သစ်တောသမားတစ်ယောက်ရဲ့ ကိုယ်ပိုင်မှတ်စုလေးပါ၊ ဖတ်မိတာ၊ တွေးမိတာ၊ သဘောကျမိတာလေးတွေ ပြန်လည်ဝေမျှတာပါ...

Feb 14, 2012

ချစ်တတ်ကြသူများ

တခါတလေ သူငယ်ချင်းတွေနဲ့ အချစ်အကြောင်း ပြောကြရင် အမြဲတမ်း အငြင်းပွားရတယ်။ အချစ်ဆိုတာ ဘယ်လို၊ အချစ်စစ်ဆိုတာ ဘာညာ နဲ့ သူတမျိုး ကိုယ်တဖုံ ငြင်းခုန် ကြတော့တာပဲ။ အခုလည်း Valentine’s Day ရောက်လာပြန်တော့ တချို့ စုံတွဲတွေက ကြိုပြီးတော့ ရင်တွေ ဘာတွေ ခုန်ကြ၊ တချို့က မြန်မာနဲ့ Valentine’s Day နဲ့ မဆိုင်ဘူး ဆိုလို့ဆို၊ တချို့က မြန်မာ့ ယဉ်ကျေးမှု မဟုတ်ဘူး ဆိုပြီး လူငယ် စုံတွဲတွေ အတွက် ရင်လေး သူကလေး၊ တချို့က Valentine ကို အကြောင်းပြုပြီး ဈေးကွက် ရှာတဲ့ သူက ရှာကြနဲ့ ပေါ့။ ဘာပဲ ဖြစ်ဖြစ် လူအချင်းချင်း ချစ်နေကြတာ မုန်း နေကြတာ ထက် အများကြီး ကောင်းပါတယ်ဗျာ။ မဟုတ်ဘူးလား။ 
 
တခါတခါ ကျွန်တော်ကို အချစ်ဆိုတာ ဘာလဲ လို့ မေးလာရင် ဆရာစိုင်းခမ်းလိတ် သီချင်းလို “အချစ်ဆိုတာ လှို့ဝှက် ချက် တစ်ခုပါ” လို့ အဓိပ္ပါယ်ဖွင့်ပြီး မဟောသဓ ထုံး နှလုံးမူကာ “လှို့ဝှက်အပ်သည့် အရာကို လှို့ဝှက်ထား လိုက်တာ ကောင်းပါတယ်” ဆိုပြီး ပြန်မဖြေပဲ နေလိုက်တာ များပါတယ်။ တကယ်တော့လည်း အချစ်ဆိုတာ သဘာဝ တရားရဲ့ လိုအပ်ချက်အရ ပေါက်ဖွားလာတာ လို့ ဆိုနိုင်ပါ တယ်။ “လူမှန်ရင်လေ အချစ်နဲ့ မကင်းတာမို့ ” ဆိုတာထက် သက်ရှိမှန်ရင် အချစ်နဲ့ မကင်းပါဘူး။ သက်ရှိမျိုးဆက် တစ်ခု ရေရှည် ရပ်တည် နိုင်ဖို့အတွက် မျိုးဆက်ပြန့်ပွားရေး (Reproductive strategy) က အဓိက ကျပါတယ်။ အဲဒီလို ဆိုပြန်တော့ အချစ်ဆိုတာ မျိုးဆက်ပြန့်ပွားဖို့ တစ်ခုတည်း အတွက်ပဲလား ဆိုတာ မေးစရာရှိလာပါတယ်။ အဲဒီ အချက် တစ်ခုတည်း အတွက်တော့ အချစ် ဆိုတာ ဖြစ်ပေါ်လာတာ မဟုတ်ပါဘူး။ နောက် အရေးပါတဲ့ အချက် တစ်ချက်က တော့ Co-evolution လို့ ခေါ်တဲ့ အတူတကွ ရှင်သန်ဖွံ့ဖြိုးခြင်း အတွက်ပါ။ Co-ecolution အတွက် ဘ၀ လက်တွဲ ဖော် လိုအပ်ပါတယ်။ 

ဘ၀တလျောက် လုံး အတူ လက်တွဲ ရှင်သန် (Co-evolve) ဖြစ်ဖို့ အတွက် အချစ် ရှိဖို့ လိုအပ်တာပေါ့ဗျာ။
အချစ်ဟာ နှလုံးသားက သန္ဓေတည် ဖြစ်ပေါ်လာတာပါ လို့ ဘယ်လိုပဲ ဆိုဆို၊ သဘာဝ သိပ္ပံ အရတော့ သက်ရှိမျိုးစိတ် တစ်ခု အသက်ရှင် ရပ်တည်နိုင်မှု (Survival) နဲ့ ရေရှည် တည်တံ့နိုင်မှု (Sustainability) တို့ အတွက် သဘာဝ တရားက အလိုအလျောက် ဖန်ဆင်းထားတဲ့ လှည့်ကွက် တစ်ခုပဲ ဖြစ်ပါတယ်။  တနည်းအားဖြင့် ဘ၀အတွက် လက်တွဲဖော် ရှိဖို့ အချစ် ဆိုတာ ရှိလာတာပါ။ တခါတခါ ကျွန်တော်တို့ မသိလိုက်ဘဲ ကျွန်တော်တို့ ဦးနှောက်တွေ က အချစ် ကို ထူးခြားဆန်းကျယ်တဲ့ ပဉ္စလက် သဖွယ် အလိုလို အဓိပ္ပါယ် ဖွင့်မိရက်သား ဖြစ်နေတယ် လို့တောင် ခံစားမိပါတယ်။ ခံစားချက် ဆိုတာ ဦးနှောက် ရဲ့ ဟော်မုန်း လှုံဆော် မှုကြောင့် ဆိုရင် အချစ်ရဲ့ အရသာ များ ပျက်သွားမလား စိုးရိမ်မိပါတယ်။  အနှစ်ချုပ်ရရင် အချစ်ဆိုတာ အသက်ရှင်ဖို့ လိုအပ်ချက် တစ်ခု ဖြစ်သလို၊ ကျွန်တော်တို့ လူသားတွေ အတွက် သာမက သက်ရှိတိုင်း သက်ရှိတိုင်း အတွက် လိုအပ်ချက် တစ်ခု ဖြစ်ပါတယ်။ 
 
သဘာဝ သိပ္ပံ (Natural Science) အရ သက်ရှိတွေမှာ ဘ၀တစ်လျောက်လုံး မပြောင်းမလဲ ချစ်တတ်သူများ (Monogamous species) နဲ့ လက်တွဲဖော် အတည်တကျ မထားပဲ အပြောင်းအလဲ နှင့် ချစ်တတ်သူများ (Polygamous species) ဆိုပြီး နှစ်မျိုး ရှိပါတယ်။ ဒီနေရာမှာ လူသားအစ က အာဒံနဲ့ ဧ၀ က စခဲ့တာ မဟုတ်ဘူး လို့ ယုံကြည့်မယ် ဆိုရင် ကမ္ဘာဦး အစမှာ လူတွေဟာ Polygamous ဖြစ်ခဲ့တယ် ဆိုတာ ငြင်းမယ် မထင်ပါဘူး။ အထူးသဖြင့် ခွန်အားကြီးမားတဲ့ အမျိုးသား (Dominant male) တွေမှာ လက်တွဲဖော် တစ်ဦးထက် မက ရှိခဲ့ ကြလို့လဲ “ယောင်္ကျားကောင်း မောင်းမ တစ်ထောင်” ဆိုတဲ့ စကားပုံ ပေါ်ပေါက်လာခဲ့တာပါ။ အဲဒါကို မျက်နှာများတယ် လို ယနေ့ခေတ်မှာ ဖယ်ကျဉ်ကြပေမယ့် တကယ်တော့ သဘာဝရဲ့ လိုအပ်ချက်အရ သက်ရှိမျိုးနွယ်စု တစ်ခု ရှင်သန်ရပ်တည် နိုင်ဖို့၊ ခွန်အားကြီးမားတဲ့ မျိုးကောင်းမျိုးသန့် (Strong offsprings) တွေ ပိုမို လိုအပ်တဲ့ အတွက်ကြောင့် လို့ ကျွန်တော် ဆိုချင်ပါတယ်။ 
 
ဒါပေမယ့် ယနေ့ခေတ်မှာ လူသားမျိုးနွယ် ရပ်တည် ရှင်သန်ဖို့အတွက် ခွန်အားကြီးမား နေစရာ မလိုတော့ပါဘူး။ အဲဒီအတွက်ကြောင့်လည်း ယနေ့ခေတ်မှာ မိဘုရား အပါးတစ်ရာ နဲ့ ရပ်တည်နေတဲ့ ရှင်ဘုရင်တွေလဲ မရှိတော့ပါဘူး။ အချစ်ဟာလည်း Monogamous ဖြစ်မှန်းမသိ ဖြစ်လာပါတယ်။ အချစ်အကြောင်း ပိုမို ဖွဲ့နွဲ့ လာကြတာ၊ အချစ်နဲ့ ပတ်သက်တဲ့ အထိမ်းအမှတ်တွေ ပိုမိုများလာတာ၊ လူသားတွေ ချစ်တတ်လာကြတာတွေဟာ အေးချမ်းတဲ့ လက္ခဏာ ပဲ ဖြစ်ပါတယ်။ အဲဒီ အတွက် အေးချမ်းမှုကို ဖော်ဆောင်တဲ့ ချစ်သူတွေရဲ့  အထိမ်းအမှတ် Valentine’s Day ကို ကြိုဆိုရင်း ကျွန်တော်တို့ လူသားတွေလိုပဲ မပြောင်းမလဲ တစ်သက်တာ မခွဲမခွာ ချစ်တတ်ကြတဲ့ မျိုးသုဉ်းလုနီးပါး ရှားပါး Monogamous တိရစ္ဆာန် လေးတွေနဲ့ မိတ်ဆက်ပေး လိုက်ပါတယ်။
 
