သစ်တောသမားတစ်ယောက်ရဲ့ ကိုယ်ပိုင်မှတ်စုလေးပါ၊ ဖတ်မိတာ၊ တွေးမိတာ၊ သဘောကျမိတာလေးတွေ ပြန်လည်ဝေမျှတာပါ...

Nov 23, 2011

သစ်တစ်ပင်၏ အခွင့်အရေး

tree-569

အကယ်၍ သစ်ပင်တွေသာ စကားပြောတတ်လျင်၊ သစ်ပင်တွေသာ လှုပ်ရှားနိုင်မည် ဆိုလျင် ကျွန်ုပ်တို့ သစ်ပင်တွေကို ရက်ရက် စက်စက် ခုတ်လှဲတဲ့ အခါ၊ အမြစ်ကနေ အရှင်လတ်လတ် နှုတ်ယူတဲ့ အခါ သားသတ်ရုံက တိရစ္ဆာန်တွေလို လူးလွန့်ရုံးကန်နေမည်လား၊ ဒါမှမဟုတ် အော်ဟစ်ငြီးတွား နေလေမည်လား….။

တခါတလေ စဉ်းစားမိသည်။ ကျွန်ုပ်တို့ လူသားတွေပဲ ရက်စက်လွန်းနေလား၊ လောဘဇောပဲ မသတ်နိုင်တော့ လေသလား၊ ဒါမှမဟုတ် မစဉ်းစားနိုင် မတွေးခေါ်နိုင်ပဲ ဖြစ်နေကြသည်လား။ သူတို့မှာရော ကိုယ်ပိုင် အခွင့်အရေး မရှိသင့်ဘူးလား။ တရားမျှတကြပါ၊ လူတစ်ယောက်ရဲ့ အခွင့်အရေးကို လေးစားကြပါ၊ ဘာဖြစ်ကြပါ၊ ညာဖြစ်ကြပါ အော်နေကြတဲ့ လူတိုင်းကရော ဘာလို့ သစ်ပင်တွေရဲ့ အခွင့်အရေးကို မတောင်းဆိုပေးကြတာလဲ။

သစ်တောသမားတစ်ယောက်အနေနဲ့၊ အထူးသဖြင့် သစ်တောတွေကို စီးပွားရေးအကျိုးအမြတ်ရအောင် စီမံအုပ်ချုပ်ဖို့ စဉ်းစားတွေးခေါ်နေရသူ တစ်ယောက်အနေဖြင့် တခါတခါ အဲသလို ရူးကြောင်ကြောင် အတွေးအခေါ်တွေ ၀င်ဝင် လာတာ အတော် ဂွကျလှသည်။ ကိုယ့်ကိုယ်ကိုယ်လည်း စိတ်မလုံ။ အပြစ်ကြီးတစ်ခု ကျူးလွန်နေသလိုလည်း ခံစားမိသည်။ ဖြစ်လာမှတော့လည်း လက်တွေ့ ဘာမှ မတတ်နိုင်။ စိတ်ထဲက တွေးနေရုံသာ တတ်နိုင်တော့သည်။

aiu_Topiary_Lady3

တကယ်တော့ သစ်ပင်ဆိုတာ သက်ရှိတစ်ခု ပင်ဖြစ်သည်။ ဟုတ်ရဲ့လား ဟု မေးချင်မေးကြမည်။ ဟုတ်ပါတယ် ဟု ထောက်ခံချင် ထောက်ခံမည်။ မဟုတ်လောက်ပါဘူး ငြင်းချက် ထုတ်ချင် ထုတ်ကြမည်။ မည်သို့ဆိုစေ သိပ္ပံပညာ အခေါ်အဝေါ်အရ သစ်ပင်သည် သက်ရှိဖြစ်သည်။ သက်ရှိဆိုသည်မှာ အချိန်အပိုင်း အခြား တစ်ခု အထိ ဆက်တိုက် ရှင်သန်နေသော၊ ပတ်ဝန်းကျင်မှာ ဖြစ်ပျက်နေတာကို တုန့်ပြန်နိုင်သော၊ မျိုးပွားနိုင်သော၊ ကြီးထွားနိုင်သော၊ ဖွံ့ဖြိုးနိုင်သော၊ Homoeostasis ဟု ခေါ်သည့် မူလသဘာဝ ကို ရေရှည်ထိန်းသိမ်းထားနိုင်သော အစွမ်းသတ္တိ ရှိသော မည်သည့်အရာကို မဆို သက်ရှိအဖြစ် သတ်မှတ်သည်။ လူသားတွေ၊ သားငှက် တိရစ္ဆာန်တွေ၊ ဇီဝပိုးမွှားတွေ၊ အားလုံးကို သက်ရှိလို့ သတ်မှတ်သလို သစ်ပင်များကိုလည်း သက်ရှိလို့ သတ်မှတ်ကြသည်။ ဗုဒ္ဓဘုရား ကလည်း သစ်ပင်ကို သက်ရှိဖြစ်သည် ဟု သိပ္ပံပညာရှင်တွေ သက်သေမပြနိုင်ခင်ကတည်းက ဟောကြားခဲ့သည် ဆိုသည်ကို တစ်နေရာရာမှာ ဖတ်ခဲ့ဘူးသည်။ ဒါဆိုရင်တော့ ဘုရားဟောသည့် ပါဏာတိပါတာ ကို ပြန်လည် ဆန်းစစ်ရမလိုပင်။ Vegetarian အဖြစ် စားသောက်တာ တကယ်ပဲ သက်သတ်လွတ် ပါရဲ့လား။

တကယ်တော့ သစ်ပင်ဆိုတာ ကျွန်ုပ်တို့နည်းတူ ဤကမ္ဘာမြေကြီးပေါ်တွင် အသက်ရှင်နေထိုင်လျှက်ရှိသော များစွာသော သက်ရှိမျိုးစိတ်များထဲက တစ်ခုပင်ဖြစ်သည်။ အစာစားသည်၊ အညစ်အကြေးစွန့်သည်၊ မျိုးပွားသည်။ ကျွန်ုပ်တို့နှင့် မတူသည်မှာ သစ်ပင်များက မရွေ့လျှားနိုင်ခြင်းနှင့် စကား မပြောတတ်ခြင်းပင်ဖြစ်သည်။ အမှန်တော့ မရွှေ့လျားနိုင်တာမဟုတ်၊ သစ်ပင်၏ အမြစ်များက ရေရှိရာ အဟာရဓါတ်ရှိရာကို ရွှေ့လျားသွားလာကြသည်။ သစ်ရွက်များကလည်း နေရောင်ရှိရာဘက်သို့ ယိမ်းယိုင်မျက်နှာမူကြသည်။ ထို့အတူ နွယ်ပင်များကို ကြည့်လျှင် ၄င်းတို့ တွဲခိုစရာ အခြားအရာဝတ္တုများဆီသို့ ဦးတည်ရွှေ့လျားတတ်ကြသည်။ လူတွေ၊ တိရစ္ဆာန်တွေလို ခုန်ပေါက်ရွှေလျား၍ မရသည်သာ ရှိသည်။ ဒါကလည်း လောက သဘာဝအရ မလိုအပ်၍ မရွေ့လျားခြင်း ဖြစ်မည်ထင်သည်။ သစ်ပင်တွေမှာ ကိုယ်ပိုင် အစာချက်နိုင်စွမ်းရှိသည်။ အမြစ်ကလည်း မြေကြီးထဲမှာ အဟာရဓါတ်ကို ထုတ်ယူ သုံးစွဲနိုင်စွမ်းရှိသည်။ ကျွန်ုပ်တို့ လူသားတွေလို တိရစ္ဆာန်တွေလို ခုန်ပေါက်ပြေးလွှား အစာရှာစရာမလို။ သူတို့အတွက် အလိုလို ပြည့်စုံနေသည်။ ဒါ့ကြောင့်လည်း ကမ္ဘာပေါ်ရှိ သက်တမ်းအရှည်ဆုံး သက်ရှိမှာ သစ်ပင်တွေ ဖြစ်နေခြင်း ဖြစ်သည်။

