သစ်တောသမားတစ်ယောက်ရဲ့ ကိုယ်ပိုင်မှတ်စုလေးပါ၊ ဖတ်မိတာ၊ တွေးမိတာ၊ သဘောကျမိတာလေးတွေ ပြန်လည်ဝေမျှတာပါ...

Nov 2, 2011

ကမ္ဘာပေါ်တွင် အဓိက ပြုန်းတီးလျှက်ရှိသော သဘာဝ အရင်းအမြစ် ၆ မျိုး

၂၀၁၁ ခုနှစ် အောက်တိုဘာလ ၃၀ ရက်နေ့တွင် ကမ္ဘာ့ လူဦးရေ သန်း ၇ ထောင် ပြည့်ပြီဖြစ်ကြောင်း အတိအလင်း ကြေညာသည်။ တိုးတက်လာသည့် လူဦးရေနှင့်အတူ သဘာဝ အရင်းအမြစ် လိုအပ်ချက်မှာလည်း အဆမတန် တိုးမြင့်လာမှာ အမှန်ပင်။ ယနေ့ခေတ် ကမ္ဘာပေါ်တွင် လူ့ ပရောဂကြောင့် အဓိက ပြုန်းတီးနေသော သဘာဝ အရင်းအမြစ် ၆ မျိုးရှိသည် ဟု ဗြိတိန်အခြေစိုက် The Guardian သတင်းဂျာနယ်က ဆိုသည်။ အဆိုပါ သဘာဝ အရင်းအမြစ် ၆ မျိုးမှာ အောက်ပါတို့ ဖြစ်သည်။

(က) ရေ အရင်းအမြစ် (Water)

Hkakaborazi 2

ကမ္ဘာ့ပေါ်တွင် ကျွန်ုပ်တို့ သောက်သုံးနိုင်သော ရေမှာ စုစုပေါင်း ရေထုပမာဏ၏ ၂.၅ ရာခိုင် နှုန်း ခန့်သာရှိသည်။ ပမာဏအားဖြင့် ကုဗကီလိုမီတာ ၃၅ သန်း ခန့်သာ ရှိသည်။ သို့ရာတွင် အဆိုပါ သောက်သုံးနိုင်သော ရေ ပမာဏ၏ ၇၀ ရာခိုင်နှုန်းခန့်မှာ ရေခဲပြင်များ သို့မဟုတ် ဆီးနှင်း ဖုံးလွှမ်းလျက်ရှိသော ဒေသများ တွင် တည်ရှိရာ ကျွန်ုပ်တို့ အမှန်တကယ် အသုံးပြုနိုင်သော ပမာဏမှာ ကုဗကီလိုမီတာ ၂ သိန်းခန့်မျှပင် ကျန်ရှိသည်။ ဤပမာဏမှာ လက်ရှိ သန်း ၇၀၀၀ သော လူဦးရေအား လုံလောက်အောင် ထောက်ပံ့ပေးနိုင်ခြင်း မရှိသည်မှာ ထင်ရှားသည်။ ကမ္ဘာ့ စားနပ်ရိက္ခာအဖွဲ့ (FAO) ခန့်မှန်းချက်များအရ သက္ကရာဇ် ၂၀၂၅ ခုနှစ် တွင် ကမ္ဘာ့လူဦးရေ၏ ၁.၈ ဘီလီယံခန့်မှာ သောက်သုံးရေ ပြတ်လပ်မှုပြသနာများ ကြုံတွေနိုင်မည် ဟု ခန့်မှန်းတွက်ချက်ထားသည်။ ထို့ကြောင့် ကျွန်ုပ်တို့၏ သောက်သုံးရေများကို ယခုအချိန်ကတည်းက စတင်၍ ချွေတာသုံးစွဲနိုင်မှ တော်ကာကျမည် ဖြစ်သည်။

(ခ) ရေနံလောင်စာ (Oil)

image

ရေနံတွင်းထွက်လောင်စာအသုံးပြုမှုသည်လည်း ကြောက်ခမန်းလိလိ တိုးမြင့်လျှက်ရှိသည်။ ဘူမိဗေဒ ပညာရှင်များ၏ တွက်ချက်မှုအရ သက္ကရာဇ် ၂၀၁၀ တွင် ကမ္ဘာပေါ်ရှိ စုစုပေါင်း ရေနံ ပမာဏမှာ တန် ၁၈၈ သန်းခန့်သာ ကျန်ရှိတော့ကြောင်း ခန့်မှန်းထားသည်။ လက်ရှိသုံးစွဲမှုနှုန်း အတိုင်းသာ ဆက်လက်သုံးစွဲပါက နောင် နှစ်ပေါင်း ၄၆ နှစ် ခန့်တွင် ကမ္ဘာပေါ်တွင် ရေနံလောင်စာများ လုံးဝ ကုန်ခန်းသွားနိုင်သည်ဟု ခန့်မှန်းထားကြသည်။