Hoolock Gibbon (Hoolock hoolock)
ဘ၀ တသက်တာ မခွဲ မခွာ ချစ်တတ်သူများ ထဲမှာ မျောက်လွှဲကျော် မျိုးစိတ်တစ်ခုဖြစ်တဲ့ Hoolock Gibbon မျိုးစိတ်ဟာ သာဓက ပြစရာ တိရစ္ဆာန် လေးတွေပါ။ သူတို့အတွက်တော့ ဘ၀လက်တွဲဖော် (perfect mate) ဆိုတာ အဓိက အရေးပါဆုံး လို့ ဆိုရမှာပါ။ ဒါပေမယ့် လက်ရှိမှာတော့ သူတို့လေးတွေဟာ မျိုးသုန်းရန် အန္တရာယ် နဲ့ ရင်ဆိုင်နေရတဲ့ ရှားပါးတိရစ္ဆာန် (IUCN – Endangered spp.) ဖြစ်နေကြပါပြီ။ နောင် နှစ်ပေါင်း ၄၀ ဆိုရင် မျိုးစိတ် အားလုံး လုံးဝ ပျောက်ကွယ် သွားနိုင်တဲ့ အနေအထားမှာ ရှိနေပါတယ်။ Valentine’s Day ဟာ အချစ်ကို ကိုယ်စားပြုတယ်၊ အချစ်ကို မြတ်နိုးတဲ့ သူတွေ အတွက် လို့ ဆိုရင် သူတို့လေးတွေ ထာဝရာ ချစ်နိုင်ကြအောင် ၀ိုင်းဝန်း ထိန်းသိမ်း ကြပါစို့လားဗျာ။
image

White-cheeked gibbons (Nomascus leucogenys) Photo: Benjamin Radzun/flickr
Swan Goose (Anser cygnoides)
အချစ်ရဲ့ သင်္ကေတ ငွေငန်းဖြူ လေးတွေရဲ့ ချစ်တတ်ပုံကတော့ အထူးပြောစရာ လိုမယ် မထင်ပါဘူး။ သူတို့ လေးတွေဟာ လည်း တသက်တာ မခွဲ မခွာ ချစ်တတ်ကြတဲ့ Monogamous မျိုးစိတ်ပါပဲ။  ၀မ်း နည်း စရာကတော့ သူတို့ လည်း မျိုးစိတ်ဦးရေ လျော့နည်းလာပြီး (IUCN-Vulnerable) စာရင်းဝင် ဖြစ်လာပါပြီ။ အဓိက ကတော့ ကမ္ဘာကြီး ပူနွေးလာတာနဲ့ အမျှ မြစ်ချောင်း အင်းအိုင်တွေ ခမ်းခြောက် လာတာရယ်၊ လူ့ပရောဂ ကြောင့် သူတို့ ကျက်စားရာ နေရာ (habitat) ပျောက်ဆုံးလာတဲ့ အတွက်ကြောင့် ပဲ ဖြစ်ပါတယ်။ image

Family of Mute Swans (Cygnus olor) Photo: Barry Skeates/flickr
Red Wolf (Canis rufus)

အမွှေးဖွားဖွားနဲ့ ချစ်စရာ ၀ံပုလွေ လေးတွေ ဟာလည်း ချစ်တတ်သူများ ထဲမှာ ပါပါတယ်။ ၀ံပုလွေ တွေဟာ လက်တွဲဖော် အတွက် ချစ်တတ်ရုံသာ မကပါဘူး။ မိသားစု မျိုးဆက် တစ်ခုလုံး စုစည်း နေတတ်ကြတဲ့ (Family oriented) တိရစ္ဆာန် လေးတွေပါ။ ဒါပေမယ့် သဘာဝ အရိုင်း ထဲမှာ သူတို့ကို မတွေ့နိုင်တော့ပါဘူး။  ၀ံပုလွေနီ တွေဟာ ၁၉၈၀ ခုနှစ် ကတည်းက မျိုးဆက်ပျက်သုဉ်း သည့် တိရစ္ဆာန် (Extinct in the wild) စာရင်း ၀င် ဖြစ်နေခဲ့တာပါ။ လက်ရှိမှာတော့ ထိန်းသိမ်း မွေးမြူထားတဲ့ တိရစ္ဆာန် လေးတွေ အဖြစ်သာ မြင်နိုင်တော့မှာပါ။
image

Grey Wolf pair (Canis lupus) Photo: Steve Jurvetson/flickr
French Angelfish (Pomacanthus paru)

အချစ် အတွက် အသက်ပေးကြတဲ့ အထဲမှာ French Angelfish လို့ ခေါ်တဲ့ ငါးနတ်သမီး စုံတွဲ ဟာ လဲ စံတင်လောက်တဲ့ Monogamous မျိုးစိတ် တမျိုးပါပဲ။ သမုဒ္ဒရာ ကြမ်းပြင်မှာ နေပေမယ့် သူ့ချစ်သူ ကို ထိမယ် ဆိုရင် အသက်ပေးပြီး တိုက်ခိုက် တတ်ကြပါတယ်။ ဘ၀တလျောက် စားကျက် နေရာ(Territory) တစ်ခုတည်းမှာ ပဲ ရှင်သန် တက်ကြပြီး Florida ကမ်းခြေကနေ Brazil ပင်လယ် ပြင် အတွင်းမှာ ပဲ တွေ့ရှိနိုင်တာပါ။ သူတို့ ရဲ့ အဓိက အန္တရာယ် ကတော့ ငါးဖမ်း လှေတွေပါတဲ့။ အခုနောက် ပိုင်း လူသားတွေ သမုဒ္ဒရာ ထဲကို ပိုပို တိုးချဲ့ လာကြတာ သူတို့လေးတွေ အတွက် မကောင်း တဲ့ လက္ခဏာ လို့ ဆိုရမှာပေါ့ဗျာ။
image

French Angelfish (Pomacanthus paru)Photo: Barry Peters/flickr

ဘာပဲပြောပြော သင်ဟာ Valentine’s Day ကို သင့်ချစ်သူနဲ့ အတူ ဆင်နွဲမှာ ဖြစ်စေ၊ ကျွန်တော့လို အဝေး တနေရာက နေ သတိတရ ရှိနေသည် ဖြစ်စေ၊ ဒါမှမဟုတ် အတူ ဆင်နွဲဖို့ ဘ၀ကြင်ဖော် ရှာနေဆဲ ဖြစ်စေ အချစ်ကို တန်ဖိုးထား တတ်သူ တစ်ယောက် အနေနဲ့ ချစ်တတ်တဲ့ တိရစ္ဆာန်လေးတွေ ကိုလည်း ချစ်ခင် တန်ဖိုးထားပြီး ထိန်းသိမ်း သွားကြရရင် ချစ်သူတို့ရဲ့ ဘ၀တွေ အတွက် ကြည်နူးစရာ မကောင်းပေဘူးလား ဗျာ။

ရည်ညွှန်း။   ။ International Union for Conservation of Nature (IUCN)

Feb 13, 2012

အဂတိ လိုက်စားမှု အညွှန်းကိန်း (Corruption Perception Index 2011)

တလောက လွှတ်တော်ထဲမှာ လာဘ်ပေး လာဘ်ယူ ပပျောက်ရေး၊ အဂတိ လိုက်စားမှု လျော့ချရေး လစာငွေ တိုးပေးရေ စတဲ့ အသံတွေ စပြီး ကြားလာရပါတယ်။ တကယ်တော့ ကျွန်တော်တို့ နိုင်ငံဟာ သဘာဝ သယံဇာတ အရင်းအမြစ်တွေ ကြွယ်ဝ သလောက် စီးပွားရေးမှာ ချွတ်ခြုံကျနေတာ ဘာ့ကြောင့်လဲ ဆိုရင် ဖြေစရာ မလိုပါဘူး။ အားလုံး သိတဲ့ အတိုင်း အဂတိ လိုက်စားမှု က အဓိက အကြောင်းအရင်းပါပဲ။

အခု ၂၀၁၁ ခုနှစ် အတွက် အဂတိ လိုက်စားမှု အညွှန်းကိန်း (Corruption Perception Index) အစီရင် ခံစာ ထွက်လာပြန်ပါပြီ။ ကျွန်တော်တို့ ဘယ်နေရာမှာ ရှိနေသလဲ။ ဆိုမာလီရာ နဲ့ မြောက်ကိုးရီးယား ပြီးရင် မြန်မာနိုင်ငံဟာ တတိယ အဂတိ လိုက်စားမှု အများဆုံး နိုင်ငံဖြစ်နေတာကို တွေ့ရပါတယ်။

ဒီအစီရင်ခံစာကို Transparency International ဆိုတဲ့ အဖွဲ့ အစည်းက ပြုစုထားတာပါ။ တကယ်တော့ အဂတိ လိုက်စားတယ် ဆိုတာ တိုင်းတာရ ခက်တဲ့ အရာပါ။ အားလုံးက လှို့ဝှက် ဆောင်ရွက်ကြ တာဖြစ်လို့ တကယ့် နှုန်းထားကို တိုင်းတာလို့ ခက်ခဲပါတယ်။ ဒါ့ကြောင့် ပြည်သူတွေရဲ့ အမြင် (perception) ကို ယူပြီး တိုင်းတာရတာပဲ ဖြစ်ပါတယ်။ အရင် အစိုးရအပေါ် ပြည်သူတွေရဲ့ မကောင်း အမြင်ကြောင့်လည်း မြန်မာ က တတိယ အဆင့် ရှိနေတယ် ဆိုတာ လည်း ဖြစ်နိုင်တာပေါ့ဗျာ။