ဒါတင်မက သစ်ပင်တွေ လည်း အချင်းချင်း တစ်နည်းနည်းဖြစ် ဆက်သွယ်ကြသည်ဟု သိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိထားသည်။ ၂၀၀၉ ခုနှစ် ထုတ် Ecological Letter Journal တွင် ကယ်လီဖိုးနီးယားတက္ကသိုလ်နှင့် ဂျပန်နိုင်ငံ ကျိုတို တက္ကသိုလ် တို့မှ ပညာရှင်များ ပူးပေါင်း သုတေသန ပြုထားသည့်  Self-recognition affects plant communication and defense ဟူသော စာတမ်းတွင် သစ်ပင်တွေမှာ မိမိနှင့် မျိုးစိတ်တူသူ (Self) နှင့် မျိုးစိတ် မတူသူ (Non-self) ဟူ၍ ခွဲခြားနိုင်စွမ်းရှိကြောင်းနှင့် ပိုးမွှားအန္တရာယ် တစ်ခုခုနှင့် ရင်ဆိုင်ရပါက မိမိတို့ မျိုးစိတ်အချင်းချင်း ဆက်သွယ် အသိပေးကြကြောင်း စမ်းသပ်တွေ့ရှိထားကြသည်။ ဒါ့အပြင် သစ်ပင်များတွင် Body Language ဖြင့် ဖော်ပြနိုင်သည့် အစွမ်းသတ္တိလည်းရှိကြသည်။ ဤသို့ဆိုလျှင် ကျွန်ုပ်တို့ အနေဖြင့် သစ်ပင်များကို သက်ရှိ အဖြစ် သတ်မှတ်သင့်သည် ဟု ထင်သည်။ သတ်သက်လွတ်စားပါသည် ဟု ဆိုသူများ သတိထား ဆင်ခြင်ရပေမည်။

image image

နောက်တစ်ချက်မှာ သစ်ပင်များသည် လူသားတို့အပေါ် ကောင်းကျိုးအပြုဆုံး သက်ရှိဟုပင် ဆိုရပေမည်။ ကျွန်ုပ်တို့ ရှူသွင်းနေသည့် လေကို သန့်စင်အောင် သန့်ရှင်းပေးသည်။ ကျွန်ုပ်တို့ ရှူထုတ်လိုက်သော၊ ကျွန်ုပ်တို့ အသုံးအဆောင်များမှ ထုတ်လွှတ်လိုက်သော ကာဗွန်ဒိုင်အောက်ဆိုဒ်ကို အောက်ဆီဂျင်အဖြစ် ပြန်လည် သန့်စင် ပေးသည်။ ကျွန်ုပ်တို့ စားသောက်နိုင်ရန် အသီးအရွက်များ ထောက်ပံ့ပေးသည်။ အမြစ်များက ရေကို သန့်စင်ပေးသည်။ တဖန် ကျွန်ုပ်တို့ နေစရာ၊ ၀တ်စရာနှင့် အခြား အသုံးအဆောင်များကို လည်း ထောက်ပံ့ပေးသည်။ သစ်ပင်၏ ကျေးဇူးကို ဖော်ပြလျှင် ကုန်နိုင်မည် မထင်လှ။ လူသားတွေက Symbiosis တို့ Co-evolution တို့ သာ အော်နေကြသည်။ အမှန်တော့ သစ်ပင်တွေက ကျွန်ုပ်တို့ လူသားတွေ ထံမှ ဘာမှ မလိုပေ။ ကျွန်ုပ်တို့ အကျိုးပြုတာ တစ်ခုပင်ရှိသည်။ သစ်ပင်မျိုးစိတ်တွေ မျိုးတုန်းသွားအောင် ခုတ်လှဲပစ်ခြင်းသာ ဖြစ်သည်။ ဒါကိုလည်း သစ်ပင်များက ဗွေမယူ၊ လူသားအကျိုးပြု အနေဖြင့်သာ ပေးဆပ်မြဲအတိုင်း ပေးဆပ်နေသည်။ အမှန်ဆိုရလျှင် မိဘကျေးဇူး ထက်မပိုတောင် မိဘကျေးဇူးထက် မလျော့။  ဤသို့ဆိုလျင် Vegetarian ဆိုသူများ ကျေးဇူးသိတတ်မည်ဆိုလျှင် Animarian အဖြစ် ပြောင်းလဲဖို့ စဉ်းစားကြဖို့ လိုလေပြီ။ တိရစ္ဆာန်ကျေးဇူးထက် အပင်ကျေးဇူးက များနေသည် မဟုတ်လား။

ကဲ ဒီလိုဆိုတော့ ကျွန်တော်တို့က အပင်တွေကို မထိဘဲ ဒီအတိုင်း အငတ်ခံရတော့မှာလား ဟု ပြောကောင်းပြောမည်။ မထိဘဲ နေစရာမလိုပါ။ အပင်တွေက အစကတည်းက စွန့်လွှတ်အနစ်နာ ခံပြီးသားပါ။ အချစ်အတွက် ပေးဆပ်ပါတယ် ဆိုသူတွေလို တဖက်လှည့်နဲ့ ရယူသွားကြတာ မဟုတ်ပါဘူး။ သူတို့ခန္ဓာကိုယ်ကို လုံးဝ ပေးဆပ်ထားတာပါ။ ကျွန်တော်တို့ စောင့်ထိန်းသင့်တာက သူတို့ အသက်အန္တာရာယ်ကို မထိခိုက်စေရုံတင်ပါ။ အခုနောက်တမျိုးလာတာက Biotechnology လို့ခေါ်တဲ့ ဇီဝနည်းပညာ။ ဖရုံသီးကို လှည်းဘီးလောက် ကြီးလို့ကြီး၊ မျိုးမတူတဲ့ အပင်တွေ အတင်း ပေးစားလို့ ပေးစား၊ ကိုယ်တွေကျတော့ အိမ်ထောင်တွေပြုကြ၊ သားသမီးမရရင်ဘဲ လူဖြစ်ရှုံးမတတ် ပူကြပန်ကြနဲ့ အပင်လေးတွေကျတော့ မျိုးမအောင်အောင် လုပ်လို့လုပ်၊ ၀တ်မှုန်အကူးမခံကြပဲ တစ်ရှူးကာလ်ချာလ် ပွားလို့ပွားနဲ့။ သူတို့လေးတွေလည်း ၀တ်မှုံကူးတယ်ဆိုတာ ဘာသာဘာဝ ပျော်မြူးကြတာပဲ မဟုတ်ပေဘူးလား။

aiu_pumpkin

သစ်ပင်တွေကို မသတ်ဘဲ သစ်ပင်တွေက သစ်သီးတွေ၊ သစ်ရွက်တွေ လိုသလောက် ခူးစားနိုင်သည်။ အရိပ်နေနေ အခပ်ချိုးချိုး ဆိုတာ တကယ်တော့ အပင်လိုက် ခုတ်လှဲ သတ်ဖြတ်သည့် သူများထက်တော့ ပိုကောင်းနေသည်။ အဆိုးဆုံးကတော့ မျိုးတုန်းအောင် အထိ ရက်စက်သူများ ပင်ဖြစ်သည်။ ကျွန်တော်တို့တတွေ ခင်ဗျားတို့တတွေ Human Right ၊ Wemen Right ၊ Animal Right တို့ ဟိုနေရာအော်၊ ဒီနေရာမှာ အော်နဲ့ ၊ Plant Right ကိုတော့ မည်သူမှ မအော်ကြ။ Plant Right ကို တောင်းဆိုဖို့၊ အပင်တွေဘက်ကနေ ရပ်တည်ပြောဆိုဖို့ တကယ်ပင် မေ့နေကြပြီးလား။ ကျွန်ုပ်တို့ ၀တ္တရား ပျက်ကွက်နေသည်ဟု ထင်မိပါသည်။

