရလေးပါ...။ အစက အစီအစဉ်မရှိခဲ့ဘူး၊ သင်တန်းဆရာမ Frau Bibow က Group Activity တစ်ခုခု လုပ်စေချင်ခဲ့တယ်။ ဒါပေမဲ့ ထုံးစံအတိုင်းပေါ့ အားလုံးက စာကိုပဲ စိတ်ဝင်စားနေပြီး ဘယ်သူမှ ဦးမဆောင်ချင်ခဲ့ကြဘူး။ ဒါနဲ့ သင်တန်းဆရာမကို အားနာလို့ ပွဲလေးဖြစ်သွားအောင် ဦးဆောင်ဖြစ်ခဲ့လိုက်တယ်။ အဲ တစ်ခုရှိတာက ဘာလုပ်ကြမလဲ ဆိုတာ ဘဲ။ အားလုံးကတော့ သင်တန်းနဲ့ ပတ်သက်တဲ့ သရော်သဖွယ် ဟာသလေးတွေ လုပ်ကြဖို့ အဆိုပြု ကြတယ်။ ဒါပေမဲ့ တကယ်စဉ်းစားကြည့်ကြတော့ ပြောရမှာက ဂျာမန်လို၊ အားလုံးတတ်တာက အခြေခံ၊ အဲဒီတော့ သင်တန်းသားတွေကလွဲရင် ဒီဟာသလေးတွေကို ကျန်တဲ့သူတွေ နားလည်ပါမလားပေါ့။ ဒါနဲ့ ထပ်စဉ်းစားလိုက်တော့ ဂျာမန်ပုံပြင်လေးတွေကို တင်ဆက်ရင် မကောင်းဘူးလားပေါ့။ အဲဒီမှာ ပုံပြင်တွေ စဉ်းစားတော့ ဆရာမက Rotkäppchen ဆိုတဲ့ ပုံပြင်လေးကို အဆိုပြုတယ်။ အားလုံးက ၀ိုင်းပြီးထောက်ခံ ကြတယ်။ ကျွန်တော်လည်း မကြားဘူးပေမဲ့ အင်တာနက်က ရှာဖတ်ပြီး ဇာတ်ညွှန်းရေးလိုက်တယ်။ ရေးနေတုန်းမှာ ကာဇက်စ္စတန် က သူငယ်ချင်းက မော်ဒန် ဟာသလေးတွေ ထည့်ရင်ကောင်းမလားလို့ အကြံပေးတယ်။ ဒါနဲ့ပဲ Rotkäppchen ပုံပြင်လေးကို ကျွန်တော်တို့ တက်နေတဲ့ ဂျာမန် သင်တန်းက အတွေ့အကြုံလေးတွေနဲ့ ဖန်တီးဖြစ်ခဲ့ကြတယ်။ 
နောက်တစ်ခုက Rotkäppchen နေရာမှာ သရုပ်ဆောင်ဖို့ စဉ်းစားကြရရော။ ဇာတ်လမ်းသဘောအရ ချစ်စရာကောင်းတဲ့ မိန်းကလေးအဖြစ် သရုပ်ဆောင်ရမှာ.. ဟာသဖြစ်စေချင်တော့ မိန်းကလေးနေရာမှာ ယောင်္ကျားလေးတစ်ယောက် အစားထိုး သရုပ်ဆောင်ဖို့ ဆုံးဖြစ်ကြတယ်။ ဒါပေမဲ့ ဘယ်သူမှ မိန်းကလေးလို သရုပ်မဆောင်ချင်ကြဘူး ။ ဒါနဲ့ စီစဉ်သူဖြစ်တဲ့ ကျွန်တော်ပဲ အဲဒီနေရာက သရုပ်ဆောင်ဖို့ ဆုံးဖြတ်လိုက် ပါတယ်။ မှတ်မှတ်ရရ ကျောင်းဆင်းပွဲတွေ၊ ရပ်ကွက်ဘုံကထိန်တွေမှာ သီချင်းဆိုဘူးတာကလွဲလို့ ပြဇာတ် ဆန်ဆန် သရုပ်ဆောင်ခဲ့ဘူးတာ ဒီတစ်ခါ ပထမဆုံးပါပဲ... ကိုယ်သရုပ်မဆောင်တတ်ပေမယ့် သူငယ်ချင်း တွေကတော့ အရမ်းတော်ခဲ့ကြတယ်လေ...။

Rotkäppchen ဇာတ်လမ်းလေးက ဒီလို။ Rotkäppchen က ချစ်စရာကောင်းတဲ့ ကောင်မလေး။ တစ်နေ့မှာ သူ့အဖွားက သူ့အမေဆီကို စာရေးပြီး နေမကောင်းလို့ စားစရာလာပို့ပေးဖို့မှာတယ်။ အဲဒါကို Rotkäppchen လေးက သွားပို့ပေးရတာ။ လမ်းမှာ မြေခွေးနဲ့တွေ့ပြီး ပန်းခူးနေတုန်း မြေခွေးက အရင်သွားနှင့်ပြီး အဖွားကို စားလိုက်တယ်။ အဲဒီနောက် Rotkäppchen လာတော့လဲ အဖွားအယောင် ဆောင်ပြီး ဖမ်းစားလိုက်တယ်။ အဲဒီအချိန်မှာပဲ မုဆိုးတစ်ယောက် ရောက်လာပြီး မြေခွေးကို ဗိုက်ဖောက်ပြီး ကယ်သွားတာပေါ့ ။ ဂျာမနီမှာ တော်တော်နာမည်ကြီးတဲ့ ပုံပြင်လေးပါ။ ကလေးတွေ Rotkäppchen တံဆိပ်နဲ့ ၀ိုင်တို့ ချောကလက်တို့ က စူပါမားကတ်တိုင်းမှာ ရှိတယ်။ တံဆိပ်ခေါင်းလေးတွေတာင် ရှိသေး တယ်။ ဒီပြဇာတ်တိုလေးကတော့ အတန်းသားအားလုံးရဲ့ ရင်ထဲမှာ မှတ်မှတ်ရရ ရှိနေခဲ့မှာပါ...။

No comments:

Post a Comment