အဂတိ လိုက်စားမှု အနည်းဆုံး နိုင်ငံများ

၁။ နယူးဇီလန် နိုင်ငံ

၂။ ဒိန်းမတ် နိုင်ငံ

၃။ ဖင်လန် နိုင်ငံ

အဂတိ လိုက်စားမှု အများဆုံး နိုင်ငံများ

၁။ ဆိုမာလီ နိုင်ငံ

၂။ မြောက်ကိုးရီးယား နိုင်ငံ

၃။ မြန်မာနိုင်ငံ

၎။ အာဖဂန် နစ္စတန် နိုင်ငံ

 

ဒါကတော့ ကမ္ဘာ့ အဂတိ လိုက်စားမှု နှုန်းပြ မြေပုံပါ။ အနီရောင် ရင့်လေလေ နှုန်း မြင့်လေလေ လို့ ဆိုထားပါတယ်။

image

 

အစီရင်ခံစာမှာ ဖော်ပြထားတဲ့ နိုင်ငံ အလိုက် အဂတိ လိုက်စားမှု စံနှုန်း ဇယားပါ

image

image

image

image

ရည်ညွှန်း။   ။ Transparency International (www.transparency.org)

Feb 12, 2012

Prevention and Protection against Invasive Plant Species

ဘာရယ် မဟုတ်ဘူး၊ သူငယ်ချင်း တစ်ယောက်က ကိုယ်တိုင်ရေး Paper တွေ ဘာတွေ ရှိရင် တင်ပါလား ဆိုတာနဲ့ တင်လိုက်တာပါ။ စာလည်းမကြည့်ချင်လို့။ ပထမ နှစ်တုန်းက မရေးတတ် ရေးတတ် နဲ့ ပထမဆုံး ရေးထားတဲ့ Assignment paper ပါ။ Publication တော့ မဟုတ်ပါဘူး။

Prevention and Protection against Invasive Plant Species

By Pyi Soe Aung ( March 2011)

Introduction

Today, with heavy pressure of world population, it is crucial to maintain our life supporting systems. And conservation of biological diversity is the best way to achieve this, since it underpins a wide range of ecosystem services on which human societies have always depended for food and fresh water, health and recreation, and protection from natural disasters and so on (CBD, 2010). However, major alterations and loss of biodiversity are being experienced due to various reasons. One of the factors that contribute to loss of biodiversity is due to the introduction of invasive species, which could competitively suppress native species populations and alter habitats and ecosystems (Wetzel, 2005). Generally, the impacts of invasive species cost at least US$ 1.4 trillion annually – close to 5% GDP (Pimental et al., 2001; GISP, 2009) and they pose the biggest single threat to food security and human health. Also the Millennium Ecosystem Assessment had classified invasive species along with climate change as the two drivers damaging ecosystem function and human well-being that are the most difficult to reverse (Hassan et al., 2005; Smith et al., 2008). In this regard, it has become crucial important to prevent, protect or ameliorate the introduction of those alien species as well as their impacts towards ecosystem, habitats and species diversity. Early warning system, eradication and control as well as increased awareness and political leadership have become necessarily to be implemented. Also, global, regional and bilateral efforts including standards and guidelines, monitoring and assessment has come to be essential.

Since invasive plant species have a significant effect on the biological and human communities in which they appear, their appearance in both terrestrial and aquatic landscapes is associated with human activities and technology development that affect the environment. Various studies had highlighted that invasive plant species are increasing due to increased global movement of people, trade and transport of biological and agricultural commodities and unusual plant materials (Dekker, 2005). Therefore, it is necessary to analyze the means and routes by which invasive plant species are imported and introduced into new environments. Also various authors had highlighted that prevention or protection of these routes or pathways could be the best way to mitigate or ameliorate the harmful effects by these species (NISC, 2001; Clout and Williams, 2009). However, in reality, application of prevention and protection measures to these pathways or entries of invasive species had experienced various difficulties to achieve, particularly due to the absence of physical or ecological barriers to their movement (Clout and Williams, 2009). Therefore, it is necessary to consider effective management and control of these species other than protection alone, based on their nature and impact behavior to native species and environment.

Historical concerns on invasive species

Various authors and international organization had defined invasive species in different ways (Wittenberg et al., 2001; Inderjit et al., 2005; ISAC, 2006; NISC, 2008). Generally, an invasive species can generally be defined as “an alien species whose introduction does or is likely to cause economic or environmental harm or harm to human health (ISAC, 2006; NISC, 2008).” This definition relates to many types of invasive species such as plants, animals and microorganisms and focuses upon invasive species which are harmful, rather than focusing on non-native species, most of which are not harmful. However, in this case, as highlighted by Invasive Species Advisory Committee (ISAC), plant and animal species under domestication or cultivation and under human control are not invasive species (NISC, 2008). Also according to Global Invasive Species Program (GISP) founded by CABI, IUCN and TNC, invasive alien species are defined as non-native species that threaten, or have the potential to threaten, the environment, health or economic production

The history of plant invasion started since the time of early human immigrants, in which people not only brought language and culture with them, but also plants and animals that are familiar and useful to their cultures (Inderjit et al., 2005). Historically, concerns over the potential impacts of invasive species began in the late 18th century, notably John Bartram, an 18th century botanist, who noticed that some introduced plants negatively affected the environment and some were extremely difficult to control (Mack RN, 2003; Inderjit et al., 2005). For many decades, since the era of Charles Darwin (1809-1882) through Charles Elton (1900-1991), scientists had explicitly been studying to understand the process and dynamics of invasions and also trying to develop theories and approaches in order to predict and prevent invasion by harmful invasive plant species (Inderjit et al., 2005). And also various international conventions and organizations, such as CBD, IUCN, NISC, GISP, had also been trying to propose legal instruments and frameworks so as to support and underpin practical management and protection of these species. However, up to present days, invasive species are still invading and threatening to our biodiversity and human life supporting systems (Clout and Williams, 2009).

Feb 8, 2012

What is REDD : A guide for Indigenous communities

ကျွန်တော်လည်း ဘလော့ မရေးဖြစ်တာ ကြာပြီ။ စိတ်မပါတာရော မအားတာရော အတွက် ကြောင့် မရေးဖြစ်တာပါ။ ဒီနေ့ သူငယ်ချင်း တစ်ယောက်နဲ့ REDD အကြောင်း ဆွေးနွေးဖြစ်ရင်းက စာအုပ်လေး တစ်အုပ်ကို ဖတ်ကြည့်ရင်း သဘောကျလို့ တင်ဖို့ စိတ်ကူးရသွားတာပါ။

လက်ရှိ ကမ္ဘာ့ သစ်တော အုပ်ချုပ်မှု လမ်းကြောင်းက Green Economy ဆိုတဲ့ ပတ်ဝန်းကျင် ထိခိုက်မှု မရှိတဲ့  စီးပွားရေး စနစ် ကို ဦးတည် သွားနေတာပါ။ ရာသီဥတု ပြောင်းလဲမှု လျော့ချရေး အတွက် ကျွန်တော်တို့ မြန်မာ နိုင်ငံ အပါအ၀င် ကမ္ဘာ့ နိုင်ငံ အသီးသီး က အင်တိုက် အားတိုက် ဆောင်ရွက်နေကြတယ်လို့ ဆိုပါတယ်။ အဲဒီလို Green Economy ကို ဦးတည် ဖော်ဆောင်ကြတဲ့ အခါ သစ်တော ကဏ္ဍအနေနဲ့ ကလည်း သစ်တောပြုန်းတီးမှု ကတဆင့် ထွက်ပေါ်လာနိုင်တဲ့ ဖန်လုံအိမ် ဓါတ်ငွေ့ (Green House Gases) လျော့ချရေး အစီအစဉ် (Reducing Emission from Deforestation and Forest Degradation- REDD) ဆို တဲ့ အစီအမံတွေ အင်တိုက် အားတိုက် အကောင် အထည်ဖော် ဆောင်ရွက်လာကြပါတယ်။

REDD programme တွေကို အဓိက ဦးဆောင်တာကတော့ ဖန်လုံအိမ် ဓါတ်ငွေ့ တွေ အဓိက ထုတ်လွှတ်နေတဲ့ အင်အားကြီး နိုင်ငံကြီး တွေပါ။ သူတို့ ပေးတဲ့ ထောက်ပံ့ငွေကြေး ကလည်း မတန်တဆ များပါတယ်။ သစ်တော ပိုင်ရှင်အနေနဲ့ လည်း မိမိတို့ သစ်တော ကို မခုတ်ဘဲ ထားရုံနဲ့ ပိုက်ဆံ ရနေမဲ့ အစီအစဉ်လေ။ ဒီထက်ကောင်း တာ ဘာရှိအုံးမှာလဲ။ နှစ်ဦးနှစ်ဘက် အဆင်ပြေ နေတာပေါ့။ REDD programme အကြောင်း အကြမ်းဖျင်း သိချင်ရင် ဒီအောက် က စာအုပ် ကို ဖတ်ကြည့်ပါ။ အလွယ်တကူ နားလည်အောင် ရေးထားကြပါတယ်။

image

(ဒီလင့်မှာ ဒေါင်း လုပ် ကြည့်ပါ။)