Nov 17, 2011

NASA Landset 1990-2000 ဂြိုလ်တု ဓါတ်ပုံများ

NASA Website က Free ပေးထားတဲ့ NASA_Landset TM_L_4-5 ဂြိုလ်တု ဓါတ်ပုံ တွေပါ။ မြန်မာနိုင်ငံ ဧရိယာ အတွက် Land Cover Image များဖြစ်ပြီး၊ ၁၉၉၀ ခုနှစ် ဓါတ်ပုံများနဲ့ ၂၀၀၀ ခုနှစ် က ဓါတ်ပုံများ ပါဝင် ပါတယ်။ Multiresolution Seamless Image Database (.sid file extension နဲ့ .met file extension) file များပါဝင်ပါတယ်။ File size များတဲ့အတွက် ပြည်တွင်းမှာ ဒေါင်းလုတ် လုပ်ရန် အဆင်မပြေနိုင်ပါ။ NASA Website ကို ၀င်လို့ မရတဲ့ သူများအတွက် ရည်ရွယ်ပြီး ဒီနေရာမှာ တင်ပေးထားပါတယ်။ ဓါတ်ပုံအလိုက် မိမိ လိုအပ်သည့် အပိုင်းကိုပဲ ရွေးချယ် ဒေါင်းလုတ် လုပ်နိုင်အောင် တစ်ပုံခြင်းစီ ခွဲပြီး တင်ပေးထား ပါတယ်။

N-46-25 N-47-25

1990 Image Download

2000 Image Download

1990 Image Download

2000 Image Download

N-46-20 N-47-20

1990 Image Download

2000 Image Download

1990 Image Download

2000 Image Download

N-46-15 N-47-15_2000

1990 Image Download

2000 Image Download

1990 Image Download

2000 Image Download

  N-47-10
 

1990 Image Download

2000 Image Download

 

N-47-05

 

1990 Image Download

2000 Image Download

Nov 16, 2011

သဘာဝဘေးအန္တရာယ်တွေ ပိုးမိုဆိုးရွားလာနိုင်မှာလား

image

၂၀၁၂ ခုနှစ်တွင် ကမ္ဘာပျက်မည်ဟု ဘာသာကြီး အချို့က ဟောကိန်းထုတ်ကြသည်။ အမှန်တကယ် ဖြစ်လာမည် ဖြစ်မလာဘူး ဆိုသည်ကတော့ စောင့်ကြည့်ရုံပင်။ သို့ရာတွင် လက်တွေ့ကာလတွင်ရော ကျွန်ုပ်တို့ ကမ္ဘာကြီးတွင် ဘာတွေဖြစ်နေသနည်း။ ၂၀၁၁ ခုနှစ် တစ်ခုတည်းမှာပင် သဘာဝ ဘေးအန္တရာယ်ဆိုးတွေ ဘယ်နှစ်ကြိမ်ဖြစ်ခဲ့ပြီလဲ။ ဆူနာမီတွေ၊ ဆိုင်ကလုန်းတွေ၊ ဟာရီကိန်းတွေ ဖြစ်လိုက်ကြတာ မနည်း။ ပျက်စီးဆုံးရှုံးမှုများက မရေမတွက် နိုင်။ အသက်စွန့်သွားရသူတွေလည်း မနည်း။ သူတို့အတွက်တော့ ကမ္ဘာပျက်သည့် နှယ် ခံစားသွားခဲ့ကြရမှာ သေချာသည်။ စိတ်မကောင်းရုံမှလွဲပြီး ဘာမှ မတတ်နိုင်။ မိမိအလှည့် ဘယ်အချိန်ရောက်လာမည် မသိ။ ဘယ်သူမပြု မိမိမှု ဟူသည့် မြန်မာစကားပုံနှယ်။ တကယ့်ကို ဘယ်သူမပြု မိမိမှုသာပင်။

ဘာသာရေးအဆိုအရ ကိုယ်ပြုသည့်ကံ ကိုယ်သာခံရမည် တဲ့။ ဗုဒ္ဓဘာသာကလည်း ဆိုသည်။ ခရစ်ယာန်၊ ဟိန္ဒူ၊ အစ္စလမ် ဘာသာတိုင်းလိုလို ထိုသို့ဆိုခဲ့သည်။ ဤအဆိုအရဆိုလျှင် ယခု သဘာဝ ဘေးအန္တရာယ်ဆိုးတွေဖြစ်လာ သည်မှာ ကျွန်ုပ်တို့  လူသားတွေ ဘာတွေလုပ်ခဲ့၍လဲ။ ဘာတွေ မှားခဲ့၍လည်း။

အဖြေကရှင်းသည်။ ကျွန်ုပ်တို့ ကမ္ဘာကြီး အပေါ် အလေးမထား၊ respect မရှိခဲ့ကြပဲ အတ္တနောက်သို့ ကောက်ကောက် ပါအောင် လိုက်ခဲ့ကြ၍ပင် ဖြစ်သည်။ ကျွန်ုပ်တို့ ကမ္ဘာကြီးကို ညစ်ညမ်းအောင် ပြုလုပ်ခဲ့သည်။ သဘာဝ အရင်းအမြစ် တွေကို လိုအပ်သည်ထက် ပိုမို သုံးစွဲခဲ့သည်။ သဘာဝ တရားကို လွန်ဆန်ခဲ့သည်။ Nature Dignity ကို မေ့လျော့ခဲ့ကြသည်။ ကျွန်ုပ်တို့ ဘိုးဘေးတွေ စိတ်တိုင်းကျ ကမ္ဘာကြီးကို ဖျက်ဆီးသွားကြသည်။ တွင်းထွက်လောင်စာတွေ အဆမတန် ဖြုန်းတီးခဲ့သည်။ လေထုကို ညစ်ညမ်းအောင် လုပ်ခဲ့သည်။ သက်ရှိတွေ ရပ်တည်ရန် မရှိမဖြစ် လိုအပ်သည့် သစ်ပင်သစ်တောတွေ အဆမတန် ခုတ်လှဲခဲ့သည်။ ဂေဟစနစ်တွေ ဖျက်ဆီးခဲ့သည်။ ကျွန်ုပ်တို့ကို ခရမ်းလွန်ရောင်ခြည် ဒဏ်က ကာကွယ်ပေးထားသည့် အိုဇုန်းလွှာကို ဖျက်ဆီးစေခဲ့သည်။ မုန်တိုင်းတွေကို ကာကွယ် ထားသည့် လေကာဒိုင်း (Wind Shear) တွေကို ဖျက်ဆီးခဲ့သည်။

image

သူတို့တွေ စိတ်တိုင်းကျ ဖျက်ဆီးသွားခဲ့တာ အကြောင်းမဟုတ်။ အခု သူတို့ အပြစ်တွေ ကျွန်ုပ်တို့ မျိုးဆက်တွေ စုပြုံ ခံစားနေရသည်။ သေကြ၊ ကြေကြ၊ အိုးပျက် အိမ်ပျက်နှင့် ဒုက္ခတွေ ပင်လယ် ဝေနေကြရသည်။ ဘယ်သူ့ကို သွားပြီး စောတက တက်ရမည်နည်း။ ဘယ်သူ့ကိုမှ စောတက တက်၍ မရ။ တရားခံအားလုံး လူ့လောကမှ မရှိကြတော့။ ဘာမှ မတတ်နိုင်။