(ဂ) သဘာဝ ဓါတ်ငွေ့ (Natural Gas)

image

ရေနံကဲ့သိုပင် ကမ္ဘာ့ သဘာဝဓါတ်ငွေ့ ပမာဏသည်လည်း လက်ရှိနှုန်းထားဖြင့် ဆက်လက် သုံးစွဲသွားပါက နောက် နှစ်ပေါင်း ၅၉ နှစ်အတွင်း သဘာဝ ဓါတ်ငွေ့တွင်းထွက်များ ကုန်ခမ်းသွားနိုင်သည်ဟု ခန့်မှန်းထားသည်။

(ဃ) ဖော့စဖောရပ် မြေဆီဓါတ် (Phosphorous)

image

သက်ရှိ သစ်ပင်များ အဓိက ရှင်သန်ကြီးထွားရန်အတွက် အဓိက လိုအပ်သည့် မြေဆီဓါတ်ဖြစ်သည်။ လက်ရှိ ဓါတ်မြေသြဇာ သုံးစွဲမှုနှုန်းအတိုင်း ဆက်လက်သုံးစွဲမည် ဆိုပါက နောင် နှစ်ပေါင်း ၅၀ မှ ၁၀၀ အတွင်း Phosphorous ဓါတ်မြေသြဇာများ ကုန်ခမ်းသွားနိုင်သည် ဟု ခန့်မှန်းထားပြန်သည်။ ၄င်းဓါတ်မြေသြဇာဓါတ် ကုန်ခမ်းသွားပါက လက်ရှိ သန်း ၇၀၀၀ သော လူဦးရေပမာဏအတွက် လုံလောက်သော အစားအစာများ ထုတ်လုပ်နိုင်တော့မည် မဟုတ်ပေ။

(င) ကျောက်မီးသွေး (Coal)

DSC02753

လက်ရှိ လောင်စာစွမ်းအင်အတွက် မရှိမဖြစ် လိုအပ်သော တွင်းထွက်လောင်စာဖြစ်သည်။ ကျွန်ုပ်တို့ ကမ္ဘာမြေကြီးအတွင်း နောင် နှစ်ပေါင်း ၁၈၈ နှစ် ခန့်အထိသာ လုံလောက်သော ပမာဏ ကျန်ရှိတော့သည်။

(စ) သတ္တုမြေ (Rare Earth)

image

ရှားပါး သတ္တုမြေ (Rare Earth) အမျိုးအစား ၁၇ မျိုးရှိသည်။ ယင်းတို့အနက် Scandium နှင့် Terbium ခေါ် သတ္တုဓါတ်စင် နှစ်မျိုးမှာ အလွန်အသုံးဝင်သည်။ အကြီးစား အီလက်ထရောနစ် Turbine များမှစပြီး Flat TV Screen များ၊ အိုင်ဖုန်းများတွင် အသုံးပြုသည့် အသေးငယ်ဆုံး အီလက်ထရောနစ် ဆားကစ်များအထိ ယင်း သတ္တုဓါတ်စင် ၂ မျိုးကို အသုံးပြုကြသည်။ လက်ရှိကမ္ဘာမြေထုအတွင်း မည်မျှကျန်ရှိသည်ကို မသိရှိရသေးသော်လည်း စုစုပေါင်း ဓါတ်စင်ထုတ်လုပ်မှုများ၏ ၉၇ ရာခိုင်နှုန်းခန့်မှာ တရုတ်နိုင်ငံ အတွင်း ထုတ်လုပ်လျှက်ရှိကြောင်း BBC သတင်းဆောင်းပါး တစ်ခုတွင် ဖော်ပြပါရှိသည်။ တရုတ်အစိုးရမှ ထုတ်လုပ်မှုကို ရပ်တန့်လိုက်ပါက ယင်းသတ္ထုဓါတ်စင်များ ရရှိရန် ခက်ခဲလာမည် ဖြစ်သည်။ Rare Earth ထုတ်လုပ်ခြင်းသည် သဘာဝ ပတ်ဝန်းကျင်ကို ဆိုးရွားစွာ ပျက်စီးစေနိုင်သော ဆောင်ရွက်ချက် တစ်ခုဖြစ်ကြောင်း မှတ်ချက်ပြုထားကြသည်။

မှီငြမ်း၊   ၊ The Guardian

1 comment:

  1. နောက်ထပ် အရင်းအမြစ် တစ်ခုချင်းစီအလိုက် ဘယ်လို ထိန်းသိမ်းရတယ် ဆိုတာလေးတွေပါ ဖတ်ချင်ပါသေးတယ်..း)

    ReplyDelete