REDD က ရမည့် ပိုက်ဆံ တွေ က မစားရ ၀ခမန်း ဖြစ်နေပေမဲ့ ဘယ်သူတွေ အကျိုးရှိမှာလဲ ဆိုတာ အဓိက မေးစရာပါ။ လက်ရှိ ကျွန်တော်တို့ နိုင်ငံလို ဖွံ့ဖြိုးဆဲ နိုင်ငံတွေမှာ ပုဂ္ဂလိက ပိုင် သစ်တော ဆိုတာ ရှားပါတယ်။ သစ်တော ကို အစိုးရက တိုက်ရိုက် စီမံ အုပ်ချုပ်နေတာပါ။ အဲဒီတော့ အစိုးရ အနေနဲ့ ဘဏ္ဍာငွေ အလကား ရ မှာ ဖြစ်တဲ့ အတွက် REDD ကို စိတ်ဝင်စားပါတယ်။ လက်ရှိ သစ်ထုတ်နေတာကို ရပ်လိုက်ရုံနဲ့ ပိုက်ဆံ ရမှာ ဆိုပေမယ့် တကယ့် တကယ် သစ်တောတွေအပေါ် မှီခိုနေတာက ကျေးလက်နေ ပြည်သူတွေပါ။ မြန်မာနိုင်ငံမှာ စုစုပေါင်း လူဦးရေ ရဲ့ ၇၀ ရာခိုင်နှုန်းကျော်က ကျေးလက်နေ ပြည်သူလူထု ပါ။ သူတို့ အနေနဲ့က နီးစပ်ရာ သစ်တော တွေ အပေါ် မှီခို ရှင်သန်နေ ကြရတာပါ။ REDD ပရောဂျက် တွေ အရ တောနေ လူထု က သစ်တော တွေ အပေါ် မှီခို ခွင့် မရှိတော့ပါဘူး။ အဲဒီ အတွက် အစိုးရကရော ဘယ်လို တာဝန်ယူပေးမှာလဲ ဆိုတာ မေးစရာ မေးခွန်းပါ။

နောက် တစ်ခု က လက်ရှိ သစ်တော ဌာနရဲ့ စွမ်းဆောင်ရည် (Institutional Capacity) ပါ။ မိမိတို့ သစ်တော တွေကို လုံးဝ မထိပဲ တစ်ဘက်ကလည်း ကျေးလက်နေ လူထုရဲ့ စားဝတ်နေရေး ပြေလည်အောင် ထောက်ပံ့ ပေးဖို့ စီမံချက် ချမှတ်ပြီး အကောင်အထည် ဖော်နိုင်မှာလား။ REDD က ရလာမည့် အကျိုးကျေးဇူးကို ရော ပြည်သူတွေ အတွက် ထိထိ ရောက်ရောက် ခွဲဝေ ပေးနိုင်မှာလား။ တရားမ၀င် သစ်ထုတ်နေတာကိုရော လုံးဝ ပပျောက်သွားအောင် တိုက်ဖျက် နိုင်ပြီလား။ ဌာနတွင်း ခြစားမှုတွေ ကို ရော ထိထိရောက်ရောက် အရေး ယူနိုင်မှာလား…….။

image

နောက်တစ်ခုက ရာသီဥတု ပြောင်းလဲမှု လျော့ချရေး အပိုင်းပါ။ ဖန်လုံအိမ် အာနိသင် ဓါတ်ငွေ့တွေ အဓိက ထုတ်လွတ် နေတဲ့ လုပ်ငန်းရှင်တွေ အနေနဲ့ ကလဲ ဒီထောက်ပံ့ပေးရတဲ့ ငွေပမာဏဟာ လုပ်ငန်းက ရရှိလာမည့် အကျိုးအမြတ် နဲ့ ယှဉ်ရင် အသေးအဖွဲပါ။ ပြီးတော့ လက်ရှိ ရာသီဥတု ပြောင်းလဲမှုတွေ တစ်နှစ်ထက် တစ်နှစ် ဆိုးရွားလာ တဲ့ ကြားက REDD programme ကို အကောင်အထည် ဖော်မည် ဆိုရင် သူတို့အနေနဲ့ တရားဝင် ပတ်ဝန်း ကျင် ညစ်ညမ်းခွင့် ရရှိသွားသလို ဖြစ်လာမှာပါ။ ရှိပြီးသား ဖန်လုံအိမ် ဓါတ်ငွေ့ ပမာဏ အပြင် ထပ်ပြီး ထုတ်လွှတ်ဖို့ လိပ်ပြာ လုံကြတော့မှာပါ။

တဖက်က သစ်တော ကနေ ပြန်စုပ်ယူမဲ့ ကာဗွန်ကလည်း အရမ်းကို Vulnerable ဖြစ်ပါတယ်။ သစ်တော ဆိုတာ အချိန်မရွေး နေ့ချင်းညချင်း ပြုန်းတီးနိုင်ပါတယ်။ မီးလောင်တာပဲ ဖြစ်ဖြစ်၊ နိုင်ငံရေး အရှုပ်အထွေးကြောင့်ပဲ ဖြစ်ဖြစ်၊ တရားမ၀င် သစ်ထုတ်တာကြောင့်ပဲ ဖြစ်ဖြစ် ချက်ချင်း ဆိုသလို ပြောင်သွား နိုင်ပါတယ်။ ကျွန်တော် ကပဲ အဆိုး မြင်နေတာ လဲ ဖြစ်နိုင်ပါတယ်။ မေးခွန်းတွေ ကတော့ အများကြီးပါ။ ကျွန်တော့ အနေနဲ့တော့ မြန်မာနိုင်ငံဟာ REDD ကို လက်ခံ ဖို့ အဆင်သင့် မဖြစ် သေးဘူး လို့ ထင်ပါတယ်။ အဓိက ကတော့ ကျေးလက်နေ ပြည်သူတွေရဲ့ အခွင့်အရေး ကို ဘယ်လို ကာကွယ် နိုင်မလဲ ဆိုတာ ပါဘဲ။

image

(ဒီလင့်မှာ ဒေါင်း လုပ် ကြည့်ပါ။)

ဒါပေမယ့် ဘာပဲ ဖြစ်ဖြစ် REDD ကို အကောင်အထည် ဖော်မယ် ဆိုရင်တော့ ဒေသခံတွေ ရဲ့ အခွင့်အရေးက ပထမ ဦးစားပေး စဉ်းစားရမယ့် အချက်ပါ။ ဘယ်လို အခွင့်အရေးတွေ ရှိသင့်သလဲ ၊ တောင်းဆိုသင့် သလဲ ဆိုတာကို တော့ အပေါ်က စာအုပ်ထဲမှာ ပြည့်ပြည့် စုံစုံ ဖော်ပြထားပါတယ်။ အချိန်ရရင် ဖြစ်ဖြစ် စိတ်ဝင်စားရင် ဖြစ်ဖြစ် ဖတ်ကြည့်လို့ ရပါတယ်။ ဒါပေမယ့် တကယ်ဖတ်သင့်တဲ့ ဒေသခံ ပြည်သူတွေကတော့ ဒီစာအုပ်ကို ဖတ်တတ်မှာ ဖတ်ချိန်ရမှာ ဟုတ် မဟုတ် ဆိုတာတော့ မေးစရာပဲပေါ့ဗျာ။ အဖြေဆိုတာလဲ သိပြီးသားပဲ ဖြစ်မှာဆိုတော့ ဒီအတိုင်းပဲ ထားလိုက်တာ ကောင်းမယ်လို့ ထင်ပါတယ်ဗျာ။

Dec 11, 2011

အပစ်ပယ်ခံ ဘေးမဲ့တောများ

ဘေးမဲ့တော ဟူသည့် စကားလုံးကို တော်တော်များများ ကြားဘူးကြပေလိမ့်မည်။ ရွှေစက်တော် ဘေးမဲ့တော၊ ကျိုက်ထီးရိုး ဘေးမဲ့တော၊ အင်းလေးကန် ဘေးမဲ့တော၊ မိန်းမလှကျွန်း ဘေးမဲ့တော စသည်ဖြင့် ဘုရားဖူးရန် တနည်း၊ အပန်းဖြေ ခရီး တစ်ဖုံ တော်တော်များများ ရောက်ဘူးကြပေလိမ့်မည်။ သို့သော် ဘေးမဲ့တော တစ်ခု၏ တန်ဖိုး၊ ဘေးမဲ့တော တစ်ခု၏ အရေးပါပုံကိုတော့ လစ်လျူရှုမိကောင်း လစ်လျူရှုမိကြပေလိမ့်မည်။ ဘေးမဲ့တော ဟု ဆိုမိလျှင် တောရိုင်းတိရစ္ဆာန်များ ဘေးမဲ့ပေးရာ နေရာဒေသ တစ်ခုအဖြစ် မှတ်ယူကြပေလိမ့်မည်။ အမှန်တော့ ဘေးမဲ့တော တွေဟာ ကမ္ဘာ့နိုင်ငံ အသီးသီးမှာရော မြန်မာနိုင်ငံမှာပါ တောရိုင်းတိရိစ္ဆာန်ထိန်းသိမ်းရေးသာမက သဘာဝ ၀န်းကျင်နှင့် ဇီဝမျိုးစုံမျိုးကွဲ ထိန်းသိမ်းခြင်းဆိုင်ရာ တစ်ခုတည်းသော အထိရောက်ဆုံး နည်းလမ်းပင် ဖြစ်သည်။