ဘန်ကောက်မြို့ ကြီး ရေအောက်ရောက်နေတာကို ကြည့်။ ဘယ်သူတွေ Plan ချခဲ့တာလည်း။ Drainage system, Sewage system တွေ ဘယ်သူတွေ ရေးခဲ့တာလဲ။ လွန်ခဲ့တဲ့ နှစ် ၅၀ ခန့်က ဖြစ်ချင်ဖြစ်မည်။ နှစ် ၁၀၀ ခန့် က ဖြစ်ချင်ဖြစ်ခဲ့မည်။ ဒါပေမယ့် အခု လည်စင်းခံနေရသည်က လက်ရှိမျိုးဆက်။ ကျွန်တော်တို့ရဲ့ မဟာ ရန်ကုန် ကြီးရော ဘန်ကောက်လို မဖြစ်လာနိုင်ဘူးလား။ နောက် ၄၊ ၅ နှစ် ခန့်တွင်ပင် ဖြစ်လာနိုင်သည်ဟု ထင်သည်။ ဘန်ကောက် မြို့ထက် အဆ ဘယ်လောက် စနစ်ကျသလဲ၊ အဆ ဘယ်လောက် စနစ် မကျဘူးလဲ။ ဘန်ကောက် မရောက်ဘူးသည့် ကလေး တောင် သိမည် ထင်သည်။ ဒါဆို ကျွန်တော်တို့ကရော ဒီအတိုင်း အဖြစ်ခံမှာလား။ ပါးစပ်ပိတ် လက်ပိုက်ပြီး ကြည့်နေကြမှာလား။

အရေးကြီးတာက ကျွန်တော်တို့ရဲ့ အနာဂတ် မျိုးဆက်တွေ။ သူတို့တတွေရော ကျွန်တော်တို့လို ဒုက္ခခံကြ ရအုံး မှာလား။ လူ့လောက ကို ရောက်ရောက်ခြင်း၊ လောကအကြောင်း ဘာမှ မသိသေးခင်မှာ ဘေးအန္တရာယ်ဆိုး တွေကို ခါးဆီး ခံစေမှာလား။ ကျွန်တော်တို့ ကရော သူတို့တတွေကို ထပ်ပြီး ဒုက္ခပေးနေကြအုံးမှာလား။ အားလုံး စဉ်းစား စေချင်သည်။

အခု လက်ရှိကာလကို ကြည့်။ မုန်တိုင်းတွေ၊ ငလျှင်တွေ၊ သဘာဝ ဘေးအန္တရာယ်တွေ။ ဒါတွေအားလုံး ရပ်တန့်သွားမှာလား။ ဘယ်နည်းနဲ့မှ မဖြစ်နိုင်တော့။ Adaptation တွေ၊ Mitigation တွေ ဘာမှ မတတ်နိုင်။ ဂျပန်မှာ ဆူနာမီ ဖြစ်သည်။ စီးပွားရေး ထပ်ဆုံးနားမှာရှိသည့် နိုင်ငံတောင် ဘာမှမတတ်နိုင်။ ကျွန်တော်တို့ တတွေ နာဂစ်မှာ အလူးအလဲ ခံခဲ့ရတာ အပြစ်မဆိုသာ။ ဖြေသာသည် မဟုတ်ပေမယ့် ရှောင်လွှဲလို့ မလွယ် ဆိုသည်ကိုတော့ လက်ခံရပေမည်။ နောင်မဖြစ်အောင် ကာကွယ်ရန်သာလိုသည်။

image

မုန်တိုင်းဆိုသည်မှာ သဘာဝ ဘေးအန္တရာယ်ဆိုပေမယ့် သဘာဝ အလျှောက် ခဏခဏ ဖြစ်လာသည်မဟုတ်။ သိပ္ပံပညာရှင်များ၏ အဆိုအရ မုန်တိုင်းတွေ ခဏ ခဏ ဖြစ်လာရသည်မှာ လေထု ညစ်ညမ်းမှုကြောင့် ဖြစ်သည် ဟု ဆိုသည်။ သုတေသန တစ်ခုအဆိုအရ ၁၉၇၉ ခုနှစ်က စ၍ ၂၀၁၀ ခုနှစ်အထိ လေထုညစ်ညမ်းမှု မြင့်မားလာသည်နှင့် အမျှ အပူပိုင်း မုတ်သုန် ဆိုင်ကလုန်းဖြစ်ပွားမှု ပမာဏ လည်း များလာသည်ဟု ဆိုသည်။ လေထုထဲတွင် Haze လို့ ခေါ်သည့် မြူမှုန်ပမာဏ တိုးမြင့်လာသည်နှင့် အမျှ မုန်တိုင်း ဖြစ်ပွားနိုင်မှု အလားအလာ မြင့်မားလာသလို၊ ဖြစ်လာသမျှ မုန်တိုင်းများကိုလည်း ကုန်းတွင်းပိုင်းသို့ ၀င်ရောက်နိုင်မှု မြင့်မားစေသည်။

ပညာရှင်တို့ အဆိုအရ ၁၉၆၀ ခုနှစ် နောက်ပိုင်း အိန္ဒိယ သမုဒ္ဒရာ အပေါ်ရှိ လေထု ထဲတွင် Aerosol ဟု ခေါ်သည့် လေထု ညစ်ညမ်းစေသော အမှုန်အမွှား ပမာဏ မှာ ၆ ဆ ခန့် မြင့်မားလာသည် ဟု ဆိုသည်။ လက်ရှိ အခြေအနေတွင် သမုဒ္ဒရာ ရေပြင် အထက်တွင် မီတာ ၃၀၀၀ ခန့် အထူရှိသော Aerosol အလွှာ ဖြစ်ပေါ်နေသည် ဟု ဆိုသည်။ အဆိုပါ Aerosol အလွှာတည်ရှိနေခြင်းက သမုဒ္ဒရာ မျက်နှာပြင် အပူချိန်ကို လျော့နည်းစေပြီး၊ Wind Shear ဟု ခေါ်သည့် မုန်တိုင်း မဖြစ်ပေါ်စေရန် ကာကွယ်ပေးထားသော အလွှာကို လျော့နည်းစေသည်။ အကျိုးဆက်အားဖြစ် အင်အားကြီးမားသော ဆိုင်ကလုန်းမုန်တိုင်းတွေ ဖြစ်စေနိုင်သည်ဟု ဤစာတမ်း က ဆိုသည်။ Wind Shear အလွှာ လျော့နည်းသည်နှင့် အမျှ လေတိုက်နှုန်း ပိုမို မြင့်မားလာစေသည် ဟူ ၍ လည်း ထပ်မံ သက်သေပြထားသည်။

image

ဤသို့ဆိုလျှင် လေထုထဲရှိ Aerosol အလွှာ မည်သို့ ဖြစ်လာသနည်း။ စဉ်းစားရန်မလို။ စက်ရုံ အလုပ်ရုံ၊ မော်တော်ယာဉ် များက ထုတ်လွှတ်သည့် ဆာလဖာ ဒိုင် အောက်ဆိုဒ် (Sulpha Dioxide) နှင့် ကာဗွန်ဒိုင်အောက်ဆိုဒ် (Carbon Dioxide) တို့ ၏ အကျိုးရလာဒ်ပင်။ ဒါ့အပြင် ကျွန်ုပ်တို့ နေ့စဉ် အသုံးပြုနေသည့် ထင်း၊ မီးသွေး လောင်ကျွမ်းရာမှလည်း ဖြစ်နိုင်သည်။ အမှိုက်ပုံများ မီးရှို့ရာကလည်း ဖြစ်နိုင်သည်။ တရုတ်ဆိုင်ကယ် ကို ဟိုဟို ဒီဒီ လမ်းသလားရာကလည်း ဖြစ်နိုင်သည်။ အင်ဂျင်ကျနေသည့် မော်တော်ကားကို လီဗာအတင်း နင်းတာကလည်း ဖြစ်နိုင်သည်။ ကျွန်ုပ်တို့ ဂရုမပြုမိခဲ့သည့် အသေးအဖွဲ ကိစ္စတော်တော်များများက မုန်တိုင်းတွေ ဖြစ်စေနိုင်သည့် အကြောင်းအရင်းတွေ ဖြစ်နေသည်။ ခြိမ်းခြောက်လိုခြင်းမဟုတ်။ လက်ရှိမုန်တိုင်းများထက် ပိုမို ဆိုးရွားသည့် မုန်တိုင်းများ ဖြစ်လာနိုင်သည်မှာ အသေအချာပင်ဖြစ်သည်။ ကျွန်ုပ်တို့ ဘယ်လို ပြင်ဆင်ကြမည်နည်း။

သဘ၀ ဘေးအန္တရာယ်တွေကို ကျွန်ု့်တို့ ကိုယ်တိုင် (သို့မဟုတ်) ကျွန်ုပ်တို့ မျိုးဆက်တွေကို လည်စဉ်း ခံစေမလား။ မိမိတို့ ပြုမူ နေထိုင်လျက်ရှိသည့် အကျင့်ဆိုးများကို ပြင်ဆင်မည်လား။ ဘယ်သူမပြု မိမိမှု ဟူ၍ပင်….။

Nov 5, 2011

လူဦးရေ တိုးပွားမှုနှင့် စားနပ်ရိက္ခာ ရှားပါးမှု ပြသနာ

၂၀၁၁ ခုနှစ် အောက်တိုဘာလ ၃၁ ရက်နေ့တွင် ကမ္ဘာ့လူဦးရေ သန်း ၇ ထောင် ပြည့်ပြီဖြစ်ကြောင်းနှင့် သက္ကရာဇ် ၂၀၅၀ တွင် သန်း ၉ ထောင် ပြည့်နိုင်မည်ဖြစ်ကြောင်း ကြေညာသည်။ ထိုကြေညာချက်နှင့် အတူ ကမ္ဘာ့ နိုင်ငံ အသီးသီး မှ ခေါင်းဆောင်များ၊ ပညာရှင်များကြား ဖြေရှင်းရခက်သည့် မေးခွန်းဟောင်း တစ်ခုကို ဖြေရှင်းရန် ထပ်မံ လှုံ့ဆော် လိုက်သကဲ့သို့ရှိ၏။

“သန်း ၇ ထောင် သော ကမ္ဘာ့လူဦးရေအတွက် အစားအစာ လုံလောက်အာင် ကျွန်ုပ်တို့ မည်ကဲ့သို့ စီစဉ်ဆောင်ရွက် ရမည်နည်း။”

image

လူဦးရေ အဆမတန် တိုးတက်လာခြင်း နှင့်အတူ တဖက်ကလည်း သဘာဝ ဘေးအန္တရာယ်ဆိုးတွေ တစ်ခုပြီး တစ်ခု တိုးကာ တိုးကာ ဖြစ်ပေါ်လာသည်။ ကမ္ဘာတ၀ှမ်း ရေကြီးရေလျံသည့် သတင်းမှာ အထူးအဆန်း မဟုတ်တော့။ အထူးသဖြင့် အာရှတိုက်နှင့် အမေရိက တိုက်တို့တွင် ရေကြီးရေလျံမှု ပြသနာတွေ နှစ်စဉ်လိုလို ကြုံတွေ့နေရသည်။ အလားတူပင် မုန်တိုင်းဒဏ်က တမျိုး၊ ငလျှင် ဒဏ်က တစ်ဖုံနှင့် ဆုံးရှုံးမှုတွေက ဒေါ်လာ သန်းထောင်နဲ့ သောင်းနဲ့ချီ၍ ပင်။ ကမ္ဘာ့ စိုက်ပျိုးမြေ စုစုပေါင်း၏ သုံးပုံ တစ်ပုံခန့်မှာလည်း ရာသီဥတုဒဏ်ကြောင့် ပျက်ဆီးပြုန်းတီးလျှက်ရှိကာ နှစ် ၅၀ အတွင်း စိုက်ပျိုးမြေအဖြစ်မှ စွန့်လွှတ်လိုက်ရသည် ဟူ၍ လည်း ဆောင်းပါးတစ်ပုဒ်က ဆိုသည်။ ကဲ.. ကျွန်ုပ်တို့ ရှေ့ဆက်ပြီး ဘာလုပ်ကြမည်နည်း..။

ပြောင်းလဲလာသည့် ရာသီဥတုအခြေအနေနှင့်  အဆမတန် တိုးပွားလာသည့် လူဦးရေတိုးတက်မှု တို့အကြား ရင်ကြားစေ့ ဖြေရှင်းနိုင်သည်မှာ ဇီဝနည်းပညာ (Bio-technology) သာလျှင် ဖြစ်သည် ဟု ဇီဝနည်းပညာရှင်တွေက ဆိုကြသည်။  တဖက်ကလည်း လူဦးရေတိုးပွားမှုကို ထိန်းချုပ်နိုင်မှသာ၊ အထူးသဖြင့် အမျိုးသမီးများ၏ အခွင့်အရေး (Gender equity)၊ တစ်အိမ်ထောင် ကလေးတစ်ယောက်ဥပဒေ (One child policy)၊ မတော်တဆ သားသမီးရရှိမှု (Unplanned pregnancy) လျော့ကျရေး၊ စတဲ့ လူဦးရေထိန်းချုပ်မှုတွေ ဆောင်ရွက်လာကြသည်။ ဒါကလည်း လူ့အခွင့်အရေးအရ ကန့်သတ်ချက်တွေ ရှိနေသည်။ မိသားစုတိုင်း သားသမီးလိုချင်တာကို တားဆီး၍ မရနိုင်။ မတားဆီးသင့် ဟူ၍လည်း ထင်သည်။ image