ဘေးမဲ့တော (သို့မဟုတ်) အမဲလိုက်တော

မြန်မာနိုင်ငံတွင် ဘေးမဲ့တော ဆိုသည့် စကားလုံးမှာ ရှေးဘုရင်များ လက်ထက်က ဘာသာရေး ယုံကြည်ချက်ကြောင့် တောရိုင်းတိရစ္ဆာန်များ ဘေးမဲ့စေလွှတ်နိုင်စေရန် ဧရိယာ တစ်ခု သတ်မှတ်ထားရှိရာမှ စတင်လာခဲ့ခြင်း ဖြစ်သည်။ မှတ်တမ်းမှတ်ရာ များအရ ပထမဆုံး ဘေးမဲ့တော မှာ မင်းတုန်းမင်း လက်ထက်က သတ်မှတ် တည်ထောင်ခဲ့သည့် ရတနာပုံ ဘေးမဲ့တော (ယခု ရတနာပုံ တိရစ္ဆာန်ဥယာဉ်) ဖြစ်သည်။ လူဦးရေ တိုးပွားလာ သည်နှင့်အတူ ကိုလိုနီ စနစ်လက်အောက်သို့ ရောက်ရှိလာခဲ့ရာမှ ထိုဘေးမဲ့တော မှာ ပျက်စီးခဲ့ရခြင်း ဖြစ်သည်။ ထို့နောက် အင်္ဂလိပ် အစိုးရလက်ထက်သို့ ရောက်သောအခါ အင်္ဂလိပ် အရာရှိများ အမဲလိုက်ရာတွင် အဆင်ပြေမှု ရှိစေရန်အတွက် ဘေးမဲ့တော များကို ပြန်လည် တည်ထောင်ခဲ့ကြသည်။

အင်္ဂလိပ်ခေတ် လက်ထက် ပထမဆုံး တည်ထောင်ခဲ့သည့် တောရိုင်းတိရစ္ဆာန် ဘေးမဲ့တောမှာ ကချင်ပြည်နယ် မြစ်ကြီးနားမြို့အနီးမှာ တည်ရှိသည့် ပိတောင် ဘေးမဲ့တော ဖြစ်သည်။ ဒေသခံ မုဆိုးများ အမဲလိုက်ရာမှ မြန်မာ့ ကြံ့မျိုးစိတ်များ လျော့နည်းပြုန်းတီး လာခဲ့သဖြင့် အမဲလိုက်ရန် ကြံ့များ ကျန်ရှိရာ ပိတောင် ဒေသကို အင်္ဂလိပ် အစိုးရက အမဲလိုက်ရန် ထိန်းသိမ်းထားသည့် ဧရိယာ (Game Sanctuary) (မြန်မာအခေါ် ဘေးမဲ့တော) အဖြစ် တည်ထောင်ခဲ့ခြင်း ဖြစ်သည်။ တစ်ဆက်တစ်စပ်တည်း အခြား ကြံ များ ကျက်စားရာ ဒေသ တစ်ခုဖြစ်သည့် မိုးမိတ်မြို့နယ်နှင့် သပိတ်ကျင်း မြို့နယ် အနီးရှိ ရွှေဥဒေါင်း ဘေးမဲ့တော ကို လည်း အမဲလိုက်ရာ ဒေသအဖြစ် သတ်မှတ် တည်ထောင်ခဲ့သည်။ တည်ထောင်ခဲ့သည့် ခုနှစ်မှာ ၁၉၁၈ ခုနှစ် က ဖြစ်သည်။

Red Penda @Khaka

ထို့နောက် ဆယ်စုနှစ် တစ်ခုအကြာမှ စပြီး ဂျပန်ခေတ် မရောက်ခင် အချိန်အထိ အမဲလိုက်တော များ ဆက်လက် တည်ထောင် ခဲ့သည်။ ငှက်ပစ်ရန် တောင်ကြီး ငှက်ဘေးမဲ့တော၊ ပြင်ဦးလွင် ငှက် ဘေးမဲ့တော့ နှင့် ၀က်သည်းကန် ငှက်ဘေးမဲ့တော တို့ကို တည်ထောင်ခဲ့သည်။ တဆက်တစ်စပ်တည်း မြန်မာ့ ရွှေသမင် များ ကျက်စားရာ ချပ်သင်းဘေးမဲ့တော၊ ရွှေစက်တော် ဘေးမဲ့တော တို့ကိုလည်း အမဲလိုက်ရန် အလို့ငှာ တည်ထောင်ခဲ့ကြသည်။ ထို အမဲလိုက်တော များကို စီမံအုပ်ချုပ်ရန် အမဲဝန်၊ အမဲအုပ် စသည်ဖြင့်လည်း ရာထူးများ ခန့်အပ် ပေးထားခဲ့သည်။ အမဲလိုက်ရာတွင် လည်း စနစ်တကျ ထိန်းချုပ်နိုင်ရန် အမဲလိုက် လိုင်စင်များ ကို ထုတ်ပေး ထားခဲ့သည်။

လွတ်လပ်ပြီးခေတ် ဘေးမဲ့တောများ

လွတ်လပ်ပြီးခေတ် တွင် ဘေးမဲ့တောများ ကို မေ့ပစ်ထားခဲ့သည်။ အိမ်စောင့် အစိုးရ လက်ထက်သို့ ရောက်သော အခါမှ ဘေးမဲ့တောများ တဖန် အသက်ပြန်ဝင်လာခဲ့သည်။ ဘေးမဲ့တောများကို အမဲလိုက်ရန် အတွက် မဟုတ်တော့ပဲ တောရိုင်းတိရစ္ဆာန် ထိန်းသိမ်းကာကွယ် ရန်အတွက် အဓိကထား အုပ်ချုပ်လာခဲ့သည်။ တဆက်တည်းမှာပင် ဘေးမဲ့တော အသစ် ၁၂ ခု ဆက်လက်တည်ထောင်ရန် အဆိုပြုထားခဲ့သည်။ သို့သော် ဖြစ်ပေါ်နေသည့် နိုင်ငံရေးနှင့် အုပ်ချုပ်ရေး မငြိမ်သက်မှု တို့ကြောင့် လွတ်လပ်ပြီး ခေတ် တစ်လျောက်လုံး ၁၉၈၀ ခုနှစ် အထိ ဘေးမဲ့တော အသစ် သုံးခု သာ ဆက်လက်တည်ထောင် နိုင်ခဲ့သည်။ ယင်းတို့မှာ ဧရာဝတီ တိုင်းရှိ သမီးလှကျွန်း ဘေးမဲ့တော၊ ဟုမ္မလင်း မြို့နယ်ရှိ ထမံသီ ဘေးမဲ့တောနှင့် စစ်ကိုင်းမြို့အနီး ရှိ မင်းဝံတောင် ဘေးမဲ့တော တို့ ဖြစ်သည်။

clip_image002[6]

၁၉၈၀ နောက်ပိုင်းတွင် ဘေးမဲ့တော များ၏ အခန်းကဏ္ဍ ပိုမို ဖွံ့ဖြိုး လာခဲ့သည်။ မြန်မာနိုင်ငံတွင် သာမက ကမ္ဘာ့နိုင်ငံ အသီးသီးမှာပင် ဘေးမဲ့တောများ၏ အရေးပါပုံကို အထူး ဂရုပြုမိလာကြသည်။ တောရိုင်းတိရစ္ဆာန် ထိန်းသိမ်းရုံသာ မက သဘာဝ ၀န်းကျင်နှင့် ဇီဝ မျိုးစုံမျိုးကွဲများ၊ ယဉ်ကျေးမှု အမွေအနှစ်များ ထိန်းသိမ်းကာကွယ် ရေးအတွက်ပါ ဘေးမဲ့တောများကို တည်ထောင် အသုံးပြုလာကြသည်။ ဘေးမဲ့တော များကို လည်း အမည်အမျိုးမျိုး မှည့်ခေါ်လာကြ သည်။ ဘေးမဲ့တော၊ သဘာဝနယ်မြေ၊ အမျိုးသား ဥယျာဉ် စသည့်ဖြင့် အမည်မျိုးစုံ အသုံးပြု သတ်မှတ်လာကြသည်။ ထိုအမည်များ အားလုံးကို စုပေါင်းပြီး သဘာဝ ထိန်းသိမ်းရေးနယ်မြေ (Protected Areas) ဟု ခြုံငုံကာ ထိန်းသိမ်းရေး အစီအမံများ ချမှတ်ဆောင်ရွက် လာခဲ့ကြသည်။

ကုလသမဂ္ဂ ဖွံ့ဖြိုးမှု အစီအစဉ် (UNDP) ၏ အထောက် အပံ့ဖြင့် ဘေးမဲ့တောများကို စနစ်တကျ စံချိန်စံညွှန်းများနှင့် အညီ သတ်မှတ် ဖွဲ့စည်း လာခဲ့ကြသည်။ သဘာဝ ထိန်းသိမ်းရေး နယ်မြေများတွင် နိုင်ငံအဆင့် အရေးပါဆုံး ဒေသများဖြစ်သည့် အလောင်းတော် ကသပ အမျိုးသား ဥယျာဉ် (၁၉၈၉)၊ ပုပ္ပါးတောင် ဥယျာဉ် (၁၉၈၉)၊ လန်ပိကျွန်း အဏ္ဏ၀ါ အမျိုးသားဥယျာဉ် (၁၉၉၆)၊ ခါကာဘိုရာဇီ အမျိုးသား ဥယျာဉ် (၁၉၉၈)၊ နတ်မတောင် အမျိုးသားဥယျာဉ် (၂၀၁၀) ခုနှစ် စသည်ဖြင့် အသီးသီး ဖွဲ့စည်းနိုင်ခဲ့ သည်။ ၂၀၁၁ ခုနှစ် အထိ မြန်မာနိုင်ငံတွင် သဘာဝ ထိန်းသိမ်းရေး နယ်မြေ စုစုပေါင်း (၄၃) ခု သတ်မှတ် ပြဌာန်း နိုင်ခဲ့သည်။

သဘာဝ ၀န်းကျင် ထိန်းသိမ်းရေးနှင့် ဘေးမဲ့တောများ

မြန်မာနိုင်ငံတွင် သစ်တောကြိုးဝိုင်း အမြောက်အများ ဖွဲ့စည်း တည်ထောင် အုပ်ချုပ်လျက်ရှိသည်။ သို့သော် သစ်တော ကြိုးဝိုင်းများ မှာ သစ်ထုတ်ရန် အတွက်သာ ရည်ရွယ်အုပ်ချုပ်ခြင်း ဖြစ်ပြီး သဘာဝ ၀န်းကျင် ထိန်းသိမ်းရေး ကို အပြည့်အ၀ မဖြည့်ဆီးနိုင်ပေ။ သစ်တောကြိုးဝိုင်းများ ဖြည့်ဆီး မပေးနိုင်သည့် တာဝန်ကို ဘေးမဲ့တောများက လွဲပြောင်း ယူထားရသည်။

ဆင်၊ ကျား၊ ကျားသစ်နှင့် အခြား မျိုးသုဉ်းလုနီးပါး တောရိုင်းတိရစ္ဆာန်များအတွက် လုံခြုံမှု ပေးစွမ်းရာ အိမ်ဂေဟာများ အဖြစ် တာဝန်ယူထားသည်။ သစ်ခွနှင့် အခြား ရှားပါး အပင်မျိုးစိတ်များကို ထိန်းသိမ်းပေး ထားသည်။ ဌာနေ ငှက်များနှင့် ရွှေ့ပြောင်းရေပျော် ငှက်ကလေးများ တို့အတွက် အသိုက်အမြုံ သဖွယ် စောင့်ရှောက် ထားသည်။ မြစ်ချောင်း အင်းအိုင်များ အတွက် သန့်စင်သည့် ရေ အရင်းအမြစ်များ ထိန်းသိမ်း ဖြည့်စည်းပေး ထားသည်။

လူတို့ အပန်းဖြေ နားနေနိုင်ရန် သဘာဝ ရှုခင်းများကို ကာကွယ်ပေးထားသည်။ သန့်ရှင်းသည့် လေ ကို ရှုရှိုက်ခွင့် ရစေရန် ဖန်တီးပေးထားသည်။ နာဂစ် မုန်တိုင်း ကဲ့သို့သော သဘာဝ ဘေးအန္တရယ်များမှ လည်း ကာကွယ် ပေးထား သည်။ နောက်ဆုံး ဘေးမဲ့တောများ အနီးရှိ ဒေသခံများ၏ စားဝတ်နေရေး ပြသနာ များကို လည်း တဖက်တလမ်းက ဖြည့်စည်းပေးထားလျက် ရှိပေသည်။

အပစ်ပယ်ခံ ဘေးမဲ့တောများ

ဘေးမဲ့တောများ က ကျွန်ုပ်တို့ အတွက် အကျိုးကျေးဇူးများစွာ ထောက်ပံ့ပေးထား သော်လည်း ကျွန်ုပ်တို့ တတွေ ဘေးမဲ့တောများကို လစ်လျူ ရှု ထားကြသည်။ အပန်းဖြေ နားနေစရာ ဒေသ တစ်ခု အဖြစ်သာ သတ်မှတ် ထားကြ သည်။ ဘုရားဖူး သွားရာ ဒေသ အဖြစ်သာ သိမှတ် ထားကြသည်။ ဘေးမဲ့တောများ၏ အခန်း ကဏ္ဍ ကို အလေးမထား၊ ဘေးမဲ့တောများကို ဖျက်လိုဖျက်ဆီး ပင် လုပ်တတ်ကြသေးသည်။ ဘေးမဲ့တောများ အတွက် ပြည်သူများ ၏ အသံ မှာ တိုးတိမ် လွန်းလှသည်။ အမှုမဲ့ အမှတ်မဲ့ ဖြင့် မသိကျိုးကျွန် လုပ်တတ် ကြသေးသည်။

သို့ရာတွင် ကျွန်ုပ်တို့ မေ့ထား၍ မရသည့် အရာများစွာ ရှိနေသေးသည်။ ဧရာဝတီ မြစ်၏ အသက်သွေးကြောမှာ ခါကာဘိုရာဇီ ဖြစ်သည်။ ချင်းတွင်းမြစ်၏ အသက်သွေးကြောမှာ ဟူးကောင်းဘေးမဲ့တောနှင့် ထမံသီ ဘေးမဲ့တော ဖြစ်သည်။ ချင်းလူမျိုးတို့၏ ၀ိညာဉ်မှာ နတ်မတောင် ဖြစ်သည်။ အင်းသူအင်းသား များ၏ အသက်အိုးအိမ်မှာ အင်းလေး ကန် ဖြစ်သည်။ အပူပိုင်းဒေသ၏ အိုအေစစ်မှာ ပုပ္ပါးတောင် ဖြစ်သည်။

ဧရာဝတီတိုင်း၏ အကာအကွယ်မှာ မိန်းမလှကျွန်း ဖြစ်သလို ဆလုံလူမျိုးများ၏ ၀ိညာဉ်မှာ လည်း လန်ပိကျွန်း ပင် ဖြစ်နေပေသည်။ ကျွန်ုပ်တို့ အတွက်သာ မဟုတ် တောဘုရင် ဆင်နှင့် ကျားများ၊ ဂျီ၊ သမင်လေးများ၊ လိပ်ကလေးများ၊ ရှားပါး မိကျောင်းများနှင့် ရေပျော် ငှက်ကလေးများ အတွက် နောက်ဆုံး ခိုလှံရာ နေရာဌာန လေးများပင် ဖြစ်သည်။

အပစ်ပယ်ခံ ဘေးမဲ့တော လေးများကို ကျွန်ုပ်တို့  အလေးမထားချင် နေပါ၊ မတိုးတက်ချင် မတိုးတက်ပါ စေနှင့်၊ ခဏတာ လည်ပတ်တုန်း ညစ်ညမ်း မသွားစေရုံနှင့် သူတို့ ကမ္ဘာလေး ပျက်သုန်း ပျောက်ကွယ် မသွားအောင် ဖျက်ဆီး ခြေမှုန်း မပစ် လျင်ပင် ကျွန်ုပ်တို့ကို ကျေးဇူးတင်နေမှာ မလွဲ ဧကန်ပင် ။       ။

image

Dec 9, 2011

လွတ်လပ်စွာ ရှင်သန်ခွင့်

ဒီနေ့ တစ်နေ့လုံး စိတ်လက်မကြည်သာပါ။ နေ့လည်စာ စားချိန်မှာ အိပ်ယာက ထမိသော်လည်း အိပ်ရေးက လုံးဝ မ၀။ ဆက်အိပ်ချင် နေပေမယ့်လည်း အစာအိမ်က ခွင့်မပြုတော့ လူးလဲ ထရသည်။ ပေါင်မုန့်က မရှိ၊ အချိုရည်ကလည်း ကုန်နေပြီ။ အရင်နေ့က မဆေးဘဲ ထားခဲ့တဲ့ အပြစ်ကြောင့် ထမင်းအိုးကလည်း ချက်ခြင်း ဆေးလို့မရ။ ခဏ ရေစိမ် ရသေးသည်။ အစာအိမ်ကို ခဏ နှစ်သိမ့်ထားဖို့ ကော်ဖီ တစ်ခွက်ဖျော်ပြီး ရေခဲသေတ္တာထဲက အေးစက်စက် ငှက်ပျော်သီး တစ်လုံးကို ကြိတ်မှိတ်ဝါးလိုက်ရသည်။ ချိုချိုအီအီ အေးတိအေးစက်။ စားရင်းစားရင်း အတွေးက ၀င်လာ သည်။ ဒါ ငှက်ပျောသီးမှ ဟုတ်ပါရဲ့ လား။

အဖေ့ရဲ့ ငှက်ပျောပင်

ငယ်ငယ်က ငှက်ပျောသီး ကို အရမ်းကြိုက်ခဲ့သည်။ ရခိုင်သီး ချိုချိုမွှေးမွှေး။ ဘုရားပွဲကျ ဆိုလျှင် စိတ်ကို ထိန်းလို့ မရတော့။ ခြံစိုက် ၀ါသနာပါသည့် အဖေ က အိမ်ဘေးက မြေကွက်လပ်မှာ ငှက်ပျောပင်တွေ စိုက်ထားခဲ့သည်။ ငယ်ငယ်က ကျွန်တော် အဖေ့ ကို သိပ်နားမလည်ခဲ့ မိတာ အမှန်ပင်။ အဖေက တစ်ခုခု ဆို ကောင်းတာမှ ကြိုက်သည်။ တောခြုံအုံကြားမှာ ကြီးပျင်းလာရတဲ့ အဖေ အတွေးအခေါ် က အဆင့်အတန်း မြင့်ချင်သည်။ ဘာမဆို မကောင်းတာ မကြိုက်။ အကြံကြီးကြီး မှ ကြံတတ်သည်။ အဲဒါကြောင့်လည်း အမေနှင့် ခဏ ခဏ ရန်ဖြစ်ရသည်။ အမေ က စီးပွားရေး အရမ်းလုပ်ချင်သည်။ အမြတ်ရလျင် ပြီးရော။ အဖေကတော့ အဲလို မဟုတ်။ လူနေခြုံကြား စိတ်နေ ဘုံဖျား ဆိုသည့် စကားကို ပါးစပ်က မချ။ သူဌေးမှ မဖြစ်နိုင်လျင် မလုပ် ဟု အမြဲကပ်သတ် တတ်သည်။ မော်တော်ဆိုင်ကယ် ကို လေတိုး၍ မစီးချင် ဟု ဆိုကာ မ၀ယ်ချင်သူ။ လက်တွေ့မှာ မော်တော်ကားလည်း မ၀ယ်နိုင်တော့ လမ်းပဲ လျောက်မည် ဟု အမြဲတမ်း ခေါင်းမာနေတတ်သူ။ အဲဒီတော့ ငှက်ပျောပင် စိုက်တော့ သာမန် ငှက်ပျောမျိုးကို မစိုက်။ နိုင်ငံခြားမျိုးဟု သူ့ရုံးက သုတေသန စိုက်ကွက်က ရသည့် ခပ်ထွားထွား သီးမွှေး စပ်မျိုးကို စိုက်သည်။ ငှက်ပျောခိုင် ရင့်လာလျင် ပတ်ဝန်းကျင်က အိမ်များတွင်ပါ မွှေးနေတော့သည်။