 အခြားတဖက်တွင် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးသမားဟု ဆိုသူ များက သဘာဝ ကို သဘာဝ အတိုင်း ရှိနေစေချင်ကြသည်။ ဇီဝနည်းပညာ (Bio-technology) ဖြင့် ဖန်တီးထားသော မျိုးရိုးဗီဇ ပြုပြင် ပြောင်းလဲ ထားသည့် အသီးအနှံများ (Genetically Modified Organism) များကို “သဘာဝကို ဆန့်ကျင်သည်၊ သဘာဝ မျိုးစိတ်များကို အန္တရာယ် ပေးနိုင်သည်” ဟု ဆိုကာ ကန့်ကွက်ကြသည်။ ဓါတ်မြေသြဇာ အသုံးပြုမှုများကို ဆန့်ကျင်ကြသည်။ ပိုးသတ်ဆေး အသုံးပြုသည့် စိုက်ပျိုး သီးနှံများကို ရှုံ့ချကြသည်။

ဒါ့အပြင် တဖက်ကလည်း အစားအသောက် စားသုံးမှု စနစ် (Consumption Pattern) မှာ လိုအပ်သည်ထက် ပိုနေသည်။ ကျွန်ုပ်တို့ လူသားတွေ အရသာ ခံလွန်းကြသည်။ လက်ရှိ စားသောက်မှု စနစ်အရ ကျွနိုပ်တို့ တစ်နှစ်စာ (၃၆၅ ရက်) စာ စားသောက်နေသော အစားအစာ ပမာဏကို ကမ္ဘာမြေကြီးအနေဖြင့် ထုတ်လုပ်ဖြည့်ဆည်းပေးရန် ရက်ပေါင်း (၅၁၁ ရက်) ကြာလိုအပ်သည် ဟု ပညာရှင်များ တွက်ချက်ထားကြသည်။ ဤသို့ဆိုလျှင် ကျွနိုပ်တို့ စားသောက်မှု စနစ်ကို ပြည်လည်ဆန်းစစ်ဖို့ မလိုအပ်ပေလော။ မည်သို့ပင် ဖြစ်စေ ကမ္ဘာ့ စားနပ်ရိက္ခာတွေများမှာ တစ်နေ့တခြား လျော့နည်း ရှားပါးလာလျှက်ရှိသည်။ မေးပြီးသား မေးခွန်းတစ်ခုကို ပြန်မေးချင်သည်။ ကျွနိုပ်တို့ ဘာလုပ်သင့် သနည်း။

ပထမအဆင့် ရိုးရိုးဖြေရလျှင် ကျွနိုပ်တို့ ခြွှေတာ ကြရမည်။ စီးပွားရေးအရ ခြွေတာတာ မဟုတ်ဘဲ ကျွန်ုပ်တို့ အားလုံး မြန်မြန်ဆန်ဆန် မငတ်မွတ်စေရန် ခြွေတာဖို့ လိုအပ်မည်။ လက်ရှိ ကျွန်ုပ်တို့ မီးဖိုခြောင်ထဲက အမှိုက်ပုံးထဲမှာ၊ ထမင်း စားပွဲပေါ်က စားကြွင်း စားကျန် တွေထဲမှာ၊ ကျွန်ုပ်တို့အတွက် လိုအပ်သော ကယ်လိုရီတွေ ဘယ်လောက်များများ စွန့်ပစ် လိုက်ရပြီလဲ။ သုတေသန ပြုလုပ်ချက်တွေအရ လက်ရှိ အမေရိကန်နိုင်ငံတွင် နှစ်စဉ် အစားအစာ ကုဗတန် သန်း ၅၀ ခန့် (အမေရိကန် ဒေါ်လာ သန်း ၂၀၀ တန်ဖိုး) ခန့်ကို စွန့်ပစ် ဖြုန်းတီးနေကြသည်ဟု ဆိုသည်။ တက္ကဆတ်ယူနီဗာ စီတီ က သုတေသနပြုချက်အရ အဆိုပါ တစ်နှစ်စာ စွန့်ပစ် စားသောက်ကုန် (Food Waste) ပမာဏမှာ တစ်နှစ်လျင် ဇီဝလောင်စာ စည် သန်း ၃၅၀ ခန့်နှင့် ညီမျှသည့် ပမာဏ ရှိသည်ဟု ဆိုသည်။ တစ်ကမ္ဘာလုံးစာ စွန့်ပစ် စားသောက် ကုန် ပမာဏ မည်မျှရှိမည် ဆိုသည်မှာ ခန့်မှန်းကြည့်သည်ထက်ပင် ပို၍များမည် ဆိုသည်မှာ မြေကြီး လက်ခတ် မလွဲပင်။

image

အစားအစာ လေလွင့်ဆုံးရှုံးမှုများမှာ စားသုံးမှု အပိုင်းတွင်သာ မဟုတ်၊ ထုတ်လုပ်မှု (Production) အပိုင်းတွင်လည်း များစွာ လေလွင့်လျှက်ရှိပေသည်။ သုတေသန ပြုလုပ်ချက်များအရ ရုရှနိုင်ငံတွင် သီးနှံရိတ်သိမ်းမှု အလေအလွင့်မှာ စုစုပေါင်း ထုတ်လုပ်မှု၏ ၆၀ % ခန့်ရှိသည်ဟု ခန့်မှန်းထားကြသည်။ အိန္ဒိယတွင် ၃၅ % ခန့် လေလွင့်သည် ဟုလည်း ဆိုသည်။ အဆိုပါ ကျန်ရှိသည့် ၄၀% သို့မဟုတ် ၆၅ %  သော ကောက်ပဲ သီးနှံများ၏ ၃၀ % ခန့်မှာလည်း ဥရောပ စားသောက်ကုန် စက်ရုံကြီးများတွင် အဆင့်ဆင့် ထုတ်လုပ်စဉ် လေလွင့် ဆုံးရှုံးသွားသည်ဟု ဆိုသည်။ ဤသို့ဆိုလျှင် သီးနှံရိတ်သိမ်း ထုတ်လုပ်မှုအဆင့်ဆင့် (Processing chain) တွင် နည်းပညာတိုးမြှင့်ကာ လေလွင့်ဆုံးရှုံးမှုများ လျော့နည်းလာစေရန် စီမံခန့်ခွဲဆောင်ရွက်ဖို့ လိုအပ်ပေသည်။ သီးနှံနှင့် အစားအသောက် သိုလှောင်မှု စနစ်များ ပိုမိုမြင့်များစေရန် နည်းပညာများ လိုအပ်သည်။

လေလွင့်ဆုံးရှုံးမှုများ လျော့ချသလို တဖက်ကလည်း ထုတ်လုပ်မှုကို မြင့်တင်ရန် လိုအပ်သည်။ ကျွန်ုပ်တို့ ကမ္ဘာ မြေကြီး ၏ ထုတ်လုပ်နိုင်မှု စွမ်းရည် (productivity) ကို အပြည့်အ၀ အသုံးချနိုင်ခြင်း မရှိသေးပါဟု အစီရင်ခံစာ အချို့က ဆိုသည်။ စိုက်ပျိုးထုတ်လုပ်မှု စနစ် (Agricultural production system) ကို ပြုပြင်ရပေမည်။ သမားရိုးကျ စိုက်ပျိုးနည်းများဖြင့် ဆက်လက် စိုက်ပျိုး သွားရန် မဖြစ်နိုင်တော့ပေ။ ၂၀၁၁ ခုနှစ် နှစ်ဆန်းပိုင်းထုတ် The Economist သတင်းစာမှ သတင်းဆောင်းပါး တစ်ပုဒ် တွင် အာဖရိကရှိ လယ်သမားများအနေဖြင့် ဥရောပမှ နည်းပညာအတိုင်း ဂျုံ စမ်းသပ် စိုက်ပျိုးထုတ်လုပ်ရာ အာဖရီက တိုက်တွင်လည်း ဥရောပတိုက် ကဲ့သို့ အထွက်နှုန်း အညီအမျှ ထွက်ရှိသည် ဟု ဆိုသည်။ ဤသို့ဆိုလျှင် မြေဆီမြေသြဇာ ပိုမိုကောင်းမွန်သော ကျွန်ုပ်တို့ အာရှတိုက် အတွက် နည်းပညာ မြင့်မားပါက အထွက်နှုန်းမှာ ပြောစရာပင်မလိုပေ။