image image
   

သို့သော် အဖေ့ ငှက်ပျောပင်တွေကို ကျွန်တော် မကြိုက်။ တစ်ခုခု ဆို ကန့်လန့် တိုက်တတ်သည့် ကျွန်တော်က အဖေ မသိတုန်း ငှက်ပျောပင်တွေ ခုတ်သည်။ နောက်ရက်မှာ ကျွန်တော်ကြိုက်တဲ့ ရခိုင် ငှက်ပျောသီး ပင်ကို စိုက်သည်။ သားကို အရမ်းချစ်သည့် အဖေက အဲဒီအတွက် ဘာမှတော့ မပြော။ သို့သော် “မင်းတို့ သားအမိ က တော့ ခပ်တုန်းတုန်းပါကွာ” ဆိုသည့် အကြည့်နှင့် တော့ ကျွန်တော့ ကို ကြည့်သည်။ ကျွန်တော်တို့ မိသားစု စကားနှင့် ပြောရရင် ပြုံးပြုံးလေး ကြည့်နေလိုက်တယ် ဆိုရမည်ပင်။

အဖေ့ ကို ဆန့်ကျင်နိုင်ခဲ့သည့် ကျွန်တော် အခုတော့ အဖေ သဘောကျသည့် ငှက်ပျောမျိုးတွေ ကို စားနေရသည်။ အဖေ့ ကို ခေါ်ပြချင်သည်။ အဖေ သဘောကျ သည့် ငှက်ပျောမျိုးတွေ ဒီက စူပါမားကတ်တွေမှာ ပုံနေတယ် လို့။ တံဆိပ်အမျိုးမျိုး၊ ကုပ္မဏီ အမျိုးမျိုး က ထုတ်ထားသည်။ တစ်လုံးချင်းမှာ Trade Mark တွေပါ ပါသည်။ ငှက်ပျော သီးသာမဟုတ် စားချင်သည့် အသီး အကုန်ရသည်။ စနေနေ့ ညနေဆိုလျင် လျော့ဈေးနှင့် တပုံ တပင်။ ၀ယ်သူမရှိ လျင် ဖျော်ရည် လုပ်ပစ်ကြသည်။ ဒါတွေကို မြင်လျင် အဖေ သူ့ ငှက်ပျောပင်တွေကို ဂုဏ်ယူတော့မှာ မဟုတ်။ သူတို့ ရာဇ၀င်ကို သိလျင် ကျွန်တော့ အရင်ပင် အဖေ သူ့ ငှက်ပျောပင်တွေကို ခုတ်ပစ်မည် ထင်သည်။ အဖေရေ.. ဒါတွေက သဘာဝ ကို ဆန့်ကျင်ထားတဲ့ ဇီဝ သစ်သီးတွေ လေ။ လူတွေ ပုံစံသွင်းထားတဲ့ သဘာဝလွန် သစ်သီးတွေ ပါ အဖေ ရယ်။

လူသားဆန်ဆန် ရှင်သန်မှု

သမိုင်း၏ နိဂုံး (The End of History) ကို ရေးခဲ့တဲ့ ကမ္ဘာကျော် စာရေးစရာ Francis Fukuyama ရဲ့ စာအုပ်တစ်အုပ် ၂၀၀၂ ခုနှစ် က ထွက်ခဲ့သည်။ လူသားမဆန်တော့တဲ့ အနာဂတ် (Our Post-human Future) ဟု အမည် ပေးထား သည်။ ဇီဝနည်းပညာ တိုးတက်လာမှုနဲ့ လူသားဆန်စွာ နေထိုင်ခြင်းအကြောင်းကို ဆွေးနွေးထားသည်။ ကျွန်တော် အရမ်းကြိုက်တဲ့ ဆရာမင်းလူ ရဲ့ သင်္ခါရ အခွင့် အရေး ဆိုတဲ့ ဆောင်းပါးလိုပင်။ ဇီဝနည်းပညာ (Biotechnology) တိုးတက် လာတာနဲ့ အမျှ ကျွန်ုပ်တို့ လူသား ဆန်ဆန် ရှင်သန်ခွင့် နည်းပါးလာသည်။ မျိုးရိုးဗီဇ ပြောင်းလဲခြင်း နည်းပညာ (Genetic Engineering) အဆင့်မြင့် လာလေလေ လူသားဆန်ခွင့် နည်းပါးလာလေလေပင်။ အမေရိကန် နာမည်ကျော် သတင်းစာ ဆရာ Tom Wolfe ရဲ့ “စိတ်မကောင်းပါဘူးဗျာ၊ ခင်ဗျားရဲ့ ၀ိညာဉ် ခင်ဗျားကိုယ်မှာ မရှိတော့ဘူး” (Sorry, but Your Soul just died” ဆိုတဲ့ ဆောင်းပါး တစ်ခုမှာလည်း ဇီဝနည်းပညာ က ဒါဝင်ရဲ့ ဆင့်ကဲပြောင်းလဲခြင်း သီအိုရီ ကို နင်းခြေလိုက်သည်၊ ကျွန်ုပ်တို့ ပိုင်ဆိုင်တဲ့ ၀ိညာဉ်က ကျွန်ုပ်တို့ ၀ိညာဉ် မဟုတ်တော့ ဟု ဆိုထားသည်။ ရှင်သန်ခြင်းကို ကျွန်ပြူတာ ပရိုဂရမ် တစ်ခုလို ကျွန်ုပ်တို့ ဘ၀ထဲမှာ ထဲ့သွင်းထားတာ ခင်ဗျားရော လက်ခံနိုင်မှာလား။

အရမ်းရင်းနှီးတဲ့ သူငယ်ချင်း တစ်ယောက်နဲ့ ဘ၀ ခံယူချက်အကြောင်း ဆွေးနွေးဘူးသည်။ အဲဒီတုန်းက ကျွန်တော့ ကို သူမ က ဝေဖန်ခဲ့သည်။ ဘ၀ မှာ အထူးသဖြင့် လူမှု ဆက်ဆံရေးမှာ နှလုံးသား ခံစားချက် မပါဘဲ သီအိုရီ ကျကျ နေထိုင်တာကို ကန့်ကွက်ခဲ့သည်။ စိတ်ထဲမှာ ရှိသည့်အတိုင်း နေစေချင်ခဲ့သည်။ အကယ်၍ စိတ်ထဲမှာ ကိုယ်က သီအိုရီ အတိုင်း ပရိုဂရမ်တစ်ခုလို ရှိနေခဲ့ရင် လက်ရှိရနေတဲ့ ဘ၀ က အနှစ် သာရ မရှိတော့ဟု ဆိုသည်။ သူမ ဝေဖန် ချက်ကို ကျွန်တော် မငြင်းခဲ့။

မိတ်ဆွေရဲ့ဘ၀မှာ သဘောကျနှစ်သက် တဲ့ ကောင်မလေး (ကောင်လေး) တစ်ယောက်ရဲ့ ပုံကို ပြောပါ။ Plastic surgery နဲ့ ကျွန်တော် အတိအကျ ခွဲစိတ်ပေးထားတဲ့ တစ်ယောက်ကို ခင်ဗျားကို ပေးမယ် ဆိုရင် နှစ်နှစ်ကာကာ မြတ်နိုး နိုင်ပါ့မလား။ မိတ်ဆွေ လိုချင်တဲ့ စိတ်ထားအတိုင်း အတိအကျ ဖြစ်လာအောင် လူတစ်ယောက်ရဲ့ စိတ်ဓါတ် ကို ဇီဝနည်းပညာနဲ့ ပြောင်းလဲ ဖန်တီးပေးထားမယ် ဆိုရင်ကော သူ့ကို သဘောကျနိုင်ပါတော့မလား။ ကျွန်တော် လောင်းရဲသည် မိတ်ဆွေ လိုချင်တော့မှာ မဟုတ်တာ သေချာသည်။ ဒါဆိုရင် အခု ကျွန်တော်တို့ စားနေတဲ့ အစားအသောက် အသီးအနှံ တွေကိုရော ကိုယ်လိုချင်တဲ့ အနံ့အသက်၊ အရသာ၊ အရွယ်အစား အတိုင်း အတိအကျ ဖန်တီးထားတာတွေကရော လက်ခံနိုင်စရာ ရှိပါရဲ့လား။ ကြည့်ဘူးခဲ့တဲ့ သိပ္ပံရုပ်ရှင် ဇာတ်ကား တစ်ကားထဲကလို (ဇာတ်ကား အမည် မမှတ်မိတော့ပါ) ခန္ဓာကိုယ်က လိုအပ်တဲ့ ဗီတာမင်၊ သတ္တုဓါတ်၊ အာဟာရဓါတ်တွေ ကို ဓါတု ဆေးလုံးကလေးတွေ အဖြစ်ပြောင်းလဲပြီး၊ လိုအပ်သလောက် သောက်ပြီး ဘယ်သူနေနိုင်မှာလဲ။ ချဉ်ချဉ်စပ်စပ် ရောဂါရစေတဲ့ ရှောက်သီးသုတ်လို ငပိရည်တို့လို အစားအစာတွေ မစားဘဲ ကျန်းမာရေးအတွက် လိုအပ်တဲ့ ဆေးလုံး ကလေးတွေ စားပြီးတော့ အသက်ရှင်နေမယ် ဆိုရင်ရော ဘ၀က အဓိပ္ပါယ်ရှိတော့မှာလား။