DSC02728

သီးနှံစိုက်ပျိုးထုတ်လုပ်မှု မြင့်တင်ခြင်းသာမက တဖက်ကလည်း မွေးမြူရေး ကဏ္ဍကို ပိုမို အလေးထားရန် လိုအပ်ပေ သည်။ မွေးမြူရေးစနစ်ကို ပိုမိုစနစ်ကျစေရန်၊ အထူးသဖြင့် ကူးစက်ရောဂါများ ပိုမိုလျော့ပါး လာစေရန် နည်းပညာတီထွင်မှုတွေ လိုအပ်လျှက်ရှိနေသေးသည်။ ဥပမာ ဥစားကြက် မွေးမြူရေးအတွက် ကြက်ငှက်တုပ်ကွေး (Avian flu) ရောဂါဒဏ်ကို ခံနိုင်သော မျိုးစိတ်များကို ဇီဝ နည်းပညာဖြင့် တီထွင်နိုင်သည့် အနေအထား ကို ရောက်ရှိနေသည်ဖြစ်ရာ နည်းပညာကို စနစ်တကျ အသုံးချရန်သာ လိုအပ်ပေသည်။ ဘာသာရေး အယူဝါဒ များကိုလည်း ဖယ်သင့်သလောက် ဘေးဘယ်ထားသင့်သည်ဟု ထင်သည်။ မိမိတို့ ယုံကြည်ထားသည့် ၀ါဒ အချို့ကို ပွင့်လင်းစွာ ပြန်လည် ဆန်းစစ်ကာ ဇီဝနည်းပညာ ကို အထိုက်အလျောက် လက်ခံယုံကြည်ကြရန်လည်း အရေးကြီး ပေသည်။ တစ်ဖက်ကလည်း ပညာရှင်များအနေဖြင့် အစားအစာ ဖူလုံစေရန် ကုန်းမြေပေါ်တွင်သာမက ပင်လယ် သမုဒ္ဒရာ ရေအောက်ရှိ အဟာရဓါတ် ကြွယ်ဝလှသည့် Microalgeae ကဲ့သို့သော ရေနေအပင်မျိုးစိတ်များနှင်း အခြား ပင်လယ်ထွက် ပစ္စည်းများမှ အစားအစာ များ ထုတ်လုပ်သုံးစွဲနိုင်ရန် ကြိုးပမ်းလျှက်ရှိနေသည်ဟုလည်း ကြားသိရ သည်။

imageimage

 

 

 

 

 

 

ထိုသို့ဆိုလျှင် ကျွန်ုပ်တို့ သားစဉ်မြေးဆက် အစားအစာ ငတ်မွတ်မှု ဒဏ်ကို ရှောင်ကွင်းနိုင်ပြီလားဟု မေးစရာ ရှိလာသည်။ အထိုက်အလျောက်တော့ ဖြေရှင်းပေးနိုင်မည် ဖြစ်သည်။ သို့သော် တိုးမြင့်လာသည့် လူဦးရေတိုးပွားမှု နှုန်းမှာ ကြောက်စရာကောင်းလှသည်။ မိမိ လူ့လောကသို့ ရောက်ရှိချိန် ၁၉၈၀ ကျော် အချိန်က ကမ္ဘာ့လူဦးရေမှာ သန်း ၄ ထောင်ကျော် ခန့်ပင် ရှိနေသေးသည်။ ယခု နှစ်သုံးဆယ် မပြည့်မှီ သန်း ၃ ထောင် ပိုများလာသည်။ နောက် နှစ် သုံးဆယ် အတွင်း နောက်ထပ် သန်း ၃ ထောင် တိုးပွားရန်မှာ သေချာသလောက်ပင်။ ဤသို့ဆိုလျှင် ကျွန်ုပ်တို့ သား မြေးများ လက်ထက်တွင်လည်း ကျွန်ုပ်တို့ ပြုန်းတီးစေလိုက်သော ကမ္ဘာမြေကြီး၊ ကျွန်ုပ်တို့ ညစ်ညမ်း စေလိုက်သော သဘာဝ ပတ်ဝန်းကျင်နှင့် ကျွန်ုပ်တို့ တိုးမြှင့်ပေး လိုက်သော လူဦးရေ ပေါက်ကွဲမှု တို့အကြား လူးကာ လွန့်ကာဖြင့် ရုန်းကန် နေရမည်မှာ အသေအချာပင် ဖြစ်ပေသည်။ ကဲ ကျွန်ုပ်တို့ ဘာလုပ်သင့်သည် ဟု ထင်ပါသနည်း။

Nov 2, 2011

Charles Darwin and the Tree of Life

BBC အစီအစဉ် ကြေညာသူ David Attenborough စီစဉ် တင်ဆက်တဲ့ Charles Darwin and the Tree of Life ဆိုတဲ့ TV Series ပါ။ ကမ္ဘာပေါ်မှာ သက်ရှိတွေ ဘယ်လို စတင် ဖြစ်ပေါ်လာသလဲ... လူသည် မျောက်က ဆင်းသက်လာသည်ဟူသော သိပ္ပံပညာရှင် Charles Darwin ရဲ့ ရှာဖွေတွေ့ရှိမှုကို သက်သေပြ တင်ဆက်ထားပါသည်။ ကြာချိန် တစ်နာရီခန့် ရှိပါသည်။



[Mega-video တွင် တင်ထားခြင်းဖြစ်ပါ၍ Play အား တစ်ချက် Click ပြီး အစီမ်းရောင် Play ပေါ်လာပါမှ ထပ်မံ Click ပြီး ကြည့်ရှုပါရန်]

ကမ္ဘာပေါ်တွင် အဓိက ပြုန်းတီးလျှက်ရှိသော သဘာဝ အရင်းအမြစ် ၆ မျိုး

၂၀၁၁ ခုနှစ် အောက်တိုဘာလ ၃၀ ရက်နေ့တွင် ကမ္ဘာ့ လူဦးရေ သန်း ၇ ထောင် ပြည့်ပြီဖြစ်ကြောင်း အတိအလင်း ကြေညာသည်။ တိုးတက်လာသည့် လူဦးရေနှင့်အတူ သဘာဝ အရင်းအမြစ် လိုအပ်ချက်မှာလည်း အဆမတန် တိုးမြင့်လာမှာ အမှန်ပင်။ ယနေ့ခေတ် ကမ္ဘာပေါ်တွင် လူ့ ပရောဂကြောင့် အဓိက ပြုန်းတီးနေသော သဘာဝ အရင်းအမြစ် ၆ မျိုးရှိသည် ဟု ဗြိတိန်အခြေစိုက် The Guardian သတင်းဂျာနယ်က ဆိုသည်။ အဆိုပါ သဘာဝ အရင်းအမြစ် ၆ မျိုးမှာ အောက်ပါတို့ ဖြစ်သည်။

(က) ရေ အရင်းအမြစ် (Water)