တိုးတက်လာတဲ့ ဇီဝနည်းပညာ

ဇီဝနည်းပညာ တိုးတက်လာတာ ကို ကျွန်တော်အနေနဲ့ လည်း ကြိုဆိုပါတယ်။ တိုးတက်လာတဲ့ လူဦးရေကို လောက်ငှအောင် ကျွေးထားနိုင်ဖို့ အနည်းနဲ့ အများတော့ လိုအပ်ပါတယ်။ ဒီနေရာမှာ ဇီဝ နည်းပညာအကြောင်း နည်းနည်း မိတ်ဆက်ပေးပါရစေ။

ဒီဘက်ခေတ်မှာ လူသားတွေရဲ့ ဘ၀ ကို အဓိက ပြောင်းလဲလိုက်တဲ့ နည်းပညာ ၂ ခု ရှိပါတယ်။ တစ်ခုက အခု မိတ်ဆွေ သုံးနေတဲ့ အိုင်တီ နည်းပညာပါ။ အခု လူသားတော်တော်များများရဲ့ ဘ၀မှာ အိုင်တီ မရှိရင် အသက်မရှင်နိုင်တော့ သလိုကို ဖြစ်လာပါပြီ။ အီးမေးလ် မစစ်ရရင်၊ ဖေ့စ်ဘွတ်ခ် မသုံးရရင်၊ တယ်လီဖုန်း မရှိရင်၊ ကွန်ပြူတာ ဂိမ်း မဆော့ရရင်…. အသက်မရှင် နိုင်တော့ လောက်အောင် ဖြစ်နေတဲ့ သူတွေ အများကြီး ပါပဲ။ အင်တာနက် စနစ်သာ မရှိတော့ရင် လူမှု စနစ်ကြီး တစ်ခုလုံး ပျက်စီးသွားနိုင်တဲ့ အနေအထားတွေ အများကြီး ဖြစ်လို့နေပါပြီ။ ဘဏ်စနစ်တွေ၊ ပို့ဆောင်ရေး စနစ်တွေ၊ နောက် စစ်လက်နက် ထိန်းချုပ်မှု စနစ်တွေ ဒါတွေ အားလုံးက အိုင်တီ နည်းပညာ နဲ့ ထိန်းချုပ်ထားသလို ဖြစ်နေပါပြီ။ ကျောက်ခေတ်၊ သံခေတ်၊ စက်မှုခေတ်၊ ကိုလိုနီခေတ် တို့ ဆိုခဲ့သလို ဒီဘက်ခေတ်ကိုလည်း အိုင်တီခေတ်လို့ အတိအကျ သတ်မှတ်နိုင်တဲ့ အနေအထား ရောက်နေပါပြီ။

ဒုတိယ နည်းပညာ ထွန်းကားမှုက မျိုးရိုးဗီဇ ပြောင်းလဲခြင်းနည်းပညာ အခြေခံဖြစ်တဲ့ ဇီဝနည်းပညာ (Bio-technology) ပါပဲ။ သက်ရှိတွေ အားလုံးရဲ့ ဖြစ်ပေါ် ဖွဲ့စည်း တည်ရှိမှု အားလုံးကို အဓိက ချုပ်ကိုင်ထားတဲ့ DNA (Deoxyribonucleic Acid) လို့ခေါ်တဲ့ မျိုးရိုးဗီဇဆိုင်ရာ အချက်အလက် သိုမှီးရာ သေးမျှင်တဲ့ ပဋီဇီဝ ပစ္စည်းလေး တွေ ကို ပြုပြင်ပြောင်းလဲတဲ့ နည်းပညာပါ။ သက်ရှိတိုင်း သက်ရှိတိုင်းရဲ့ ဖြစ်ပေါ်တည်ရှိရာ ရှင်သန်ကြီးထွားရာ အသွင်အပြင် ရုပ်လဏ္ခာ အမူအကျင့် အားလုံးကို ထိန်းချုပ်ထားတဲ့ အရာလေးတွေပါ။ ဇီဝ နည်းပညာ ဆိုတာ အဲဒီ DNA မှာပါတဲ့ မျိုးရိုးဗီဇ အချက်အလက်တွေကို မိမိတို့ လိုချင်တဲ့ အချက်တွေ ကိုသာ ရှိစေအောင် ဖယ်သင့်တာ ဖယ်၊ ဖြည့်စွက်သင့်တာ ဖြည့်စွက်တဲ့ နည်းပညာပါ။ ပိုးမွှားဒဏ်မခံနိုင်တဲ့ အပင်တွက် ပိုးသတ်ဆေး ဖြန်းစရာ မလိုတော့ ပါဘူး။ ပိုးမွှားဒဏ်ကို ခံနိုင်စေတဲ့ မျိုးရိုးဗီဇ ကို ထည့်သွင်းလိုက်ရုံပါပဲ။ အဲဒါကို မျိုးရိုးဗီဇ ထည့်သွင်းခြင်း (Gene implantation) လုပ်တယ် လို့ ခေါ်ပါတယ်။ အသီးများများ သီးစေချင်ရင် အသီးသီးတာကို အားပေးတဲ့ မျိုးရိုးဗီဇ ကို ထည့်သွင်း၊ ဒါမှမဟုတ် အသီးများများ သီးစေတာကို တားဆီးတဲ့ မျိုးရိုးဗီဇ ကို ဖယ်ထုတ်ခြင်း (Gene exclusion) လုပ်လိုက်ရုံနဲ့ ကိုယ်လိုချင်တဲ့ ပုံစံရအောင် ဖန်တီးတာပါပဲ။

image

ရုပ်မလှတဲ့ မျိုးရိုးက မွေးလာမည့် ကလေးကို ရုပ်လှစေတဲ့ မျိုးရိုးဗီဇ ထည့်ပေးလိုက်တာနဲ့ ရုပ်ရည်ချောမော လာမှာပါ။ အရမ်းချဉ်တဲ့ သံပုရာသီးကို ချဉ်စေတဲ့ မျိုးရိုးဗီဇကို ဖယ်ထုတ် လိုက်ရင် ချဉ်မှာ မဟုတ်တော့ပါဘူး။ အိုင်တီ စကားနဲ့ ပြောရရင် ကိုယ်လိုချင်တဲ့ ပုံစံတစ်ခုရဖို့ ပရိုဂရမ် တစ်ခု အင်စတောလ် လုပ်လိုက်တာပါပဲ။

လွတ်လပ်စွာ ရှင်သန်ခြင်း

ကမ္ဘာကျော် တွေးခေါ်ပညာရှင် အရစ္စတိုတယ်လ် (Aristote) က လူ့အခွင့်အရေး (Human Right) ဆိုတာ လူသားဆန်စွာ နေထိုင်ခွင့် ရှိတာ လို့ ဆိုခဲ့ပါတယ်။ လူသားဆန်တယ် ဆိုတာကလည်း လူ့သဘာဝ (Human Nature) အတိုင်း လွတ်လပ်စွာ ရှင်သန် တာကို ဆိုလိုတာပါ။ မိမိဘ၀၊ မိမိဆန္ဒ၊ မိမိ စိတ်ခံစားချက်၊ မိမိ ယုံကြည်ချက် အတိုင်း သဘာဝ က ပေးလာတဲ့ အနေအထား အတိုင်း လွတ်လပ်စွာ ရှင်သန်တာကို ဆိုလိုတာပါ တဲ့။ အဲဒီလိုပဲ တိရစ္ဆာန် လေးတွေကို သူတို့ သဘာဝ အတိုင်း ရှင်သန်ခွင့်ပေးတာ တိရစ္ဆာန် အခွင့်အရေးပါ။ လှောင်အိမ် ထဲက ငှက်ကလေး တစ်ကောင်ဟာ သာမန်အားဖြင့် သူ့အတွက် လုံခြုံမှု ရှိပေမယ့် သူ ပျော်မှာ မဟုတ်ပါဘူး။ ခွေးလေး တွေကို လူ့မျက်လုံးနဲ့ ချစ်စရာ ကောင်းအောင် အရောင် ကြောင်ကြောင်ကြားကြား ကျွန်တော်တို့ ဖန်တီးပေးထား ပေမယ့် သူ့ဘ၀သူ အခြား ခွေးတွေလို သဘာဝ အတိုင်း ရှင်သန်ချင်မှာပါ။ ဒီလိုဆိုရင် ကျွန်တော်တို့ အပင်လေးတွေ ကရော……..။ သူတို့ကိုလည်း သူတို့သဘာဝအတိုင်း လွတ်လပ်စွာ ရှင်သန်ခွင့် ပေးကြရ အောင်လားဗျာ…….။

image