Hkakaborazi 2

ကမ္ဘာ့ပေါ်တွင် ကျွန်ုပ်တို့ သောက်သုံးနိုင်သော ရေမှာ စုစုပေါင်း ရေထုပမာဏ၏ ၂.၅ ရာခိုင် နှုန်း ခန့်သာရှိသည်။ ပမာဏအားဖြင့် ကုဗကီလိုမီတာ ၃၅ သန်း ခန့်သာ ရှိသည်။ သို့ရာတွင် အဆိုပါ သောက်သုံးနိုင်သော ရေ ပမာဏ၏ ၇၀ ရာခိုင်နှုန်းခန့်မှာ ရေခဲပြင်များ သို့မဟုတ် ဆီးနှင်း ဖုံးလွှမ်းလျက်ရှိသော ဒေသများ တွင် တည်ရှိရာ ကျွန်ုပ်တို့ အမှန်တကယ် အသုံးပြုနိုင်သော ပမာဏမှာ ကုဗကီလိုမီတာ ၂ သိန်းခန့်မျှပင် ကျန်ရှိသည်။ ဤပမာဏမှာ လက်ရှိ သန်း ၇၀၀၀ သော လူဦးရေအား လုံလောက်အောင် ထောက်ပံ့ပေးနိုင်ခြင်း မရှိသည်မှာ ထင်ရှားသည်။ ကမ္ဘာ့ စားနပ်ရိက္ခာအဖွဲ့ (FAO) ခန့်မှန်းချက်များအရ သက္ကရာဇ် ၂၀၂၅ ခုနှစ် တွင် ကမ္ဘာ့လူဦးရေ၏ ၁.၈ ဘီလီယံခန့်မှာ သောက်သုံးရေ ပြတ်လပ်မှုပြသနာများ ကြုံတွေနိုင်မည် ဟု ခန့်မှန်းတွက်ချက်ထားသည်။ ထို့ကြောင့် ကျွန်ုပ်တို့၏ သောက်သုံးရေများကို ယခုအချိန်ကတည်းက စတင်၍ ချွေတာသုံးစွဲနိုင်မှ တော်ကာကျမည် ဖြစ်သည်။

(ခ) ရေနံလောင်စာ (Oil)

image

ရေနံတွင်းထွက်လောင်စာအသုံးပြုမှုသည်လည်း ကြောက်ခမန်းလိလိ တိုးမြင့်လျှက်ရှိသည်။ ဘူမိဗေဒ ပညာရှင်များ၏ တွက်ချက်မှုအရ သက္ကရာဇ် ၂၀၁၀ တွင် ကမ္ဘာပေါ်ရှိ စုစုပေါင်း ရေနံ ပမာဏမှာ တန် ၁၈၈ သန်းခန့်သာ ကျန်ရှိတော့ကြောင်း ခန့်မှန်းထားသည်။ လက်ရှိသုံးစွဲမှုနှုန်း အတိုင်းသာ ဆက်လက်သုံးစွဲပါက နောင် နှစ်ပေါင်း ၄၆ နှစ် ခန့်တွင် ကမ္ဘာပေါ်တွင် ရေနံလောင်စာများ လုံးဝ ကုန်ခန်းသွားနိုင်သည်ဟု ခန့်မှန်းထားကြသည်။

(ဂ) သဘာဝ ဓါတ်ငွေ့ (Natural Gas)

image

ရေနံကဲ့သိုပင် ကမ္ဘာ့ သဘာဝဓါတ်ငွေ့ ပမာဏသည်လည်း လက်ရှိနှုန်းထားဖြင့် ဆက်လက် သုံးစွဲသွားပါက နောက် နှစ်ပေါင်း ၅၉ နှစ်အတွင်း သဘာဝ ဓါတ်ငွေ့တွင်းထွက်များ ကုန်ခမ်းသွားနိုင်သည်ဟု ခန့်မှန်းထားသည်။

(ဃ) ဖော့စဖောရပ် မြေဆီဓါတ် (Phosphorous)

image

သက်ရှိ သစ်ပင်များ အဓိက ရှင်သန်ကြီးထွားရန်အတွက် အဓိက လိုအပ်သည့် မြေဆီဓါတ်ဖြစ်သည်။ လက်ရှိ ဓါတ်မြေသြဇာ သုံးစွဲမှုနှုန်းအတိုင်း ဆက်လက်သုံးစွဲမည် ဆိုပါက နောင် နှစ်ပေါင်း ၅၀ မှ ၁၀၀ အတွင်း Phosphorous ဓါတ်မြေသြဇာများ ကုန်ခမ်းသွားနိုင်သည် ဟု ခန့်မှန်းထားပြန်သည်။ ၄င်းဓါတ်မြေသြဇာဓါတ် ကုန်ခမ်းသွားပါက လက်ရှိ သန်း ၇၀၀၀ သော လူဦးရေပမာဏအတွက် လုံလောက်သော အစားအစာများ ထုတ်လုပ်နိုင်တော့မည် မဟုတ်ပေ။

(င) ကျောက်မီးသွေး (Coal)

DSC02753

လက်ရှိ လောင်စာစွမ်းအင်အတွက် မရှိမဖြစ် လိုအပ်သော တွင်းထွက်လောင်စာဖြစ်သည်။ ကျွန်ုပ်တို့ ကမ္ဘာမြေကြီးအတွင်း နောင် နှစ်ပေါင်း ၁၈၈ နှစ် ခန့်အထိသာ လုံလောက်သော ပမာဏ ကျန်ရှိတော့သည်။

(စ) သတ္တုမြေ (Rare Earth)

image

ရှားပါး သတ္တုမြေ (Rare Earth) အမျိုးအစား ၁၇ မျိုးရှိသည်။ ယင်းတို့အနက် Scandium နှင့် Terbium ခေါ် သတ္တုဓါတ်စင် နှစ်မျိုးမှာ အလွန်အသုံးဝင်သည်။ အကြီးစား အီလက်ထရောနစ် Turbine များမှစပြီး Flat TV Screen များ၊ အိုင်ဖုန်းများတွင် အသုံးပြုသည့် အသေးငယ်ဆုံး အီလက်ထရောနစ် ဆားကစ်များအထိ ယင်း သတ္တုဓါတ်စင် ၂ မျိုးကို အသုံးပြုကြသည်။ လက်ရှိကမ္ဘာမြေထုအတွင်း မည်မျှကျန်ရှိသည်ကို မသိရှိရသေးသော်လည်း စုစုပေါင်း ဓါတ်စင်ထုတ်လုပ်မှုများ၏ ၉၇ ရာခိုင်နှုန်းခန့်မှာ တရုတ်နိုင်ငံ အတွင်း ထုတ်လုပ်လျှက်ရှိကြောင်း BBC သတင်းဆောင်းပါး တစ်ခုတွင် ဖော်ပြပါရှိသည်။ တရုတ်အစိုးရမှ ထုတ်လုပ်မှုကို ရပ်တန့်လိုက်ပါက ယင်းသတ္ထုဓါတ်စင်များ ရရှိရန် ခက်ခဲလာမည် ဖြစ်သည်။ Rare Earth ထုတ်လုပ်ခြင်းသည် သဘာဝ ပတ်ဝန်းကျင်ကို ဆိုးရွားစွာ ပျက်စီးစေနိုင်သော ဆောင်ရွက်ချက် တစ်ခုဖြစ်ကြောင်း မှတ်ချက်ပြုထားကြသည်။

မှီငြမ်း၊   ၊ The Guardian